Friday, March 21, 2008

လူ့အခွင့်အရေးလှုပ်ရှားသူ ထောင်အတွင်း အစာငတ်ခံဆန္ဒပြ

ဖနိဒါ
ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်မှုကြောင့် ဆန္ဒထုတ်ဖော် ပြသရာတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များက အင်းစိန်ထောင် စစ်ခွေးတိုက်တွင် ဖမ်းဆီး ထိန်းသိမ်းထားသော ကိုမျိုးသန့်သည် အစာငတ်ခံ ဆန္ဒပြနေသည်။
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကွန်ယက် (HRDP) မှ ကိုမျိုးသန့်အား ထောင်စည်းကမ်း ဖောက်ဖျက်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ ၁ဝ ရက်ကြာ အင်းစိန်ထောင်အတွင်းရှိ စစ်ခွေးတိုက်ထဲတွင် တိုက်ပိတ်ခံရပြီးနောက် လွန်ခဲ့သည့် သောကြာနေ့က ရုံးထုတ် စစ်ဆေးပြီး နောက်တရက်မှ စတင်ကာ ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်သည်။
" ကိုမျိုးသန့်က ပြီးခဲ့တဲ့ အပတ်က ရုံးချိန်းပြီး နောက်တရက်ကစပြီး အစာငတ်ခံတယ်လို့ သိရပါတယ်။ ကျန်းမာရေးကတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ စိတ်ဓါတ်ကတော့ ကြံ့ခိုင်တယ်ဆိုတာ တွေ့ရပါတယ် " ဟု ကိုမျိုးသန့်၏ အကျိုးတော်ဆောင် ရှေ့နေ ဦးဖိုးဖြူ က က မဇ္ဈိမကို ပြောသည်။
ရှေ့နေ ဦးအောင်သိန်းကလည်း " မနေ့က သူ အစာငတ်ခံပြီးတော့ ဆန္ဒပြတာ ၄ ရက် ရှိသွားပြီတဲ့။ ရုံးထုတ်တဲ့ နောက်နေ့ကစပြီး အရည်ပဲ သောက်တယ်လို့ သိရတယ်ခင်ဗျာ " ဟု ပြောသည်။
လှိုင်မြို့နယ်ရှိ HRDP အဖွဲ့မှ ကိုမျိုးသန့် ခေါ် ဂျွန်နသံ (၄ဝ နှစ်) သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းကာ ပုဒ်မ ၁၂၄ (က) (အစိုးရကို အကြည်ညိုပျက်စေမှု) နှင့် တရားစွဲထားသည်။
ယခုလို အစာငတ်ခံ ဆန္ဒပြခြင်းသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အကျဉ်းသားများ လွတ်မြောက်ရေး ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း ယမန်နေ့က ရုံးထုတ်ရာတွင် သွားရောက်ခဲ့သူ ကိုမျိုးသန့်၏ ညီမဖြစ်သူ မသီသီစိုးက မဇ္ဈိမကို ယခုလို ပြောပြသည်။
" ထောင်ထဲမှာရှိတဲ့ အကျဉ်းသားအားလုံး၊ လူ့အခွင့်အရေး၊ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံမှုကနေ လွတ်မြောက်ဖို့ သူ အစာငတ်ခံ ဆန္ဒပြတာပါလို့ ပြောပါတယ်။ မနေ့က ရုံးထုတ်သွားရင်းနဲ့ သိခဲ့ရတယ်။ ဒီနေ့ဆိုရင် ၅ ရက် ရှိသွားပြီ " ဟု သူက ပြောသည်။
သူက ဆက်ပြီး " သူ့ကို အဝတ်တထည် ကိုယ်တခုနဲ့၊ ဖျာကြမ်းနဲ့ပေါ့နော် ထားတော့။ မနက် အိပ်ယာထရင် ကိုယ်တခြမ်း ကိုက်ပြီးတော့ တကိုယ်လုံး ပူတယ်။ ညကျရင် အေးတယ်လို့ ကျမကို ပြောပါတယ်။ သူ့စိတ်ဓာတ်ကတော့ ခိုင်မာပါတယ်။ ကျမတော့ အားလုံးကို လွတ်မြောက်စေချင်ပါတယ်။ လိုအင်ဆန္ဒ ပြည့်စေချင်ပါတယ် " ဟု ပြောသည်။
အလားတူပင် ယမန်နေ့က ရုံးထုတ်စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ၊ မြောက်ဒဂုံမြို့နယ်မှ အန်အယ်ဒီအဖွဲ့ဝင် ကိုကြည်ဖြူလည်း အာဏာပိုင်များက ပုဒ်မ ၁၂၄ (က) နှင့်ပင် တရားစွဲဆိုထားပြီး၊ စစ်ခွေးတိုက်အတွင်း ထိန်းသိမ်းခဲ့ရာ ကျန်းမာရေး အခြေအနေ မကောင်းဘဲ ဖြစ်နေသည်။
သူတို့အမှုအတွက် အကျိုးဆောင်ပေးနေသူက ယခုလို စစ်ခွေးတိုက်အတွင်း ထားရှိသည့် ပြစ်ဒဏ်နှင့် ပတ်သက်ပြီး အကျဉ်းထောင်လက်စွဲ ဖော်ပြချက်များနှင့် ကိုက်ညီခြင်း မရှိကြောင်း ပြောဆိုကြသည်။
လူငယ်ရှေ့နေ ဦးဖိုးဖြူက " ၆၉၃ ကနေ ၇၁၉ အထိမှာ ဆိုရင် အကျဉ်းကျတဲ့ အချုပ်သားဘဝတွေနဲ့ ပတ်သက်ပြီးတော့ ပြဆိုချက်တွေ ရှိပါတယ်။ အကယ်၍ ပြစ်မှုကျူးလွန်မှု တစုံတရာများ ရှိခဲ့မယ် ဆိုရင်တောင်မှ သူတို့ကို အစားအသောက်၊ အဝတ်အစား၊ မပေးတာမျိုးဘဲ လုပ်ရမယ် ဆိုတာမျိုး ပြဆိုထားပါတယ်။ ဒါပေမဲ့ မကျေနပ်တဲ့ အခက်အခဲတွေကို တာဝန်ခံကို တင်ပြဖို့ဆိုတဲ့ အခွင့်အရေးမျိုးကို အကျဉ်းထောင်လက်စွဲ ပြဆိုထားတာ ရှိပါတယ်။ အကျဉ်းထောင်လက်စွဲမှာ ဒီလိုမျိုး ထားရမယ်ဆိုတာ ညွန်ပြထားတာမျိုး ကျနော့်အနေနဲ့ မတွေ့ရှိသေးပါဘူး ခင်ဗျာ " ဟု ပြောသည်။
သူတို့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် စည်သူမောင်၊ ကိုဇင်လင်းအောင်၊ အန်အယ်ဒီ အဖွဲ့ဝင်များ ဖြစ်သည့် ကိုရဲမင်းဦး၊ ရဲမြတ်ဟိန်းနှင့် ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေတို့ကိုလည်း ယမန်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကာ ပုဒ်မ ၁၂၄(က) နှင့်ပင် တရားစွဲဆိုထားသည်။

No comments: