Wednesday, January 23, 2008

မြန်မာ့အရေးအတွက် ထိုင်းအစိုးရသစ်အပေါ် စိုးရိမ်မကင်းဖြစ်

နေသွင်
ချင်းမိုင်။ ။ လူထု ရွေးကောက်ပွဲ စနစ်ဖြင့် ပေါ်ထွက်လာပြီဖြစ်သော ထိုင်းအစိုးရသစ် အနေနှင့် နအဖ စစ်အုပ်စုကို ဖက်လဲတကင်း ဆက်ဆံ လာနိုင်သည့်အတွက် ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများက စိုးရိမ်မကင်း ဖြစ်နေကြသည်။
ထိုင်းနိုင်ငံတွင် ၁၆ လခန့် သက်တမ်း ကြာမြင့်ခဲ့သည့် စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ရာတွင် အမတ်နေရာအများစု အနိုင်ရလိုက်သော ပြည်သူ့အင်အားပါတီ (ပီပီပီ) နှင့် အခြားပါတီငယ် ၅ ပါတီတို့၏ ညွန့်ပေါင်းအစိုးရအပေါ် ထိုင်းအခြေစိုက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ယခုလို စိုးရိမ်မကင်း ဖြစ်နေသည်။
“အခုတက် လာမယ့် အစိုးရပေါ့လေ၊ ပီပီပီ ပါတီပေါ့နော်။ အရင်တုန်းက ထိုင်းရတ်ထိုင်းပါတီရဲ့ တဖြစ်လဲပါတီပဲ။ ကျနော်တို့ မြင်တာက ပေါ်လစီအရ မစ္စတာသက်ဆင် အစိုးရ ပေါ်လစီအရ သွားမယ်လို့ မြင်တယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (ဘန်ကောက်ရုံးခွဲ) မှ ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာ စန်းအောင်က ပြောသည်။
အစိုးရသစ်သည် မစ္စတာသက်ဆင် လက်ထက်တွင် တည်ရှိခဲ့သော မြန်မာ စစ်အစိုးရနှင့် စီးပွားရေးအရ တရင်းတနှီး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ အစိုးရအကြား ရင်းနှီးမှုကိုသာ ဦးစားပေး တည်ဆောက်မည်ဟု မျှော်လင့်ရပြီး၊ မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ပြောဆိုမည်ဟု မယူဆကြောင်း ဝန်ကြီး ဒေါက်တာစန်းအောင် က ဆက်ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိဏ်းက “ထိုင်းနိုင်ငံက နိုင်ငံရေး အပြောင်းအလဲဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားတာကို တွေ့ရတယ်။ အခုတက်တာက ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာမယ်လို့ ယုံကြည်တယ်။ ဒီအတွက် အားလုံးဟာ၊ ကိုယ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီ တိုက်ပွဲဝင်နေတာဆိုတော့ အဆိုးဆုံး အခြေအနေအထိ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့တော့ မြင်တယ်” ဟု ပြောသည်။
အစိုးရသစ်ကို ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံ ခေါင်းဆောင်များက ကြိုဆိုကြသော်လည်း နအဖ စစ်အစိုးရနှင့် ဆက်ဆံရာတွင် ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင် လက်ထက်က အလေးထားခဲ့သော စီးပွားရေးအပေါ် ဦးစားပေးလွန်းသည့် မူဝါဒမျိုးကို မနှစ်သက်ကြောင်း ပြောဆိုကြသည်။
ဒီ့အပြင် လက်ရှိ ဝန်ကြီးချုပ်သည် ညွန့်ပေါင်းအစိုးရ၏ ပေါင်းစည်းမှုကို ရေရှည်ထိန်းသိမ်းရေး၊ တကျော့ပြန် စစ်အာဏာသိမ်းမှု မပေါ်ပေါက်စေရေး အစရှိသည့် ပြည်တွင်းရေးကိစ္စများကို အရေးတကြီး ကိုင်တွယ်ရမည် ဖြစ်သဖြင့် မြန်မာ့အရေးကို အာရုံစိုက်နိုင်မည် မဟုတ်ဟုလည်း သုံးသပ်ကြသည်။
သို့သော်လည်း မြန်မာမှ ထိုင်းသို့ အများအပြား ဝင်ရောက်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ ဒုက္ခသည်အရေးနှင့် မူးယစ်ဆေးဝါး ပြဿနာသည် ဒေသတွင်း ပြဿနာအဖြစ် ဆက်လက် တည်ရှိနေသဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာအား ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပူးပေါင်းသင့်ကြောင်းလည်း တိုက်တွန်းကြသည်။
အာဏာရပါတီ ပီပီပီသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၈ဝ ရှိသည့်အနက် အခြားပါတီ ၅ ခုနှင့် ပူးပေါင်းကာ ၃၁၅ နေရာ ရရှိထားပြီး ပါတီခေါင်းဆောင် မစ္စတာ Samak Sundaravej (၇၂ နှစ်) သည် လာမည့် သောကြာနေ့တွင် အရပ်သားအစိုးရ၌ ဝန်ကြီးချုပ် ဖြစ်လာပါက သူသည် ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်မည်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်နှင့် နီးစပ်သူ မစ္စတာ Samak Sundaravej ပီပီပီ ပါတီတွင် မစ္စတာသက်ဆင်၏ ထိုင်းရတ်ထိုင်း ပါတီမှ ခေါင်းဆောင်အများစု ပါဝင်နေသဖြင့် အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ဟောင်းက နောက်ကွယ်မှ ကြိုးကိုင်သွားနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

No comments: