Friday, January 11, 2008

"Darfur Now" (ရုပ်ရှင်အညွန်း)

ငြိမ်းချမ်းငြိမ်း

နိုဝင်ဘာလဆန်းမှစ၍ ကမ္ဘာတဝှမ်းတွင် ရုံတင်ပြသခဲ့သည် “Darfur Now” ဇာတ်ကားမှာ ကမ္ဘာပေါ်တွင် ဘေးအန္တရာယ် အထူပြောဆုံး နေရာတခုဟု ကမ္ဘာက သတ်မှတ်ခံထားရသည့် ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါမာဒေသမှ မျှော်လင့်ချက် ကင်းမဲ့နေသည့် လူပုဂ္ဂိုလ်ခြောက်ယောက်၏ ဘဝဇာတ်ကြောင်းကို မှတ်တမ်းရုပ်ရှင် ပုံစံဖြင့် တင်ဆက်ထားခြင်း ဖြစ်သည်။ "Darfur Now" ဇာတ်ကားကို ဒါရိုက်တာ Ted Braun(TheadoreBraun)က ရိုက်ကူးထားခြင်း ဖြစ်သည်၊၊ ဒါရိုက်တာ Ted Braun ၏ လက်ရာ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ ၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့ကည့် "We're Here To Speak For Justice" ဆိုသည့် ဇာတ်ကား ဖြစ်သည်၊၊ ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်ရေး နယ်ပယ်မှ၂ဝဝ၇ ခုနှစ်တွင် နိုင်ငံတကာမှ စိတ်ဝင်စားမှု ရှိနေသည့် ကမ္ဘာ့ အရေးကိစ္စများနှင့် ပက်သက်၍ ဆီဗက်စတာ စတားလုံး သရုပ်ဆောင်ထားသည့် Rambo ဇာတ်ကား၊ အာဖဂန်နစ္စတန် အရေးကိစ္စနှင့် ပက်သက်၍ မင်းသား တွမ်ခရု(စ်) နှင့် မင်းသမီး မာရိုင်း(လ်) စထရပ်တို့ ပါဝင် သရုပ်ဆောင်ထားသည့် "LionsForLambs" ဇာတ်ကား၊၂ဝဝ၂ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ အစွန်းရောက်တွေရဲ့ ခေါင်းဖြတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ Wall Street Journal သတင်းထောက် ဒယ်နီယ(လ်)ပါး အကြောင်းကို ရိုက်ကူးထားသော အော်စကာ မင်းသမီး အိန်ဂျလီနာဂျိုလီ ပါဝင် သရုပ်ဆောင်ထားတဲ့ Mighty Heart စသည့် ဇာတ်ကားများမှာ လူကြိုက်များကြသည်။ Mighty Heart ဇာတ်ကားမှာ မင်းသား ရောဘတ်ရက်(ဒ်)ဖို့ က သူကိုယ်တိုင် သရုပ်ဆောင်လုပ်ပြီး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်၊၊
"Darfur Now" ဇာတ်ကားတွင် ထိုဒေသအရေး၌ တက်ကြွစွာ ပါဝင်လှုပ်ရှားသည့် နိုင်ငံတကာမှ ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ ဒေသခံများနှင့် ထိုအရေးကိစ္စများတွင် ကိုယ်တိုင်ကိုယ်ကျ စွက်ဖက် ပါဝင်နေသူများ သရုပ်ဆောင်ထားကြသည်၊၊၂ဝဝ၄ ခုနှစ်ဆီက ရုံတင် ပြသခဲ့သည့် "Hotel Rawanda" ဇာတ်ကားတွင် တွတ်စီလူမျိုးများကို ဟူတူလူမျိုး ဟိုတယ် မန်နေဂျာ Paul Rusesa Bagina အဖြစ် သရုပ်ဆောင်ခဲ့ပြီး အော်စကာဆု လျာထားခံခဲ့ရသည့် လူမည်းမင်းသား Don Cheadle ပါဝင် သရုပ်ဆောင်ထားသည်။ သူနှင့်အတူ နယ်သာလန်နိုင်ငံ သည်ဟိ(ဂ်)မြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာ တရားရုံးက ရှေ့နေ လူဝစ်မိုရီနိုအိုကမ်ပို၊ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၏ ဇနီး ဖြစ်သူ ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတဲ့ အထက် လွှတ်တော်အမတ် ဟီလာရီ ကလင်တန်တို့ ပါဝင် သရုပ်ဆောင်ထားကြသည်၊၊ Darfur Now ဇာတ်ကားတွင် ဟီလာရီ ကလင်တန်က ဒါဖာအရေး ကိစ္စများနှင့် ပက်သက်၍ အမြဲတမ်း စောင့်ကြည့် လေ့လာနေသူအဖြစ် လူဝစ်မိုရီနိုကမူ နိုင်ငံတကာ တရားရုံးများတွင် လူမျိုးတုံး သတ်ဖြစ်မှုများအတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည့် ဆူဒန် ပြည်ထဲရေးဝန်ကြီး အာယက်ဟာရွန်၊ Janjaweed ပြည်သူ့စစ် ခေါင်းဆောင် အလီကွတ်ရှ်ဟပ် တို့အား ဖမ်းဝရမ်း ထုတ်ထားသည့် ကိစ္စများတွင် ကိုင်တွယ် ဆောင်ရွက်နေရသူ အဖြစ်၊ မင်းသား Don Cheadle ကမူ သူ၏ ကျော်ကြားမှုကို အသုံးပြုပြီး ဒါဖာအရေးကိစ္စအား ကမ္ဘာက အာရုံစိုက်လာရန် လှုပ်ရှား ဆာင်ရွက်ရသူအဖြစ် အဓိက ပါဝင်ထားကြပါသည်၊၊ ဂျွန်ပရင်ဒါဂတ်(စ်)က ဆူဒန်နိုင်ငံမှာလူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး လူအခွင့်အရေး တက်ကြွစွာ ပါဝင် ဆောင်ရွက်သူအဖြစ် သရုပ်ဆောင်ထားကြပါတယ်၊၊
ဒီဇာတ်ကားဟာ၂ဝဝ၃ ခုနှစ် ကတည်းက စတင်ဖြစ်ပွားနေသည့် အာဖရိက လက်နက်ကိုင် လူမျိုးနွယ်စုများ၊ ဆူဒန်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် အစွန်းရောက် အစ္စလာမ်မစ်များ ခရစ်ယာန် ဘာသာဝင်တို့ကြား ပဋိပက္ခများကြောင့် လူနှစ်သိန်းကျော်ခန့် သေကြေခဲ့ကြပြီး လူဦးရေ နှစ်သိန်းခွဲကျော် နေရပ်ဒေသများကို စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရင်နင့်ဖွယ်ရာ ဖြစ်ရပ်များကို အသားပေး ဖော်ပြ၍ ရိုက်ကူး တင်ဆက်ထားခြင်း ဖြစ်သည်။ ထိုလူမျိုးတုံး သတ်ဖြတ်မှုများမှာ ယခုအချိန်ထိ မပြီးဆုံးနိုင်သေးပဲ ထိုကိစ္စများ အတွက် အဓိက တရားခံဖြစ်သည့် ဆူဒန်အစိုးရအား လက်နက် တပ်ဆင် ထောက်ပံ့နေသည့် တရုတ်နှင့် လစ်ဗျားအစိုးရကိုပါ ကမ္ဘာ့ငြိမ်းချမ်းရေး လိုလားသူများက ဆန့်ကျင် ကန့်ကွက် လှုပ်ရှားမှုများကိုလည်း ဖော်ပြထားသည်။ တရုတ်နှင့် အီဂျစ်နိုင်ငံမှာ ဆူဒန်၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများဖြစ်ပြီး ဆူဒန်နိုင်ငံမှ ထွက်ရှိသည့် ရေနံ ခြောက်ဆယ် ရာခိုင်နှုန်းကျော်ကိုလည်းတရုတ်က ဝယ်ယူ တင်သွင်းနေခြင်း ဖြစ်သည်၊၊
ဆူဒန်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်သူ့စစ်များထဲမှ ဒေသအခေါ် မြင်းကုန်းနှီးပေါ် ဓားလွတ်ကိုင်ထားသည့် ပုဂ္ဂိုလ်များ (Janjaweed) များကြောင့် လူပေါင်းများစွာမှာ အသက်ဆုံးရှုံးခဲ့ရသည်။ ဂျန်ဂျာဝိတို့၏ ရက်စက်ယုတ်မာမှုမှာ လသားအရွယ် ကလေးငယ်များကိုပင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၍၎င်း၊ ဆယ်ကျော်သက် အရွယ်များကိုလည်း အရှင်လတ်လတ် ခြေလက်များကို ဖြတ်ပစ်ခြင်းဖြင့် ယုတ်မာမှု ကမ်းကုန်ခဲ့သည်။ အချို့မှာလည်း ၎င်းတို့၏ စုတ်ချာ ကြမ်းတမ်းလှသည့် နေရင်းဒေသများကို စွန့်ခွာ ထွက်ပြေးပြီး ချဒ်နိုင်ငံ နယ်စပ်နှင့် ကပ်နေသည့် ဒုက္ခသည် စခန်းများသို့ အသက်လွတ်အောင် ထွက်ပြေးရသည့် ဖြစ်ရပ်များ၊ နိုင်ငံတကာမှ ကူညီ ထောက်ပံ့ပေးနေသည့် ရိက္ခာ ကားတန်းများကို ဆူဒန် လက်နက်ကိုင်တပ်များက နှောင့်ယှက်ဖျက်ဆီး၍ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို စစ်တပ်အတွက် ယူငင်သွားပုံကို ကြေကွဲဖွယ်ရာများအဖြစ် တွေ့ရမည် ဖြစ်သည်။ ဆူဒန်နိုင်ငံ ဒါဖာဒေသနှင့်မခြား ဒုက္ခပင်လယ် ဝေနေရသည့် မြန်မာနိုင်ငံသား အပေါင်းအတွက် ထိုဇာတ်ကားမှာ ၂ဝဝ၄ ခုနှစ်ထုတ် ရုပ်ရှင်ဇာတ်ကားများတွင် လက်မလွတ်တမ်း ကြည့်ရှုသင့်သည့် ဇာတ်ကား ဖြစ်သည်၊၊

No comments: