Tuesday, March 4, 2008

မက်တာအင်ဖက်တမင်း ထုတ်လုပ်မှုတွင် မြန်မာဗိုလ်စွဲ

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချရေးတွင် တစုံတရာ တိုးတက်မှု ရရှိခဲ့သော်လည်း မက်တာ အင်ဖက်တမင်း ထုတ်လုပ်မှုတွင် မြန်မာနိုင်ငံ ဗိုလ်စွဲလျက်ရှိပြီး ဒေသတွင်း အကြီးအကျယ် ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု အမေရိကန် အစိုးရက ပြောဆိုလိုက်ပါသည်။
“ရွှေတြိဂံဒေသ” ဟု လူသိများသော ထိုဒေသကို ယခုအခါ အင်ဖက်တမင်းပုံစံ စိတ်ကြွဆေး ထုတ်လုပ်မှုများ တိုးတက်လာခြင်းကြောင့် “အိုက်စ်တြိဂံ” ဟုလည်း ရည်ညွှန်း ခေါ်ဝေါ်နေကြသည်။ ဤ တရားမဝင် မူးယစ်ဆေးဝါး အရောင်းအဝယ်ကို နှိမ်နင်းရန် မြန်မာအစိုးရ အနေဖြင့် ပြည်တွင်းပြည်ပ မူးယစ်နှိမ်နင်းရေး အဖွဲ့များဖြင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး သေနင်္ဂဗျူဟာ ၂ဝဝ၈ ခုနှစ် အစီရင်ခံစာက သတိပေး ဖေါ်ပြထားပါသည်။
လေ့လာ တွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ မူးယစ်ကုန်ကူးမှုများသည် တရုတ်ပြည်မှ ဂိုဏ်းများနှင့် မကြာခဏ ပူးပေါင်း ဆောင်ရွက်လေ့ရှိကြောင်း တွေ့ရှိသည်ဟု ဆိုသည်။
သို့သော် မြန်မာနိုင်ငံ အနေဖြင့် “မူးယစ်ဆေးဝါး အသုံးပြုမှု ထိန်းချုပ်ခြင်းကို အိမ်နီးချင်း နိုင်ငံများနှင့် တက်တက်ကြွကြွ လက်တွဲဆောင်ရွက်လျက် ရှိကြောင်း”၊ တရုတ်နိုင်ငံသည် ဒေသတွင်း မူးယစ်ဆေးဝါး အများအပြား ထုတ်လုပ်သည့် ဒေသများ၌ ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးစေခြင်းကို အဓိက အကူအညီ ပေးလျက်ရှိပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်ရန်မှာ မြန်မာအစိုးရ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၊ တိုင်းရင်းသား အုပ်စုများတို့ဖြင့် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အဆိုပါ အစီရင်ခံစာကပင် ဆက်လက် ဖေါ်ပြထားပါသည်။
“ရေရှည်ခံမည့် စစ်မှန်သော ဘိန်းအစားထိုး လုပ်ငန်း သေနင်္ဂဗျူဟာသည် ဘိန်းပပျောက်ရေးနှင့် ထိရောက်သော ဥပဒေဖြင့် ထိန်းချုပ်မှုများဖြင့် ပေါင်းစပ် လုပ်ကိုင်ရမည်၊ ယခင် ဘိန်းစိုက်ပျိုးသော တောင်သူများအား ကူညီ ထောက်ပံ့ရေးနှင့် ပြင်ပ အကူအညီကို တံခါးဖွင့် ကြိုဆိုခြင်း အပါအဝင် အခြား ရွေးချယ်စရာ ဖွံ့ဖြိုးမှု အစီအစဉ်များလည်း ရှိရမည် ဖြစ်သည်” ဟု အဆိုပါ လေ့လာမှု အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။
မက်တာအင်ဖက်တမင်း ထုတ်လုပ်မှု တိုးပွါးလာခြင်းနှင့် အထူးသဖြင့် ရှမ်းပြည် အထူးဒေသ အမှတ် (၂) ဟု ခေါ်တွင်သော ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ရာ ဝ ဒေသတွင် ဘိန်းစိုက်ပျိုးမှု အလွန်အမင်း ကျဆင်းသွားပြီး တဘက်တွင် မက်တာအင်ဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှု အလွန်အမင်း တိုးတက်လာခြင်းအတွက် ဝတိုင်းရင်းသား အုပ်စု၏ အကြီးအကျယ် ပါဝင် ပတ်သက်နေမှုကို အစီရင်ခံစာက ကွက်၍ မီးမောင်းထိုး ဖေါ်ပြထားသည်။
ဘိန်းစိုက်ပျိုးမှု ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ၂၁၅ဝဝ ဟက်တာမှ ၂၇၇ဝဝ ဟက်တာအထိ ၂၉% တိုးတက်လာခဲ့သော်လည်း မြန်မာနိုင်ငံသည် အာဖဂန်နစ်စတန်နှင့် နှိုင်းစာလျှင် ကမ္ဘာ့ ဘိန်းကုန်သွယ်မှုတွင် ပါဝင်နေမှု အလွန်နည်းသည်။ အာဖဂန်နစ်စတန် နိုင်ငံသည် ကမ္ဘာ့ ဘိန်းကုန်သွယ်မှုတွင် ၅၅% ရှိပြီး မြန်မာနိုင်ငံသည် ၅% ကျော်ကျော်သာ ရှိကာ ခပ်လှမ်းလှမ်းမှ ဒုတိယ လိုက်နေသည်။
၁၉၉၈ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း ၁၃ဝ၃ဝဝ ရှိပြီး ယခု ၂ဝဝ၇ ခုနှစ်တွင် ဘိန်းအထွက် တိုးလာသည်မှာ ဈေးကောင်းရခြင်းနှင့် ရာသီဥတု ကောင်းမွန်မှုကြောင့် ဖြစ်သည်ဟု သိရသည်။
မူးယစ်ဆေးဝါး လုပ်ငန်းက တိုင်းပြည်၏ ဘဏ္ဍရေးစနစ်ကို ခြိမ်းခြောက်နေခြင်းကိုလည်း ၂ဝဝ၈ ခုနှစ် နိုင်ငံတကာ အစီရင်ခံစာက ဖေါ်ပြထားသည်။
“တိုင်းပြည်တွင် မဖွံ့ဖြိုးသေးသော ဘဏ္ဍာရေးကဏ္ဍနှင့် တရားမဝင် ကုန်သွယ်ရေး ကြီးမားစွာ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများတွင် မူးယစ်ဆေးဝါးမှ ရငွေများ ဝင်ရောက်လာမည့် အန္တရာယ် ရှိမြဲရှိနေသည်” ဟု မြန်မာနိုင်ငံသည် ငွေမဲခဝါချ လုပ်ငန်းတွင် အချက်အချာ ဖြစ်လာနိုင်သည့် အနေအထား ရှိနေပုံကို ရည်ညွှန်း ဖေါ်ပြထားသည်။
ဘိန်းထုတ်လုပ်မှုနှင့် ဘိန်းအခြေခံ မဟုတ်သော မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် မြန်မာနိုင်ငံ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို လျှော့မတွက်သော်လည်း ပထဝီဝင် အနေအထားနှင့် လက်တွေ့ ဈေးကွက် အနေအထားများအရ ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်နိုင်ငံအတွက် ပိုအန္တရာယ်ကြီးသည်ဟု ဂျွန်ဆင်က ပြောဆိုသွားသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နင်းမှုဆိုင်ရာ တာဝန်ယူမှုအပိုင်းတွင် မြန်မာနှင့် ဗင်နီဇွဲလား နှစ်နိုင်ငံစလုံးသည် ၂ဝဝ၇ ခုနှစ်အတွင်း၌ “မအောင်မြင်ကြောင်း သက်သေပြခဲ့ပြီး” ဖြစ်သည်ဟု အမေရိကန်က ယူဆသည်။

No comments: