Saturday, March 8, 2008

မေဒေးအမှု နှစ်ဖက်လျှောက်လဲဖွယ်ရှိ

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ ထောင်ဒဏ် နှစ် ၂ဝ ကျော် စီရင်ချက် ချခံနေရသည့် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) လှုပ်ရှားသူများ အမှုအတွက် အယူခံဝင်ခွင့် ရရှိခဲ့ပြီ ဖြစ်သဖြင့် မကြာခင် ရက်ပိုင်းအတွင်း နှစ်ဖက် လျှောက်လဲရဖွယ် ရှိသည်ဟု မိသားစုဝင်များက ပြောဆိုသည်။
၂ဝဝ၇ ခုနှစ် မေလ ၁ ရက်နေ့က ရန်ကုန်ရှိ အမေရိကန် စင်တာ၌ ပြုလုပ်သော အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သဖြင့် လှိုင်သာယာမှ အလုပ်သမား ၆ ဦးအား ထောင်ဒဏ် နှစ် ၂ဝ ကျော် ချမှတ်ထားရာ ပြီးခဲ့သည့်လ ၂ဝ ရက်နေ့တွင် ရန်ကုန်အခြေစိုက် ဗဟို တရားရုံးချုပ်သို့ အယူခံ ဝင်နိုင်ခဲ့ရာမှ မကြာခင် ရက်ပိုင်းအတွင်း နိုင်ငံတော်ဘက်မှ တရားလိုများနှင့် နှစ်ဖက်လျှောက်လဲချက် ပေးရဖွယ်ရှိသည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
မိသားစုဝင် တဦးက အယူခံကို လက်ခံပြီးနောက်ပိုင်း နှစ်ပတ်ခန့်အကြာ ယခုရက်ပိုင်းအတွင်း လျှောက်လဲချက် ပေးကာ ဆုံးဖြတ်ချက် ချနိုင်ကြောင်းနှင့် သို့မဟုတ်ပါက တိကျသောအဖြေ ရရှိနိုင်ကြောင်း မဇ္ဈိမကို ပြောသည်။
ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်းနှင့် မျိုးမင်းတို့ကို အင်းစိန်ထောင်တွင်း အနောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) အပါအဝင် လဝက အရေးပေါ် ပြဋ္ဌာန်းချက် ၁၃၊၁ နှင့် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၂၈ နှစ်စီ စီရင်ချက် ချခဲ့သည်။
ကိုကျော်ကျော်နှင့် ကိုညီညီဇော်တို့ကိုမူ ပုဒ်မ ၁၂၄ (က) ဖြင့် နှစ် ၂ဝ စီ ပြစ်ဒဏ် ချခဲ့သည်။ ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် နှစ် ၂ဝ မှ ၂၈ နှစ်အထိ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တရားခံများဘက်က လိုက်လံ အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးအောင်သိန်းက “ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ လျှောက်လဲချက် ပေးတယ်။ တရားရုံးချုပ်မှာ အဲဒီညနေမှာပဲ (အယူခံ) လက်ခံတယ်ဆိုပြီး အကြောင်းပြန်တယ်။ အဖြေကိုတော့ ရှေ့နေချုပ်ရုံးက နိုင်ငံတော်နဲ့ ကိုယ်နဲ့ နှစ်ဘက် လျှောက်လဲချက် ပေးပြီးမှ ထုတ်ပြန် ကြေညာမှာပေါ့” ဟု ပြောသည်။
မိသားစုဝင်များက တိုင်းတရားရုံးတွင် အကြိမ်ကြိမ် အယူခံ ဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ယခုတကြိမ်ကျမှ ဗဟိုတရားရုံးချုပ်မှ လက်ခံခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအကြိမ် အဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တွဲဘက် တရားသူကြီးရုံး အမှတ် ၁၂ က အကျဉ်းနည်းဖြင့် ပလပ်ခဲ့ရာမှ ယခုလို ဗဟိုတရားရုံးချုပ်သို့ တင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုလို အယူခံဝင်ရန် အခွင့်အရေး ရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ ရှေ့နေတဦးက နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး အိုင်အယ်အို အနေဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနှင့် တွေ့ဆုံခဲ့ခြင်း၏ နောက်ဆက်တွဲ ရလဒ်တခု ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
သူက “အိုင်အယ်အိုရဲ့ ဖိအားကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့အားက ဘယ်လောက် လိုအပ်နေတာလဲ ဆိုတာ ပြနေတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အိုင်အယ်အိုသည် သူတို့ ၆ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စစ်အစိုးရထံ မေတ္တာရပ်ခံ တောင်းခဲ့သေးသည်။
တရားစီရင် ဆုံးဖြတ်ခဲ့ရာတွင် တရားခံများအနေဖြင့် ရှေ့နေမပါဘဲ အမှုကို ရင်ဆိုင်ခဲ့ရပြီးနောက် ရှုံးနိမ့်ခဲ့ကြရသည်။ အကျိုးဆောင် ရှေ့နေများအဖြစ် ဆောင်ရွက်ပေးနေသော ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်အား အင်းစိန်ထောင်တွင်း တရားရုံးသို့ အမှုကိစ္စအတွက် ဝင်ရောက်ရာတွင် ထောင်အာဏာပိုင်များ၏ လက်ခံဘွယ်ရာ မရှိသည့် တင်းကျပ်သော စစ်ဆေးမှုများကို အကြိမ်ကြိမ် ခံခဲ့ရအပြီး ရှေ့နေပါဝါကို ရုပ်သိမ်းခဲ့သည်။ နောက်ပိုင်း စီရင်ချက်ချအပြီးတွင် ပါဝါ ပြန်လည်ရယူကာ ရှေ့နေအဖြစ် ပြန်လည် အကျိုးဆောင်ပေးခဲ့သည်။
ရှေ့နေ ဦးအောင်သိန်းက “အခုဆို ဟိုတုန်းကလို ရှာတာဖွေတာ၊ စစ်တာဆေးတာတွေ မလုပ်တော့ပါဘူး။ လွတ်လွတ်လပ်လပ် လုပ်လို့ ရလာတာပေါ့။ မဟုတ်ရင်တော့ ကျနော်တို့လည်း မလုပ်ပါဘူး” ဟု ပြောသည်။
ဖမ်းဆီး ခံထားရသူများ၏ မိသားစုဝင်များ အနေနှင့် လက်ရှိအချိန်တွင် ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်ရန် မျှော်လင့်ထားကြောင်းနှင့် အိုင်အယ်အို၏ အကူအညီကိုလည်း အပြည့်အဝ မျှော်လင့်နေကြောင်း ဦးအောင်သိန်းက မဇ္ဈိမကို ပြောပြသည်။
“သူတို့ရဲ့ မိသားစုတွေကတော့ အခု ၇ဝ ရာခိုင်နှုန်းလောက် လွှတ်ဖို့ မျှော်လင့်ထာတာပေါ့” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ထောင်ဝင်စာကိုတော့ နှစ်ပတ်တကြိမ် တွေ့ခွင့်ရပါတယ်။ သူတို့အားလုံး ကျန်းမာရေးကတော့ ကောင်းတာပေါ့။ သူတို့အားလုံးကတော့ ပြန်လွတ်ဖို့ မျှော်လင့်နေတယ်။ အိုင်အယ်အိုကလည်း အတတ်နိုင်ဆုံး ကူညီမယ်လို့တော့ ပြောပါတယ်” ဟု ပြောသည်။

No comments: