ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008
ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။
စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်။
No comments:
Post a Comment