Thursday, March 27, 2008

ဒုတိယ လွတ်လပ်ရေးအတွက် ဦးဆောင်ပါ (ဆောင်းပါး)

မောင်နိုးသာအောင်
"အဆိုးဆုံးအတွက် ပြင်ဆင်ပြီး။ အကောင်းဆုံးအတွက် မျှော်လင့်ပါ"
(We are prepared for the worst and we hope for the best)
၁၉၄၇ ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကို လွတ်လပ်ရေး တောင်းဖို့အသွား နယူးဒေလီမြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်တော့ ဗိုလ်ချုပ်က အကောင်းဆုံးအတွက် မျှော်လင့်ထားပေမယ့်လို့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ် ဆိုတဲ့စကားကို ရှေ့နောက် ပြောင်းထားတယ် ဆိုတာ အားလုံးသိကြမှာပါ၊ ဗိုလ်ချုပ်ရဲ့ ဒီစကားဟာ စကားသက်သက်မျှ မဟုတ်ပါဘူး၊ တကယ်တော့ ဗြိတိသျှအစိုးရကို ဗိုလ်ချုပ်က ရာဇသံ ပေးလိုက်တာ ဖြစ်ပါတယ်။
နေမဝင် အင်ပါယာကြီးကို ရာဇသံပေးလိုက်တယ် ပြောတော့ ရယ်ချင် ရယ်မိကြပါလိမ့်မယ်၊ တကယ်တော့ အဲဒီအချိန်မှာ ဗြိတိသျှဟာ နေမဝင် အင်ပါယာ မဟုတ်တော့ပါဘူး၊ နေဝင်တော့မယ့် အင်ပါယာ ဖြစ်ပါတယ်၊ ဒုတိယ ကမ္ဘာစစ်မှာ ဗြိတိန်က စစ်နိုင်တယ် ဆိုပေမယ့် ပြာပုံဘဝ ရောက်တော့မယ့် အခြေဆိုက် နေပါတယ်၊ ချာချီနဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီက ဥရောပဟာ ကမ္ဘာ၌ သမိုင်းကို မောင်းနှင်သူတွေ ဖြစ်တယ်ဆိုတဲ့ သမိုင်းလမ်းဟောင်းဆီ ပြန်သွားချင်ကြပေမယ့် နိုင်ငံရေး အနေအထားသစ်တွေက သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဆိုတာ ဝေးသည်ထက် ဝေးလာစေခဲ့ပါတယ်၊ လေဘာပါတီကတော့ အဲသလို မဟုတ်ပါဘူး၊ ဒါကြောင့် အဲဒီအချိန်က အာဏာရ လေဘာပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ် အက်တလီကတော့ ဗိုလ်ချုပ်ကို ဖိတ်ခေါ်ပြီး လွတ်လပ်ရေးအတွက် စကားပြောခဲ့ပါတယ်၊ ဒါကတော့ ဗြိတိန်ဘက်က အနေအထားကို ပြောပြတာပါ၊ ဗိုလ်ချုပ်ဘက်ကရော၊ ကျနော်တို့ကြည့်ကြ ရအောင်ပါ။
နိုင်ငံရေး လုပ်တယ်ဆိုရင် နိုင်ငံရေး အကင်းပါးဖို့ လိုပါတယ်၊ ပရိယာယ် ရှိရပါမယ်၊ ဒီနေရာမှာ ကြွက်သားတွေဟာ သိပ်အလုပ်မဖြစ်ပါဘူး၊ ဦးနှောက်ကို ညှစ်ထုတ်ရပါမယ်၊ ဗိုလ်ချုပ်က ဒီနေရာမှာ သိပ်တော်တယ်၊ တဖက်ကမ်းခတ်အောင် တော်တယ်၊ အရှေ့တောင်ပိုင်း မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး လူဝီ မောင့်ဘက်တန်ဟာ ဗိုလ်ချုပ်အား ဂျပန်ကို မောင်းထုတ်သူ မျိုးချစ်ဗမာ့တပ်မတော် (PBF) ရဲ့ ခေါင်းဆောင်အဖြစ် တလေးတစား ပထမဆုံး အသိအမှတ်ပြုခဲ့သူ တယောက် ဖြစ်ပါတယ်၊ ဗြိတိသျှတပ်မှာ မျိုးချစ် ဗမာ့တပ်မတော်က တပ်အင်အား ၅ဝဝဝ နှင့် အရာရှိ ၂ဝဝ ခန့်ထားဖို့ ဗိုလ်ချုပ်နဲ့ မောင်ဘက်တန်တို့ သဘောတူခဲ့ပါတယ်၊ အတည်ပြု လက်မှတ်ထိုးခဲ့တာတော့ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာပါ၊ ကန္ဒီမြို့က ညီလာခံအပြီးမှာ ဗိုလ်ချုပ်က စစ်တပ်ကနေ ထွက်ပြီးတော့ လွတ်လပ်ရေးအတွက် နိုင်ငံရေးလောကထဲ ဝင်ခဲ့ပါတယ်၊
ဒီနေရာမှာ ပြောချင်တာက ဂျပန်ကို တိုက်ထုတ်ခဲ့စဉ်က တပ်မှာ စစ်သည်အင်အားဟာ အတော်များပါတယ်၊ ဗြိတိသျှတပ်ထဲကို ပေါင်းထည့်လိုက်တဲ့ တပ်အင်အားဟာ သိပ်မများလှဘူး ဆိုတော့ ဗိုလ်ချုပ်က ပိုနေတဲ့ စစ်သားဟောင်းတွေကို စုစည်းပြီး ပြည်သူ့ရဲဘော်အဖွဲ့ (PVO) ကို ဖွဲ့စည်းခဲ့ပါတယ်၊ တိုင်းပြည် ပြန်လည် ထူထောင်တဲ့နေရာမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ဆိုပြီး ဖွဲ့စည်းခဲ့တာပါ၊ အရပ်သားတပ် ဖြစ်ပါတယ်၊ အရပ်သား တပ်အင်အား ဘယ်လောက်ရှိတယ် ဆိုတဲ့နေရာမှာ သမိုင်းဆရာတွေ တယောက်နဲ့ တယောက် ကွဲလွဲမှုတွေ ရှိပါတယ်၊ (အယ်ဒီတာ၊ ၊ တသိန်းပတ်ဝန်းကျင်တော့ ရှိနိုင်မယ် ထင်ပါတယ်၊) ခရိုင်။ တိုင်း။ မြို့တိုင်းမှာ (PVO) ဌာနချုပ်တွေ ရှိပါတယ်၊ သူတို့တွေဟာ လူထုအစည်းဝေးပွဲတွေ လုပ်တယ်၊ စစ်ရေးပြမှုတွေ သူ့ဒေသနဲ့ သူ တနိုင်ငံလုံးမှာ လုပ်ပါတယ်၊ ဂျပန်ကို တိုက်ခဲ့တဲ့ လက်နက်တွေကို ဗြိတိသျှအစိုးရဆီ အပ်ခဲ့တာ ရှိသလို ဝှက်ထားတွေကလည်း မနည်းပါဘူး၊ ဗြိတိသျှ အစိုးရကလည်း ဒါတွေကို သိထားပါတယ်၊ လိုအပ်ရင် စစ်ရေးအရ တိုက်မယ်ဆိုတဲ့ သဘောပါ၊ ဗြိတိသျှဟာ ပြည်တွင်းစစ် ဖြစ်မှာကို မလိုလားပါဘူး၊ စစ်တိုက်ဖို့ စိတ်ကုန်နေပုံပါပဲ။
ဗိုလ်ချုပ်က တဖက်ကလည်း အမျိုးသား တပ်ပေါင်းစုအဖြစ် (ဖဆပလ) ကို ဖွဲ့စည်းပြီး အမျိုးသား ညီညွတ်ရေးကို ပြခဲ့ပါတယ်၊ လူထု အစည်းဝေးပွဲတွေ ကျင်းပပြီး အင်အားပြကြေညာချက်တွေ ထုတ်ခဲ့သလို ဆန္ဒပြပွဲတွေလည်း လုပ်ခဲ့ပါတယ်၊ ၁၉၄၆ ခုနှစ်ဟာ ဗြိတိသျှ အစိုးရအတွက် အကျပ်ရိုက်ဆုံး အချိန်တွေပါပဲ၊ ဆင်းမလားကနေ စက္ကူဖြူ စီမံကိန်းနဲ့ ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရရဲ့ ဘုရင်ခံဒေါ်မန်စမစ်ကို အင်္ဂလန်ကနေ နောက်ဆုံး ပြန်ခေါ်သွားခဲ့ရပါတယ်၊ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ် ရောက်လာတော့လည်း ဆန္ဒပြပွဲတွေနဲ၌ အကြပ်ရိုက်အောင်လုပ်ပြီး လန်ဒန်ကို လွတ်လပ်ရေးအတွက် စကားပြောဖို့ သွားခဲ့တဲ့နေရာမယ် ဗိုလ်ချုပ်က အဆိုးဆုံးအတွက် ပြင်ဆင်ပြီး သွားခဲ့ခြင်း ဖြစ်ပါတယ်၊
ဒါတွေကို ဗြိတိသျှက သိနေလေတော့ လွတ်လပ်ရေးပေးဖို့ ညှိနှိုင်း အဖြေရှာခဲ့ပါတယ်၊ တနည်းပြောရရင်တော့ ဒေလီက ရာဇသံကို လိုက်လျောခဲ့ပါတယ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး စောစောစီးစီး ပေးခဲ့ကြလို့ မြန်မာပြည်တွင်းကရော။ ပြည်ပမှာပါ အတော်လေး အံသြခဲ့ကြပါတယ်၊ ဘာကြောင့် လွတ်လပ်ရေးကို သူများနိုင်ငံတွေထက် စောစီးစွာ ရခဲ့တာလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင် (၁) ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုတရပ်လုံးကို ညီညွတ်မှု ရှိအောင် စည်းရုံးနိုင်ခြင်း (ဖဆပလ အဖွဲ့ချုပ်။ ပြည်သူ့ ရဲဘော်အဖွဲ့နဲ့ ဆိုရှယ်လစ်။ အလုပ်သမား။ လယ်သမား။ ဗြိတိသျှတပ်ထဲရှိ ဗမာ့စစ်သည်များ) (၂) ဗြိတိသျှအစိုးရရဲ့ ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ အစိုးရအဖွဲ့အတွင်း လစ်ဘရယ်ဝါဒ ယုံကြည်မှု လွှမ်းမိုးနေခြင်းကြောင့် ဖြစ်ပါတယ်၊
ဗိုလ်ချုပ်ရဲ့ ပဲ့တင်သံ ဒေလီမှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ "အကောင်းဆုံးကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ်" ဆိုတဲ့ ရာဇသံဟာ သမိုင်း စာမျက်နှာပေါ်မှာ အိပ်ပျော်နေတာ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ဒီစာကို ဖတ်မိတဲ့လူ ရှိခဲ့ရင်တော့ အဲ့ဒီလူရဲ့ ရင်ထဲ ကူးစက်သွားတာတော့ ရှိတာပေါ့လေ၊ ဒီရာဇသံဟာ ၂ဝဝ၈ ခုနှစ်မှာ ပဲ့တင်သံအဖြစ် ပြန်ပေါ်လာပါတယ်၊ ဗိုလ်ချုပ်ပြောခဲ့တာက ၁၉၄၇ ဆိုတော့ ၆၁ နှစ်အကြာမှာ ဖြစ်ပါတယ်၊ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ သမီးဖြစ်သူ ဒေါ်စုနဲ့ သူမရဲ့ ပါတီဖြစ်တဲ့ (NLD) လူကြီးတွေနဲ့ တွေ့ဆုံခွင့် ရတဲ့အချိန်မှာ လူထုကို ပေးလိုက်တဲ့ 'အမှာစကား' တခုပါပဲ၊ ဒီစကားဟာ ဗိုလ်ချုပ်ရဲ့ ရာဇသံလိုပဲ အားကောင်း ပါသေးရဲ့လား၊ ဒါမှမဟုတ် ရာဇသံဘဝမှာကော ရှိနေပါသေးရဲ့လား။
၁၉၄၇ မှာတုန်းက လွတ်လပ်ရေး တောင်းဖို့အသွား နယူးဒေလီမှာ အစိုးရအကြီးအကဲအနေနဲ့ ဗိုလ်ချုပ်က ပြောခဲ့တဲ့စကားပါ၊ အခုတော့ အကျဉ်းသားဘဝကနေ ပြောတဲ့ အမှာစကားပါ၊ အခြေအနေချင်းကတော့ အတော့်ကို ကွာပါတယ်၊ အနှစ်သာရ အားဖြင့်ကကော၊ ဒါတွေကို ကျနော်တို့ စဉ်းစားကြည့်ဖို့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို ပထမဆုံး လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

လတ်တလော နိုင်ငံရေး အခြေအနေများ
စစ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်၊ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း သွားမှာ ဖြစ်ပါတယ်၊ အခု အဆင့် ၄ ကို ရောက်နေပြီး ဒီနှစ် မေလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် လူထု ဆန္ဒခံယူပွဲ ကျင်းပတော့မှာပါ၊ ကျင်းပရေး ကော်မတီ ဖွဲ့စည်းပြီး ဆန္ဒခံယူပွဲအတွက် ဥပဒေတွေတောင် ပြဌာန်း ပြီးပါပြီ၊ အတည်ဖြစ်မယ် လို့လည်း စစ်အစိုးရက အပိုင်တွက်ထားပုံပါပဲ၊ ဒါပေမဲ့ အားလုံး သိကြတဲ့အတိုင်းပါပဲ၊ အများပြည်သူ တင်မြှောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မပါဘဲ ဖွဲ့စည်းပုံ အခြေဥပဒေကို ရေးဆွဲခဲ့တယ်၊ ၁၉၉ဝ တုန်းက အစိုးရက ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အခုအစိုးရရဲ့ လုပ်ပုံတွေဟာ မကိုက်ညီဘူး ... စတဲ့ အငြင်းပွားစရာတွေကို ထောက်ပြပြီး NLD ဘက်က ဒီဖွဲ့စည်းပုံ အတည်ပြုရေးကို ဆန့်ကျင်နေကြပါတယ်၊ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှာ ဗဟိုတရားရုံးမှာ အစိုးရကို တရားစွဲဖို့ လုပ်ခဲ့တာ တရားရုံးက တိုင်တန်းချက်ကို လက်မခံခဲ့ပါဘူး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တဲ့အခါ ဒေါ်စုမပါရဘူး ပါရမယ် စတဲ့ ငြင်းခုန်မှုတွေကလည်း ရှိပါတယ်၊ အမှန်တော့ ဒါက ဒုတိယကိစ္စပါ၊ ဇာတ်လမ်းကို ပိုရှုပ်ထွေးစေမယ့် ငြင်းခုန်မှုတွေပါ၊ လမ်းမလွှဲသွားဖို့ အရေးကြီးပါတယ်။
အမှန်တကယ် အရေးတကြီး စဉ်းစားကြရမှာက မေလ ကိစ္စပါ၊ ဒီမိုကရေစီကို ဦးဆောင် တိုက်ပွဲဝင်နေတဲ့ NLD အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် ကိစ္စပါ၊ နိုင်ငံရေးကို ဦးဆောင် ဦးရွက်ပြုဖို့ လူထုက ၁၉၉ဝ မှာ NLD ကို လုံးဝ ပုံအပ်ခဲ့တာပါ၊ NLD အနေနဲ့ ဒါကို သိပါတယ်၊ လွတ်လပ်ရေးနေ့လို။ ပြည်ထောင်စုနေ့လို နေ့ကြီး ရက်ကြီးတွေမှာ ကြေညာချက်တွေ။ တောင်းဆိုချက်တွေ လုပ်တိုင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကိုပဲ ထပ်ခါတလဲလဲ ထောက်ပြခဲ့ပါတယ်၊
တောင်းဆိုချက်တွေ ရဖို့ဆိုတာ ၁၉၄၆/၄၇ မှာ ဗိုလ်ချုပ်လုပ်ခဲ့သလို နောက်ကနေ ကျစ်လစ် ခိုင်မာတဲ့ စည်းလုံး ညီညွတ်တဲ့ လူထု ရှိနေရပါမယ်၊ လူထုမပါဘဲ ဘာနိုင်ငံရေးမှ လုပ်လို့မရပါဘူး၊ တနေ့တခြား လူတွေဟာ အထွေထွေ မကျေနပ်မှုတွေ ပိုမိုများပြားလာတာကြောင့် နိုင်ငံရေးကို တနေ့တခြား ပိုမို စိတ်ဝင်စား လာကြပါတယ်၊ ပိုမို တင်းကျပ်လာတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ ရလဒ် အသီးအပွင့်တွေကိုလည်း တွေ့မြင်ရဖို့ နီးကပ်လာနေပြီ ဖြစ်ပါတယ်၊ ဒီအချိန်မှာ လူထုက ၁၉၉ဝ ကတည်းက ဒီမိုကရေစီရေးအတွက် ခေါင်းဆောင် မြှောက်ထားတဲ့ NLD ဘာလုပ် နေသလဲ ဆိုတာ သိချင်နေကြပါတယ်၊
ဒါပေမဲ့ NLD ကလူထုကို သိပ်စိတ်ဝင်စားပုံ မပေါ်ဘူး၊ အကြောင်းမဲ့ ပြောတာတော့ မဟုတ်ဘူး၊ NLD အနေနဲ့ လူထုအတွက် ရည်ညွန်းတဲ့ ထုတ်ပြန် ကြေညာချက်တွေ။ မိန့်ခွန်းတွေ ဘာမှမတွေ့ရ။ မကြားရ လို့ပါပဲ၊ လူထုနဲ့ ဆက်သွယ်တဲ့ အခါမယ် အဟန့်အတားတွေ ရှိနေတယ် ဆိုတာ လက်ခံပါတယ်၊
ဒါပေမဲ့ ယနေ့ခေတ်မှာ သတင်းစီးဆင်းမှုကို တားလို့မရဘူး ဆိုတာကိုလည်း လက်ခံရပါလိမ့်မယ်၊ နိုင်ငံခြား မီဒီယာတွေဟာ သတင်းကို လူထုထဲကို မြန်မြန်ရောက်အောင် ပို့နိုင်တဲ့ တန်ခိုးစွမ်းအားကိုတော့ အားလုံး ချွင်းချက်မရှိ လက်ခံထားပါတယ်၊ ဒါကို အစိုးရကတောင် ဝန်ခံထားကြောင်း သတင်းစာတွေရဲ့ နောက်ကျောဖုံးက VOA, BBC, RFA ကြေညာချက်တွေကို ကြည့်ရင် တွေ့နိုင်ပါတယ်၊ ဒီနေရာမှာ NLD အနေနဲ့ မမေ့မလျော့ ရှိနေရမှာက ခေါင်းဆောင်မှု အခန်းကကို တာဝန်ယူထားရင် ခေါင်းဆောင်မှု ပေးရမယ် ဆိုတာပါပဲ၊ "လူထုကြီးခင်ဗျား။ ခင်ဗျားတို့ အဆင်ပြေသလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြည့်လုပ်ကြပါ ခင်ဗျား၊ ကျနော်တို့လည်း လုပ်နေပါတယ်၊ အခုတော့ ကျနော်တို့ ဘာတွေလုပ်နေတယ် ဆိုတာ ပြောလို့ မဖြစ်လို့ပါ။ အချိန်ကျလာရင်တော့ ကျနော်တို့ ပြောပါမယ်" ဆိုတဲ့ ခေါင်းဆောင်မှုမျိုးနဲ့တော့ ဒီမိုကရေစီရရေးထက် နိဗ္ဗာန် ရောက်ရေးက ပိုလွယ်ပါလိမ့်ဦးမယ်၊
အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေတဲ့ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူထုကြီးကတော့ "ပြောမဖြစ်" နိုင်ငံရေးခေါင်းဆောင်မှုအကြောင်း တွေးမိတိုင်း စိတ်ပျက်နေကြပါတယ်၊ 'မေ' ကိစ္စရော 'ပြောမဖြစ်' ဘူးတဲ့လား။
မကွယ်မထောက်ပြောရရင် NLD ရဲ့ လူထုကို ဦးဆောင်မှု အနေအထားဟာ အတော့်ကို အားနည်းနေပါတယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးတော်ပုံကို ပြန်ကြည့်ရင် အစိုးရက ဓာတ်ဆီဈေး စတက်တော့ ဒါကို ပထမဆုံး လက်တွေ့တုံ့ပြန်သူဟာ ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါတယ်၊ အဲဒါ မတိုင်ခင်ကတည်းက ၈၈ အဖွဲ့ဟာ လူထု လှုပ်ရှားမှုတွေကို ပေါ်ပေါ်တင်တင်ပဲ လုပ်နေခဲ့တာ အားလုံးအသိပါပဲ၊ ဆန္ဒဖော်ပြတဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ။ အဖြူရောင် လှုပ်ရှားမှုတွေ။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိဘဆွေမျိုးတွေဆီ အပတ်စဉ် သွားတွေ့ခဲ့တာတွေ စတဲ့ လူထုရဲ့ အသိစိတ်ထဲ နိုင်ငံရေးနိုးကြားမှုတွေ ရှိလာအောင် လုပ်ခဲ့တာတွေဟာ NLD ရဲ့ လူထုကို ဦးဆောင် ဦးရွက်ပြုရမယ့် အပိုင်းမှာ ခေါင်းဆောင်မှု လေဟာနယ် (vacuum in leadership) ဖြစ်နေတဲ့ နေရာကို ဝင်ရောက် ရယူတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်၊ ၈၈ ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် စက်တင်ဘာ အုံကြွမှုကြီးကို ဦးဆောင်ခဲ့တာတော့ သံဃာတော်များ ဖြစ်နေပြန်ပါတယ်၊ နိုင်ငံရေးဆိုတာ လူထုကို စည်းရုံးတတ်၊ ဦးဆောင်တတ်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ရင်တောင် ရမယ် ထင်ပါတယ်၊
ဘာပဲဖြစ်ဖြစ် အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြစို့ရဲ့လို့ ဆိုရင် NLD အနေနဲ့ အခု မဖြစ်မနေ လုပ်ဖို့ လိုတာက ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ကို မောင်းထုတ်အပြီး ဖဆပလ ရဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့တဲ့ အမျိုးသား နိုင်ငံရေးမျိုး ပြန်လည်ဖန်တီးဖို့ လိုပါတယ်၊ ညီညွတ်တဲ့ တပ်ပေါင်းစုတပ်ဦး (United Front) တခု ထူထောင်ရပါမယ်၊ ဒေါ်စုကတော့ ဒီမိုကရေစီ ရရှိရေးကို ဒုတိယ လွတ်လပ်ရေးတိုက်ပွဲလို့ ပြောခဲ့တယ် မဟုတ်လား၊ အခုချိန်ဟာ ခေတ်သစ် သမိုင်းစာမျက်နှာမှာ အရေးကြီးဆုံး အခြေပြောင်းကာလ (Crucial and critical moment) ကို ရောက်နေပါပြီ၊ ဒီအခြေအနေမျိုးမှာ နောင်လာမယ့် သမိုင်းဆရာတွေက NLD ကို ဘယ်လို မှတ်တမ်းမျိုး ရေးစေချင်ပါသလဲ၊National League for Democracy အနေနဲ့လား၊ ဒါမှမဟုတ် No Leadership for Democracy အနေနဲ့လား၊

NLD ရဲ့ နိဒါန်းသစ်လား။ နိဂုံးလား
မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ "ဒေါ်စုနဲ့ ဦးအောင်ကြည်" တို့ရဲ့ ဆွေးနွေးပွဲအကြောင်း ကြည့်ကြရအောင်ပါ၊ ဆွေးနွေးပွဲရဲ့ ရလဒ်အကြောင်း တရားဝင် ထုတ်ပြန်တာ ဘာမှ မရှိပါဘူး၊ ဒီဆွေးနွေးပွဲ ပေါ်လာရတာဟာ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုရဲ့ ရလဒ်လို့ပဲ အများက မြင်ထားပါတယ်၊ အစိုးရအနေနဲ့ ဒီလှုပ်ရှားမှုကို ရက်ရက်စက်စက် ဖြိုခွင်းမှုအပေါ် နိုင်ငံတကာက ဖိအားပေးမှုတွေ မြင့်တက်ခဲ့တာကြောင့် ဒီ ဖိအားတွေ လျော့ကျသွားစေဖို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တဲ့ တနည်းပြောရင် သဘောရိုး မပါတဲ့ 'ဖန်တီးချက်' ကို အားလုံးက ရှုမြင်ထားကြပါတယ်၊ ဒါပေမဲ့ ဝန်ကြီးအဆင့်ရှိတဲ့ အစိုးရဘက်က အဆင့်မြင့် ပုဂ္ဂိုလ်တယောက်ကို ဒေါ်စုနဲ့တွေ့ဖို့ ဥပဒေတွေ ဘာတွေ ထုတ်ပြီး ခန့်ထားတာကတော့ ဘာပဲဖြစ်ဖြစ် သိပ်ခမ်းနား လွန်းမနေဘူးလား၊ အရင်ဆို ဒါမျိုး ကိစ္စတွေ လုပ်ချင်ရင်တောင် ဗိုလ်မှူးကြီး အဆင့်လောက်နဲ့ ဆိုရင်တောင် အတော်များလောက်ပါပြီ၊ လမ်းပြမြေပုံနဲ့ 'ဒေါ်စု၊ ဦးအောင်ကြည်' ဆွေးနွေးပွဲဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အပြိုင် ကစားကွက်ပါ၊ လမ်းပြမြေပုံ တခုခု လွဲချော်ခဲ့ရင် ဆွေးနွေးပွဲဟာ သူ့အတွက် နောက်ထပ် အပေးအယူလုပ် (Deal) နိုင်သေးတဲ့ ကစားကွက်တခုပါ၊ သူ့စိတ်နေ စိတ်ထားဟာ ဘယ်လို ရှိနိုင်ပါသလဲ၊ စဉ်းစားကြည့်ကြရအောင်ပါ၊
သူဟာ ဒုတိယ ကမ္ဘာစစ်။ ပါလီမန် ဒီမိုကရေစီခေတ်။ ဆိုရှယ်လစ်ခေတ် စတဲ့ ရှုပ်ထွေးတဲ့ အခင်းအကျင်း များစွာကို ဖြတ်သန်းခဲ့ပြီး လက်တွေ့နိုင်ငံရေး (Real politic) ကို ကိုယ်တွေ့ ကြုံတွေ့ခဲ့သူပါ၊ လက်တွေ့ နိုင်ငံရေးကို လက်တွေ့လုပ်သူဆိုတာ ပြီးခဲ့တဲ့ စက်တင်ဘာ ဖြေရှင်းခဲ့ပုံက သက်သေပါပဲ၊ အားလုံး မှင်သက်မိခဲ့ကြတယ် မဟုတ်လား၊ 'အစိုးရတရပ် ဆိုတာ လူထူက ချစ်နေရေးထက် ကြောက်နေရေးက ပို အရေးကြီးတယ်' ဆိုတဲ့ လက်တွေ့ နိုင်ငံရေးဖခင် မက်ခရာ ဗယ်လီရဲ့ စကားကို ကျနော်တို့တွေ သတိရနေဖို့ လိုပါတယ်၊
ခုနက စကားကို ပြန်ဆက်ရရင် 'ဒေါ်စု။ ဦးအောင်ကြည်' တို့ရဲ့ ဆွေးနွေးပွဲဟာ ပျက်သွားပြီလား၊ မလိုတော့ဘူးလား၊ လမ်းပြမြေပုံကို နောက်တဆင့်တိုးပြီး မေလ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတော့ မေးခွန်းတွေ ထွက်လာပါတယ်၊ ဒီမေးခွန်းရဲ့ အဖြေကို သိဖို့ မေလအထိ စိတ်ရှည်ရှည် စောင့်ရမှာပါ၊ အဖြေကတော့ ရှင်းပါတယ်၊ ရွေးကောက်ပွဲ အတည်ပြုနိုင်ခဲ့ရင် တွေ့ဆုံရေးဟာ မလိုတော့ဘူးပေါ့၊ လူထုဆန္ဒက အတည်မပြုတဲ့ဘက်က များခဲ့ရင် ဒီဆွေးနွေးပွဲက ရှေ့တန်းကို ရောက်လာမှာ ဖြစ်ပါတယ်၊ သုံးပွင့်ဆိုင်ကိစ္စ ကျယ်ကျယ်လောင်လောင် ပြောလို့ရပြီလို့ ထင်ပါတယ်၊ အဖြေကတော့ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် အစိုးရရဲ့ တရားမဝင် ရပ်တည်ခွင့် အကျပ်အတည်း (illegitimacy Crisis) ဟာ ဂိတ်ဆုံး ရောက်သွားတော့မှာပါ၊ 'ဒေါ်စု။ ဦးအောင်ကြည်' တို့ရဲ့ ဆွေးနွေးပွဲဟာ နိုင်ငံရေးမျက်နှာစာကို ရောက်လာမှာ ဖြစ်ပါတယ်၊
NLD အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို ၂ဝဝ၈ မေလမှာ NLD အနေနဲ့ လူထုရဲ့ ထောက်ခံမှု ဘယ်လောက်ထိ ရှိသေးသလဲ ဆိုတာ လူထုကို ... ကန့်ကွက်မဲ ပေးခိုင်းပြီး အစိုးရနဲ့ အားစမ်းကြည့်ဖို့ (ှ့Showdown) စဉ်းစားထားပါသလား၊ အမှန်တော့ ဒီနည်းဟာ အကြမ်းမဖက်တဲ့ နည်းနဲ့ လူထုဆန္ဒကို ဖော်ထုတ်ဖို့ အကောင်းဆုံး နည်းလမ်းပါ၊ တပ်မတော်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာဂမ်ဘာရီနဲ့ တွေ့စဉ်က 'ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ထောက်ခံသူရော၊ ဆန့်ကျင်သူများပါ ဥပဒေနဲ့အညီ လွတ်လပ်စွာ မဲပေးခွင့် ရရှိမှာဖြစ်ပါတယ် ....' လို့ အတိအလင်း ပြောထားခဲ့တာ အားလုံးအသိပါပဲ၊ လိုရင်းကတော့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်ဆိုတဲ့ သဘောပါ၊
အကောင်းဆုံး ခံစစ်ဟာ အကောင်းဆုံး တိုက်စစ်လို့ စစ်ပါရဂူတွေပြောတာ ကြားဖူးပါတယ်၊NLD အနေနဲ့ ဒီအဆိုကို ပြန်သတိရဖို့ လိုပါတယ်၊ နောက်ဆုံး ကောက်ချက်ချကြည့်ရင် ဒေါ်စုရဲ့ 'အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ' ဆိုတာ ဒါကို ဆိုလိုတာလား၊ ၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်က ဗြိတိသျှ အစိုးရကို ပြောခဲ့တဲ့ စကားလို ရာဇသံ မဆန်ပေမဲ့ အကျဉ်းချခဲ့ရတဲ့ ဒေါ်စုရဲ့ နှလုံးရည် သတ္တိကတော့ ဒီ ပဲ့တင်သံထဲမှာ မြည်ဟီးနေပါတယ်၊ အဆိုးဆုံးကို ရင်ဆိုင်ပြီးရင် ကျနော်တို့တွေ အကောင်းဆုံးကို မျှော်လင့်ထားကြရအောင်ပါ၊
ဒီ ထင်မြင်ချက်ကို ရေးသူဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLD ကို မဲထည့်ခဲ့တဲ့ ပြည်သူတယောက်ပါ၊ တိုင်းပြည်အရေးကို ပြည်သူတယောက် အနေနဲ့ ပြောပိုင်ခွင့် ရှိတယ်လို့ ယုံကြည်လို့ ရေးလိုက်တာပါ၊ ဒီနေရာမှာ စာရေးဆရာ မာစယ်ပရု စကားကို ငှားပြောရရင် 'အကျဉ်းချခံနေရတဲ့ အမှန်တရားတခုကို လွတ်မြောက်စေလိုတဲ့ ဆန္ဒနဲ့' ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။

No comments: