Tuesday, March 18, 2008

ကမ္ဘာအေးဘုရားကို လုံထိန်းများ ဝိုင်းထား

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ ရန်ကုန်ရှိ ကမ္ဘာအေးဘုရားကို လုံထိန်း စစ်သားများက ယနေ့တွင် ပိတ်ထားလိုက်ပြီး အခြား ဘုရားများကိုလည်း လုံခြုံရေးအပြည့် ချထားသည်။
"အခု ကမ္ဘာအေးဘုရားကို စစ်တပ်က ပိတ်ထားလိုက်ပြီ။ ဘာဖြစ်လို့လည်း မသိဘူး၊ စစ်တပ်က ပိတ်လိုက်ပြီ။ တံခါးကို ပိတ်လိုက်တာ။ ဘယ်သူမှ ဝင်လို့ မရတော့ဘူး။အရှေ့မျက်နှာစာကို တပ်စိပ် ၆ စိပ်လောက် ရှိတယ်။ ကား ၄ စီးနဲ့" ဟု မျက်မြင် တွေ့ရှိသူတဦးက ပြောသည်။
စစ်သားအပြည့်ပါသည့် ကား ၄ စီး ရပ်ထားသဖြင့် လုံထိန်းစစ်သားများမှာ အနည်းဆုံး ၁ဝဝ ကျော် ရှိမည်ဟု သူက ခန့်မှန်းထားသည်။
မည်သည့် အကြောင်းကြောင့် လုံခြုံရေးများ ပိတ်ဆို့မှု လုပ်သည်ကို မသိရသေးသော်လည်း ဗုဒ္ဓဘာသာ ရဟန်းတော်များ တကျော့ပြန် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်မည် ဆိုသော ကောလာဟလများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ဖွယ် ရှိသည်။
ဗိုလ်တထောင်ဘုရားနားတွင်လည်း လုံခြုံရေး အပြည့်ချထားသည်ကို ရန်ကုန်မြို့သားများ တွေ့မြင်ကြရသည်။

No comments: