Friday, March 21, 2008

မြန်မာဒီမိုအင်အားစုများ တိဘက်ဆန္ဒပြသူများနှင့် ပူးပေါင်း

မြင့်မောင်(မဇ္ဈိမသတင်းဌာန )
နယူးဒေလီ။ ။ တိဘက်ဒေသတွင် တရုတ်အစိုးရက ဆန္ဒပြ ရဟန်းတော်များနှင့် အရပ်သားများကို အင်အားသုံး ဖြိုခွင်းခြင်းကို ကန့်ကွက် ဆန္ဒပြသည့် အဝေးရောက် တိဘက်တို့၏ ဆန္ဒပြပွဲသို့ မြန်မာ ရဟန်းတော်များလည်း ပူးပေါင်းခဲ့ကြသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်တွင် တိဘက်အမျိုးသမီးများနှင့် လူငယ်အဖွဲ့များက တိဘက်မြို့တော် လာဆာတွင် သွေးမြေကျ နှိမ်နင်းမှုကို ဆန္ဒပြရာ ရွေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမှ သံဃာတော်များနှင့် ဒီမိုကရေစီလိုလားသူ ၅ဝ ခန့်က သွေးစည်း ညီညွတ်ကြောင်း ပြသကြသည်။
"တရုတ်အစိုးရက တိဘက်ပြည်သူတွေကို အကြမ်းဖက်နေမှုကို သူတို့နဲ့ ထပ်တူထပ်မျှ ခံစားရတယ် ဆိုတာကို ပြသခဲ့ကြပါတယ်။ အကြမ်းဖက်တဲ့ တရုတ်အစိုးရကို ရှုံ့ချ ဆန္ဒပြကြခြင်း ဖြစ်တယ်" ဟု ဆန္ဒပြပွဲ စီစဉ်သူ ချင်းကျောင်းသားလူငယ် ကိုဆန်းငါက ပြောသည်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ ပုံတူ အရုပ်များကို မီးရှို့ကာ "ဝမ်ကြားပေါင် ကျဆုံးပါစေ" ဟူသော ကြွေးကြော်သံများ အော်ဟစ်သည့် ဆန္ဒပြပွဲသို့ ဒေလီတက္ကသိုလ် ကျောင်းသားများလည်း ပူးပေါင်းခဲ့သည်။
"တိဘက်ပြည်သူတွေကလည်း အာဏာရှင် လက်အောက် ရောက်နေတယ်။ တိဘက်နဲ့ ဘုန်းဘုန်းတို့နဲ့ ဘာသာချင်းလည်း တူတယ်။ လူသားအချင်းချင်း ဖိနှိပ်တာကို ဘယ်သူကပဲ ဖိနှိပ်နှိပ် လက်မခံချင်ဘူး။ သူတို့က ငြိမ်းချမ်းရေးအတွက်၊ လွတ်မြောက်မှုအတွက် သူတို့လှုပ်ရှားမှုကို မြှင့်တင်နေတာ ဖြစ်တယ်" ဟု အိန္ဒိယအခြေစိုက် မြန်မာ့ သံဃာ့ဥသျှောင်အဖွဲ့၏ ဥက္ကဌ ဆရာတော် ဦးပညာဝရက မိန့်သည်။
တိဘက်တွင် ယခုရက်ပိုင်းအတွင်းက ဆူပူ အုံကြွမှုများ ဖြစ်ပွားပြီး တရုတ်အစိုးရက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့မှုများရှိကာ လူ ၉၉ ယောက် သေဆုံးခဲ့ရသည်ဟု အိန္ဒိယအခြေစိုက် အဝေးရောက် တိဘက်အစိုးရက ကြေညာထားသည်။ တရုတ်တို့ကမူ လူ ၁၃ ဦးသာ သေဆုံးခဲ့ပြီး ဆူပူသူ လူအုပ်စု၏ အကြမ်းဖက်ခံရမှုကြောင့် ဟု ပြောဆိုထားပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်လားမားက ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဘုန်းတော်ကြီး ဒလိုင်လားမားက ယတိပြတ် ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ အဝေးရောက် တိဘက်အစိုးရ အခြေစိုက်ရာ ဒရမ်ဆာလာရှိ ရုံးခန်းများတွင် လာရောက် ပြုလုပ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
"တရုတ်အစိုးရနဲ့ မြန်မာအစိုးရက ဆရာတပည့်ပဲ။ အတူတူပါပဲ။ အာဏာထိရင် ဘုရားကိုတောင် ညှာမှာ မဟုတ်ဘူး။ အခု ကြည့်လေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ရဟန်းတော်တွေကို ပစ်ခတ် သတ်ဖြတ်ပစ်တယ်။ မြန်မာအစိုးရ အတိုင်းပဲ။ အာဏာရှင်ဆိုတာ သူ့အာဏာကို လာထိရင် ဘယ်သူမှ ခံမှာ မဟုတ်ဘူး။ တိဘက်နဲ့ ဗမာ တော်လှန်ရေးဟာ အတူတူပဲ။ အတူတူ ခံစားရတယ်" ဟု ဆရာတော် ဦးပညာဝရက ဆက်လက် မိန့်ကြားသည်။
တရုတ်နိုင်ငံ ဘေဂျင်းတွင် သြဂုတ်လတွင် ပြုလုပ်မည့် အိုလံပစ် အားကစားပွဲကို သပိတ်မှောက် ဆန့်ကျင်သင့်ကြောင်း ဆရာတော်က မိန့်ဆိုသွားသည်။
၂ဝ ရာစုနှစ် မတိုင်မီအထိ တိဘက်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေခဲ့ကြသော်လည်း တိဘက်ဒေသသည် တရုတ်အချုပ်အချာတွင် တသားတည်း တည်ရှိကြောင်း တရုတ်က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
၁၉၅၉ ခုနှစ်တွင် မအောင်မြင်သော ပုန်ကုန်မှုကို ဦးဆောင်ခဲ့ပြီးနောက် တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။

No comments: