Wednesday, March 12, 2008

ရွှေဝါရောင်ကြောင့် ဖမ်းဆီးခံရသူများ စစ်ခွေးတိုက်ထဲမှာ ချုပ်နှောင်ထား

ဖနိဒါ
ချင်းမိုင်။ ။ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် စစ်အစိုးရက အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားသူ ၃ ဦးကို ပြီးခဲ့သည့်လ ၂၈ ရက်နေ့က စတင်၍ တိုက်ပိတ်ထားသည်။
နာမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်
မြောက်ဒဂုံမှ အန်အယ်ဒီအဖွဲ့ဝင် ကိုကြည်ဖြူ၊ လှိုင်မြို့နယ်မှ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (HRDP) မှ ကိုမျိုးသန့် (ခ) ဂျွန်နသံနှင့် ကိုစည်သူတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေမှ စတင်ကာ အင်းစိန်ထောင် စစ်ခွေးတိုက်ထဲတွင် တိုက်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ရှေ့နေများက ပြောသည်။
“ထောင်ထဲမှာ တခြား ပြစ်မှုကျူးလွန်တဲ့ အကျဉ်းသားတွေကြောင့် သူတို့တွေကိုပါ ပြစ်ဒဏ်ပေးတယ်လို့ ဆိုပါတယ်။ ကျန်ခဲ့တဲ့ တပတ် ရုံးချိန်းကတည်းကနေ တိုက်ပိတ်ထားပါတယ်” ဟု အမှုအတွက် အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူက မဇ္စျိမကို ပြောသည်။
ရှေ့နေ ဦးအောင်သိန်းကလည်း “နိုင်ငံရေး အကျဉ်းသားတယောက်ကနေပြီးတော့ ထောင်တွင်း စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးတော့ အားလုံးကို ထိန်းချုပ်တဲ့အခါမှာ သူတို့ ၃ ယောက်က ‘အပြစ်ရှိရင်၊ ထောင်စည်းကမ်း မလိုက်နာသူကိုပဲ အရေးယူပါ။ ကျနော်တို့အတွက် အရမ်းနစ်နာတယ်’ လို့ ပြောတယ်။ အဲလိုပြောရမလား ဆိုပြီးတော့ စစ်ခွေးတိုက်ထဲကို တိုက်ပိတ်တယ်လို့ သိရတယ်” ဟု ပြောသည်။
ဦးဖိုးဖြူက “အဲဒီ စစ်ခွေးတိုက်ထဲမှာက ဖျာတချပ်ရှိတယ်။ အဝတ်တထည် ကိုယ်တခုကိုပဲ ထားတယ်။ ဘာစောင်၊ ဘာခြင်ထောင်မှ မပေးဘူး။ အဲဒါကြောင့် ကိုယ်တွေ လေးပြီးတော့ ကိုယ်တခြမ်း လေဖြတ်ချင်သလို ဖြစ်တယ်လို့ ကျနော် သိရတယ်” ဟု ဆက်ပြောသည်။
စစ်ခွေးတိုက်အတွင်း ရောက်ရှိပြီးနောက် ကိုမျိုးသန့်သည် ကျန်းမာရေး အခြေအနေ မကောင်းသလို၊ ကိုကြည်ဖြူမောင်မှာလည်း အတော်ပင် ပိန်ချုံးသွားသည်။
ကိုကြည်ဖြူ (၃၂ နှစ်) သည် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရွှေဂုံတိုင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး၊ သူ့အား အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) အပြင် နိုင်ငံတော် ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် တရားစွဲထားသည်။
ကိုစည်သူနှင့် ကိုမျိုးသန့် (ခ) ဂျွန်နသံ (၄ဝ နှစ်) သည် ၂ဝဝ၇ စက်တင်ဘာ ၂၉ ရက်နေ့က ရွှေဝါရောင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၁၂၄ (က) နှင့် တရားစွဲခံထားရခြင်း ဖြစ်သည်။
အလားတူပင် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုထင်ကျော်သည်လည်း ‘ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လူထူဆန္ဒခံယူပွဲကို အယုံအကြည်မရှိကြောင်း’ အော်ဟစ်သောကြောင့် ကိုကြည်ဖြူတို့နှင့်အတူ တိုက်ပိတ်ခံထားရသည်ဟု သိရသည်။
ကိုထင်ကျော်ကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပြသဖြင့် ပုဒ်မ ၁၂၄ (က) နှင့် တရားစွဲဆိုထားသော်လည်း ရှေ့နေနှင့် တွေ့ခွင့်မပေးသေးပါ။ သူသည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့မှ စတင်ကာ တလကြာမျှ အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။
သူတို့နှင့် အတူ ပုဒ်မ ၁၂၄ (က) နှင့် တရားစွဲဆိုခံနေရသော အမှုတွဲတူ ကိုသိန်းဆွေ (ခ) မင်းစိုး၊ ရဲမင်းဦး၊ ရဲမြတ်ဟိန်း၊ ဇင်လင်းအောင်လည်း အင်းစိန်ထောင် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သော်လည်း တရားလိုသက်သေ ရဲဝန်ထမ်းတဦးကိုသာ စစ်ဆေးခဲ့ကြောင်း ဦးအောင်သိန်းက ပြောသည်။
ဤပုဒ်မအရ ပြစ်ဒဏ်ချခံရလျှင် ထောင်ဒဏ် တသက်တကျွန်းနှင့် ဒဏ်ငွေပါ ကျခံရနိုင်သည်။
“ကျနော်တို့ ရှေ့နေများအနေနဲ့ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဥပဒေကြောင်းအရပဲ လျှောက်ထား တောင်းဆိုသွားမယ်။ ဥပဒေအကြောင်းအရပဲ တင်ပြထုချေချက်တွေကို ဆောင်ကျဉ်းသွားမယ်လို့ ကျနော် ပြောချင်တယ်။ ဥပဒေအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားမယ်၊ တရားမျှတမှုကို ဒီလိုနည်းနဲ့ ဖော်ဆောင်မယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

No comments: