Friday, January 1, 2010

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်ဒီ ကြေညာ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆွေးနွေးပွဲများ ဖိတ်ကြားသည့်အခါ စစ်အစိုးရက ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် နှစ်ဦးကို ထည့်သွင်းဖိတ်ကြားခြင်း မရှိသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါရှိသည့် CEC အမည်စာရင်းကို အန်အယ်ဒီက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ထို CEC အဖွဲ့ဝင် နှစ်ဦးမှာ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ဖြစ်ပြီး၊ ယခု CEC စာရင်းကို အန်အယ်ဒီက ရွေးကောက်ပွဲ ကော်မရှင်နှင့် နအဖ ဥက္ကဋ္ဌ ထံ ပေးပို့အသိပေးခဲ့ပြီး ဖြစ်သည်။

“နိုင်ငံခြားက ဧည့်သည်တွေ၊ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေ၊ UN က လာတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ၊ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဖို့ဆိုပြီး ခေါ်တွေ့တဲ့အခါမှာ နာမည်စာရင်းတပ်ပြီးတော့ ဖိတ်တာတွေ ရှိတယ်။ အဲလိုလာတွေတဲ့ အခါမျိုးမှာ အခုနောက်ဆုံး လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်တို့၊ ဦးခင်မောင်ဆွေတို့ ဖိတ်တဲ့ အထဲမှာ မပါဘူး” ဟု ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က CEC နှင့် တွေ့ဆုံခွင့်ပြုရေးအတွက် စစ်အစိုးရထံ တောင်းဆိုခဲ့ရာ သူတို့နှစ်ဦး အပါအဝင် CEC အဖွဲ့ဝင်အားလုံးနှင့် တွေ့ခွင့်ပေးရန်ဖြစ်ကြောင်း သူက ပြောသည်။

CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ) ၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) ၊ ဦးလွင် (အတွင်းရေးမှူး) ၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သည်။ သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) မှာမူ အကျဉ်းထောင်အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

No comments: