Thursday, January 17, 2008

ချိန်ကိုက်ဗုံးခြောက်လုံးနှင့် အချုပ်ခန်းထဲက နံနက်စာ (ဆောင်းပါး)

စိုးဇေယျထွန်း
၂၀၀၆ ခုနှစ် နှစ်ဦးပိုင်းကာလက ဖြစ်သည်။
ခပ်ဝေးဝေးမှ ပေါက်ကွဲသံလိုလို အသံကြောင့် ကျနော် အိမ်နေရာမှ လန့်နိုးလာသည်။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာရီ ကျော်နေပြီ။
ထုံးစံ အတိုင်းဆို ကျနော့်မှာ အစောကြီး အိပ်တတ်သည့် အကျင့်မရှိပါ။ ပုံမှန်အားဖြင့် ညနှစ်နာရီ ကျော်မှသာ အိပ်ဖြစ်သည်။ ရုံးပိတ်သော စနေလို ညမျိုးဆိုလျှင် နေထွက်လောက်မှ အိပ်ဖြစ်သည်။ ထိုသို့ ညပိုင်း အအိပ်နည်းသော ကျနော်သည် ထိုနေ့က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခဏလဲခိုက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ကျနော် အိပ်ရာမှ လူလဲထက ၀ရံတာကို ထွက်ကြည့်လိုက်တော့ ကျီးကန်း အော်သံ ဆူဆူ ကြားရသည်။ ထို့ကြောင့် မအိပ်သေးသော သူငယ်ချင်းများကို ဘာဖြစ်တာလဲဟု ကျနော် လိုက်မေးကြည့်သေးသည်။ သူတို့က မသိကြ။ ပေါက်ကွဲသံလိုလို အသံတသံ မကြားမိဘူးလားဟု ကျနော်က မေးတော့လည်း သူတို့က မကြားမိကြပြန်ဘူး။ ထို့ကြောင့် ကျနော် ပြန်အိမ်မည်ဟု စီစဉ်နေတုန်း နောက်ထပ် ပေါက်ကွဲသံ တသံကို ထပ်ကြားရပြန်သည်။
သေချာပြီ တနေရာရာမှာတော့ ဗုံးပေါက်ပြီ။ ယခု တဖန်ကြားရသော အသံသည် ကျနော်တို့ သိပ်ဝေးပုံ မပေါ်။ ထို့ကြောင့် ကျနော် ကင်မရာကို ယူကာ အောက်သို့ ဆင်းလာခဲ့သည်။
မဟာဗန္ဒုလ လမ်းပေါ်ရောက်တော့ လမ်းထိပ် ဆိုက္ကားဂိတ်က လူတချို့က ပုစွန်တောင် ဘက်ကို လှမ်းကြည့် နေကြသည်။ ကျနော် မေးကြည့်တော့ ဗုံးပေါက်တာ ထင်တယ် ဆိုရုံကလွဲပြီး သေသေချာချာ မသိကြ။ ကုန်သည် လမ်းဘက်ကို ကျနော် လှမ်းမျှော် ကြည့်ပြန်တော့ အဲဒီ ဘက်က လူစုကလည်း ပုစွန်တောင်ဘက်ကို လှမ်းမျှော် ကြည့်နေကြသည်။ ထို့ကြောင့် ကျနော် ကုန်သည်လမ်းဘက် ဆီသို့ ဆင်းလာခဲ့သည်။
ကုန်သည်လမ်း ရောက်တော့ ဗိုလ်အောင်ကျော် လမ်းဆီမှ လူတယောက်က ကျနော်တို့ ဘက်ကို လာနေသည်။ သူ့လက်ထဲတွင်လည်း ကျီးကန်း အသေတကောင်ကို ကိုင်ထားသည်။ ဗုံးဘယ်နားမှာ ကွဲတာလဲလို့ အဲလူကို မေးတော့ ဗိုလ်အောင်ကျော်နဲ့ ကုန်သည် လမ်းဒေါင့်မှာတဲ့။
ကျနော် ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ဒေါင့်ကို ရောက်တော့ လူတယောက် ဓာတ်မီးတလက်နဲ့ ရပ်နေသည်။ သူက ဗုံးကွဲသည့် နေရာကိုလည်း ကြည့်ချင်သေးသည် ကြည့်ကလည်း မကြည့်ရဲ ဖြစ်နေသည်။ ကျနော်က သူ့ဆီက ဓာတ်မီးငှားပြီး သွားကြည့်တော့ ထို လမ်းဒေါင့်ရှိ လျှပ်စစ်ဘရိတ်ကာ ပုံးကြီးကို ဗုံးကွဲထားသည်ကို တွေ့ရသည်။ ဗုံးရမ်းအား ပျော့၍လား မသိ သိပ်ကြီးကြီးမှား အပျက်အစီး မရှိပေ။ သို့ပေမယ့် ထိုဘရိတ်ကာ ပုံအပေါ်ရှိ အပင်ပေါ်မှ ကျီးကန်းများကတော့ ဆူဆူညံညံ ဖြစ်နေကြသည်။ ကျနော်လည်း ဓာတ်ပုံ နှစ်ပုံသုံးပုံ ရိုက်ကာ ရုံးသို့ ပြန်လာခဲ့သည်။
ကျနော် ပြန်ရောက်တော့ သူငယ်ချင်းတွေက ကျနော် ရိုက်ခဲ့သော ဗုံးကွဲသည့် ပုံများကို ပြန်ကြည့်ကြသည်။ ကင်မရာ LCD တွင်ကြည့်တာ အားမရကြတာကြောင့် ကွန်ပျူတာအတွင်း ထည့်ကာ ကြည့်ရန် ပြင်ကြသည်။ ထိုသို့ ပုံများ ကွန်ပျူတာ အတွင်းသို့ ထည့်ရန် ပြန်နေတုန်း နောက်ထပ် ပေါက်ကွဲသံ နှစ်ချက်ကို ထပ်ကြားရသည်။
ထို့ကြောင့် ကျနော် ကင်မရာကို ပြန်ယူကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ကျနော် ဆင်းသာ ဆင်းလာရသည် ပထမအသံ ကြားတုန်းကကဲ့သို့ပင် မည်သည့်နေရာတွင် ကွဲသည်ကိုကား ခန့်မှန်း၍ မရ။ ထုံးအစံအတိုင်း အထက်အောက် ကြည့်လိုက်တော့ လူတွေက ကုန်သည် လမ်းထပ်မှာပဲ စုနေပြီး ဗိုလ်အောင်ကျော်လမ်းဘက်ကိုပဲ ကြည့်နေကြသည်။ ထို့ကြောင့် ကျနော် ပထမဗုံးကွဲသည့် နေရာသို့ပင် ဆက်လာခဲ့သည်။
ကျနော် စောစောက ဓာတ်ပုံရိုက်သွားသည့် နေရာရောက်တော့ ရဲတွေနှင့် တခြား ဓာတ်ပုံ သမားတွေ ရောက်နေကြပြီ။ ထို့ကြောင့် ကျနော်လည်း အခြား ဓာတ်ပုံ သမားများနှင့် အတူ ပထမ ကျနော် ရိုက်ခဲ့ပြီးသား နေရာကို ပင်ထပ်ကာ ရိုက်လိုက်သေးသည်။
ယခု ဗုံးကွဲခြင်းသည် စုစု ပေါင်းငါးလုံး ရှိသွားပြီ ဖြစ်ပြီး တလုံးကိုတော့ လမ်းမတော် ဘက်တွင် မကွဲမှီ တွေ့ရှိလိုက်ကာ ဗိုလ်အောင် ကျော်လမ်းထဲတွင်ပင် နှစ်နေရာ ကွဲသည်ဟု ရဲများ၏ ပြောစကား အရသိရသည်။ သို့ပေမယ့် ဗိုလ်အောင်ကျော် လမ်းထဲက နောက်တနေရာ ဘယ်နားမှာကွဲမှန်း ရှာ၍မရသေး။ ထိုအချိန်တွင် စာတိုက်ကြီးဘက်မှ လူတဦး ရောက်လာပြီး ဗုံးကွဲသည့် နောက်တနေရာကို လိုက်ပြသည်။ ဗုံးကွဲသည့် နေရာမှာ Silver Oak အနီးရှိ ဆက်သွယ်ရေး ရုံးအရှေ့တွင် ဖြစ်သည်။ ပထမ နေရာနှင့် ဒုတိယနေရာ အလွန်ဆုံး ပေနှစ်ရာခန့်သာ ကွာမည် ထင်သည်။
ထိုနေရာတွင် ကျနော်တို့ ဓာတ်ပုံ ရိုက်နေခိုက် တိုင်းမှူးနှင့် ရဲချုပ်ရုံးမှ ရဲအရာ ရှိများ ရောက်လာကြသည်။ သူတို့ ပြောနေသော စကားသံများအရ အခြားလေးနေရာမှာ လမ်းလေးဆယ် ဗိုလ်ချုပ်လမ်းထိပ်၊ ဆူးလေ အနော်ရထာထိပ် ရထားသံလမ်း နဲ့ လမ်းမတော် မြို့နယ်အတွင်း တို့မှာ ဖြစ်ကြောင်း ကျနော် သိလိုက်သည်။ ထို့ကြောင့် ကျန်နေရာများကိုလည်း သွားရိုက်ရန် ကျနော် လှည့်ထွက်လာခဲ့သည်။
လမ်းလေးဆယ်နှင့် ဗိုလ်ချုပ်လမ်းထိပ် ရောက်တော့ ထရန်စဖော်မာကို ဗုံးခွဲထားသည်ကို တွေ့ရသည်။ ဗုံးအားသေးသောကြောင့် ထရန်စေဖော်မာကို ထိခိုက်မှု မရှိသော်လည်း ကာရံထားသည့် အုတ်ထရံများ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ ကျနော်လည်း ထိုနေရာတွင် ဓာတ်ပုံ နှစ်ပုံ၊ သုံးပုံခန့် ထပ်ရိုက်လိုက်သည်။ ထိုသို့ ရိုက်နေတုန်း AFP မှ ဓာတ်ပုံဆရာ ရောက်လာသည်။ နောက်ထပ် ကွဲသည့်နေရာ ရွှေမြင်းပျံ စတိုးအရှေ့ (ဂျပန် သတင်းထောက် သေသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်) မှာကွဲခြင်း ဖြစ်ပြီး သူကတော့ ရိုက်ခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ထိုနေရာတွင် ရိုက်ရန် ဆက်လက် ထွက်ခဲ့သည်။
ကျနော်လည်း ဒီတိုင်းသွားရမှာ ခြေညှောင်းသောကြောင့် ဆိုက္ကားငှားပြီး ထွက်လာခဲ့သည်။ ရွှေမြင်းပျံ စတိုးအရှေ့ကို ရောက်တော့ အစောင့်ချထားသော ရဲနှစ်ယောက်ကို တွေ့ရသည်။ ကျနော်က ထိုရဲ နှစ်ယောက်ကို ဗုံးကွဲသည့် နေရာအား မေးကာ ဓာတ်ပုံ နှစ်ချက်ရိုက်လိုက်သည်။
ထိုအခါ ရဲနှစ်ယောက်က ဘာဖြစ်လို့ ဓာတ်ပုံရိုက်တာလဲဟု မေးသည်။ ကျနော် ဂျာနယ်တိုက်က ဖြစ်ကြောင်း ပြောသည်။ သူတို့က ဂျာနယ်တိုက် အမည် မေးသည်။ ကျနော်က ဂျာနယ်တိုက် အမည်ပြောကာ ပြန်မည် လုပ်နေတုန်း ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဟု ဆိုကာ ဝေါ်ကီ တော်ကီ ကိုင်ထားသော သုံးပွင့်နှင့် စစ်ဗိုလ်တဦး ရောက်လာသည်။
ရဲများက ဓာတ်ပုံ ရိုက်သွားကြောင်း ပြောတော့ ထိုသုံးပွင့်နှင့် စစ်ဗိုလ်က ပုံများကို ဖျက်ပစ်ခဲ့ဖို့ ကျနော့်ကိုပြောသည်။ စောစောက တိုင်းမှုး အရှေ့တွင် ရိုက်တာတောင် ဘာမှ မပြောသည့်ဟာကို သူကလာပြီး ဖျက်ဖို့ ပြောနေတော့ ကျနော်လဲ မဖျက်နိုင်ဘူးဟု ပြောလိုက်သည်။ ဖျက်ပြီးသား ပုံများကို Recovery ဆော့ဖ်ဝဲနှင့် ပြန်ခေါ်လျှင် ရသည်ကိုလည်း ထိုစဉ်က မသိသေးပါ။ ထို့ကြောင့် ခဲရာခဲဆစ် ရိုက်ထားသည့် ပုံများကို ကျနော် ဘယ်နည်းနှင့်မျှ ဖျက်မပေးနိုင်ပါ။
ထိုအခါ သုံးပွင့်နှင့် ပုဂ္ဂိုလ်က မဖျက်ပေးနိုင်လျှင် ကင်မရာ ထားခဲ့ရမည်ဟု ပြောသည်။ ကျနော်လည်း သူ့ကို ကင်မရာ ပေးလိုက်သည်။ ထို့နောက် ကျနော်က ထိုပုဂ္ဂိုလ် နာမည်နှင့် တာဝန် ဌာနတို့ကို ပြန်မေးသည်။ ကျနော် မေးသည့် ရည်ရွယ်ချက်မှာ အခြားတော့ မဟုတ် နောက်တနေ့ ကင်မရာ ပြန်ရွေးရန်အတွက် ကိုယ့်ကင်မရာကို မည်သူက သိမ်းသွားသည်ကို သိရန်ဖြစ်သည်။
ကျနော်လည်း ကင်မရာကို စစ်ဗိုလ် လက်ထဲသို့ ထည့်ကာ ပြန်ထွက်ရန် အတွက် ဆိုက္ကားပေါ်သို့ တက်ခဲ့သည်။ ဆိုက္ကား ထွက်မည်ပြုစဉ် ခဏလာဦးဟု ဆိုကာ စောစောက စစ်ဗိုလ်က ပြန်ခေါ်သည်။ ကျနော်လည်း ဆိုက္ကားပေါ်က ဆင်းသွားတော့ သူနဲ့ခဏ လိုက်သွားလိုက် ဆိုကာ ရဲတပ်ကြပ်ကြီး တဦးနှင့် ကျနော့်ကို ထည့်ပေးလိုက်သည်။
ရဲတပ်ကြပ်ကြီးက ကျနော့်ကို ကျောက်တံတား ရဲစခန်းသို့ ခေါ်သွားသည်။ ကျနော်လည်း ရဲစခန်းရောက်မှ ရုံးကို ဖုန်းလှမ်းဆက်ရင် ရုံးက လိုက်ရှင်းလိမ့်မည် ဟုတွေးကာ အေးအေး ဆေးဆေးပင် လိုက်ခဲ့သည်။ ရဲစခန်းရောက်တော့ နာမည်၊ အသက်၊ နေရပ်၊ အလုပ်အကိုင်တို့ကို မေးကာ စာအုပ်ကြီးထဲတွင် ရေးထည့်နေသည်။ ထိုသို့ ကျနော့်ကို ထိုင်ခုံတွင် ထိုင်ခိုင်းထားသည်။ ကျနော်က ရုံးကို ဖုံးခေါ်ပေးရန် ပြောသောအခါ ခေါ်ပေးခြင်းမရှိ။ စစ်ဒေသမှ အပ်ထားခြင်း ဖြစ်သောကြောင့် သူတို့ခေါ်ဆိုခွင့် ပေးနိုင်ခြင်း မရှိဟုဆိုသည်။
ခဏလောက် ကြာတော့ လူကြီးတွေ လာမည်ဖြစ်ကြောင်း ကျနော့်ကို ခုံတန်းမှာ မထိုင်ဘဲ အတွင်းခန်းတွင် ထိုင်ရန် ပြောသည်။ ထို့ကြောင့် ကျနော် အတွင်းခန်းသို့ ၀င်ခဲ့ရသည်။ ကျနော် အတွင်းခန်းထဲသို့ ရောက်သည်နှင့် အပြင်က တံခါးကို သော့ခတ် လိုက်ကြသည်။ ကျနော်လဲ ခတ်ပါစေ ဆိုပြီး အသာ ကြည့်နေ လိုက်သည်။ အတွင်းခန်းဆိုသည်မှာ တာဝန်မှူးအခန်းနှင့် အချုပ်ခန်းကြားရှိ အခန်းလေး တခန်း ဖြစ်သည်။ ကျနော်နှင့် အချုပ်ခန်းနေရာသည် ဆယ်ပေခန့်သာ ဝေးတော့မည် ထင်သည်။ ထို့ကြောင့် အချုပ်ခန်းအတွင်းမှ အချုပ်သားများကို လှမ်းမြင်နေရသည်။
ထိုကဲ့သို့ အချုပ်သားများထဲတွင် ကျနော်နှင့် သိသော အရာရှိကြီး တယောက်ကိုလည်း တွေ့ရသည်။ ထိုအရာရှိကြီးသည် လုပ်ငန်းအတွင်း ငွေကြေးကွာဟသဖြင့် ကျောက်တံတား ရဲစခန်းတွင် ဖမ်းခံထားရသည်ကို ကျနော် ယခင်ကတည်းပင် ကြားပြီးသားဖြစ်သည်။ ထိုအရာရှိကြီး ဘေးတွင် တရုတ်တယောက်က စာအုပ်တအုပ်ကို သဲကြီးမဲကြီး ဖတ်နေသည်။
အချုပ်ခန်း၏ အပြင်ဘက်၌ ဆယ်နှစ် ၀န်းကျင်ခန့်ရှိ ကောင်လေး နှစ်ယောက်ကို တွေ့ရသည်။ တခုခုကို အလစ်သုတ်၍ ချုပ်ထားဟန် တူသည်။ ခဏလောက် ကြာတော့ ထိုကောင်လေး နှစ်ယောက်သည် အချုပ်သားများ ပေးသော ဆေးပေါ့လိပ်ကို တယောက်တလှည့်စီ ဟန်ပါပါ သောက်နေကြသည်။
ကျနော် စိတ်ထဲတွင် ထင်ထားသည်က ကျနော့်ကို အတွင်းခန်းထဲတွင် ခဏထည့်ထားခြင်း သာဖြစ်သည်ဟု ထင်ထားသည်။ သူတို့လူကြီး ဆိုသူတွေ လာပြီးသွားပါက ကျနော့်ကို အပြင်သို့ ပြန်ထုတ် ပေးလိမ့်မည်ဟု ထင်ထားသည်။ ထို့ကြောင့် သူတို့ လူကြီးဆိုသူများ အလာကို ကျနော် စောင့်ကြည့်နေသည်။ ကျနော် စောင့်ရင်း စောင့်ရင်းဖြင့် တနာရီခန့်သာ ကြာသွားသည် သူတို့ လူကြီးဆိုသူလည်း ကျနော့်ကိုလည်း အပြင်သို့ ထုတ်မပေးဘဲ ထားသည်။
ထိုအခါ ကျနော်ကို အပြင်ထုတ်ပေးဖို့ လှမ်းမြင်နေရသော ရဲတပ်ကြပ်ကြီးကို ပြောသည်။ ထုတ်ပေးလို့ မရဘူး မင်းကို စစ်ဒေသက အပ်ထားတာ။ ခဏနေရင် အချုပ်ခန်းထဲကို ထည့်မယ် ဟု ရဲတပ်ကြပ်ကြီးက ပြန်ပြောသည်။ အဲဒီတော့ ကျနော် သဘောပေါက်လိုက်သည်။ သေချာသည်ကတော့ ဒီည ကျနော့်ကို ပြန်လွတ်ပေးဖို့ အစီစဉ်မရှိ။
ကိုယ့်ကို ချုပ်နှောင်လိုက်ပြီဟု သိရသည့်အခါတွင် စိတ်ထဲတွင် ကျဉ်းကျပ်လာသလို ခံစားလာရသည်။ ကျနော် အချုပ်ခန်းအတွင်းက သံတိုင်ကြီးများကို ကြည့်ကာ စဉ်းစားနေမိသည်။ ကျနော် တကယ်ပဲ အပြစ်ကျူးလွန် မိခဲ့သလား။ ကျနော်ပဲ နိုင်ငံတကာ ဥပဒေတွေကို လက်လှမ်းမှား၍လား မသိ သာမန်နေရာ တခုမှာ ဗုံးကွဲတာကို ဓာတ်ပုံရိုက်ရင် ဖမ်းခံရတယ် ဆိုတာ နိုင်ငံတကာမှာတော့ ကျနော်တကြိမ်မှ မကြားဖူးပါ။ မကြားဖူးပေမယ့် လောလောဆယ်တော့ အချုပ်ခန်း ၀ ကိုတော့ ကျနော် ရောက်နေပြီ။
ကျနော် အပြင်ကို ထွက်လို့ ရနိုင်တဲ့ နည်းလမ်းများကို စဉ်းစားကြည့်မိသည်။ ကျနော်စဉ်းစား မိသော နည်းလမ်းများထဲက တခုမှာ ကျနော့် ပတ်ဝန်းကျင်တွင် အိမ်သာကို မတွေ့ရ။ ထို့ကြောင့် အပေါ့စွန့်ခြင်းကို အကြောင်းပြလျှင်တော့ အိမ်သာတက်ဖို့ တခါးဖွင့်ပေး ပေလိမ့်မည်။ ထိုအခါ ကျနော် အပြင်သို့ ထွက်ရမည်။ အပြင်သို့ ထွက်ရသည့် အချိန်သည် ငါးမိနစ်ပဲ ဖြစ်ဖြစ်၊ ဆယ်မိနစ်ပဲ ဖြစ်ဖြစ် သော့ခတ်ထားသော အခန်းထဲတွင် ဒီတိုင်း ငုတ်တုပ်ကြီး ထိုင်နေရ တာထက်တော့ မွန်းကျပ်မှု သက်သာပေလိမ့်မည်။ ထို့ကြောင့် ကျနော် အပေါ့စွန့် ချင်သည်ဟု လှမ်းအော်ပြောလိုက်သည်။
ထိုသို့လဲ ပြောလိုက်ရော ရဲတယောက် တံခါးဖွင့်ပြီး ၀င်လာသည်။ ကျနော့် စိတ်ထဲမှာ အပြင်သို့ ထုတ်ပေးမည်ဟု ထင်ထားသော်လည်း သူက အမျိုးသမီး အချုပ်ခန်းအတွင်းသို့ ခေါ်သွားသည်။ ထိုအချိန်တွင် အမျိုးသမီး အချုပ်သားများ မရှိသောကြောင့် အချုပ်ခန်းက လွတ်နေသည်။ ကျနော့်ကို ထိုအခန်းအတွင်းတွင် စွန့်ရန် ပြောသည်။ ထိုအခန်းသွင်းသို့ ခွေးတိုးပေါက်လို တံခါးလေးမှ ကုန်းပြီး ၀င်ရသည်။ အထဲရောက်ပြီး ကျနော် အပေါ့စွန့်သည်။ ပြီးတော့ ပြန်ထွက်မလို့ ကြည့်လိုက်တော့ အပြင်က သော့ခတ်သွားသည်။ ပြန်ထွက်၍ကား မရတော့ပြီ။ ကျနော် မှန်းချက်နှင့် နှမ်းထွက်လွဲသွားသည်။ အပြင်ထွက်ရမလားလို့ အပေါ့စွန့်ချင်သည် ဆိုလိုက်ခါမှ ပိုဆိုးသော အချုပ်ခန်း အတွင်းသို့ ရောက်သွားသည်။
ဒီတကြိမ်တွင်တော့ ကျနော် တင်းသွားသည်။ ထို့ကြောင့် ကျနော်ကို အပြင်ထုတ်ပေးဖို့ လှမ်းအော် ပြောလိုက်သည်။ ထိုအခါ ကျနော့်ကို အမျိုးသမီး အချုပ်ခန်း အတွင်းမှ ထုတ်က စောစောက နေရာတွင် ပြန်ထားလိုက်သည်။ ညနေက အိပ်ထားသည့် အရှိန်ကြောင့်ပဲလား သို့တည်းမဟုတ် အချုပ်ထဲမှာ မို့လားမသိ ကျနော် အိပ်၍မရပါ။ ထို့ကြောင့် ကျနော် တချိန်လုံး ငုတ်တုပ် ထိုင်နေလိုက်သည်။
မနက်မိုးလင်း၍ အလင်းရောင်ကို မြင်ရပြီ။ အခု အချိန်ထိ ကျနော်တို့ ရုံးက လိုက်မလာ ကြသေး။ နံနက် ခြောက်နာရီခန့် ရောက်သော အခါတွင် တရုတ်မလေး တယောက် ဂျိုင့်လေးဆွဲကာ ရောက်လာသည်။ ထိုအခါ ယမန်နေ့ညက မြင်ရသော တရုတ်ကြီးကို အချုပ်ခန်း အတွင်းက ထုတ်ပေးပြီး ကျနော့် ဘေးနားသို့ ခေါ်လာသည်။ ထိုအခါ တရုတ်မလေးက ၀င်လာကာ ဂျိုင့်အတွင်းမှ မုန့်ဟင်းခါးများကို တရုတ်ကြီး အတွက် ပြင်ပေးသည်။ ကြည့်ရသည်မှာ ထိုတရုတ်မလေးသည် တရုတ်ကြီး၏ သမီး ဖြစ်ဟန်တူပြီး ကျနော်နှင့် ရွယ်တူခန့် ရှိသည်။
ထိုတရုတ်ကြီး သားအဖကို မြင်တော့ ကျနော် အကြံတခု ရသွားသည်။ တရုတ်ကြီးကို မုန့်ဟင်းခါး ကျွေးပြီးလျှင် သူ့သမီး သေချာပေါက် ပြန်လိမ့်မည်။ ထိုအခါတွင် ကျနော့်ရုံးကို ဖုန်းဆက်ပေးဖို့ အကူညီ တောင်းမည်ဟု စိတ်ကူးထားသည်။ ခဏကြတော့ တရုတ်ကြီး မုန့်ဟင်းခါး စားပြီးသွားပြီ။ တရုတ်မကလဲ ပြန်ဖို့ ပြင်နေပြီ။ ထို့ကြောင့် ကျနော်က ရုံးကို ဖုန်းဆက်ပေးဖို့ တရုတ်မထံတွင် အကူအညီတောင်းသည်။ ကောင်မလေးက ဖုန်းနံပါတ်ကို မှတ်ဖို့ပြင်တုန်းပင် ရှိသေးသည် တရုတ်ကြီးက သူ့သမီးကို ဇွတ်အပြန် ခိုင်းလိုက်သည်။ သူ့ကို ကြည့်ရတာ သူ့သမီးကို ကျနော် စကားပြောတာကိုပင် ကြိုက်ပုံမရ။ ထို့ကြောင့် ကျနော်၏ ဖုန်းဆက်ခိုင်းဖို့ မျှော်လင့်ချက် ပျက်သွားသည်။ မည်သို့ ပင်ဖြစ်စေ ည၀တ်အိပ်သည့် အင်္ကျီအစုတ် ပုဆိုးအစုတ်၊ ဆံပင် ဘုတ်သိုက် နှင့် ဘာအမှုနဲ့ ရောက်လာမှန်း မသိတဲ့ ကျနော့်ကို အကူအညီ မပေးစေလိုသည်ကတော့ သဘာဝကျပါသည်။
ခဏလောက်ကြာတော့ ချုပ်ခံထားရသည့် အရာရှိကြီး၏ ဇနီးနှင့် သားရောက်လာသည်။ ထိုအခါ ပထမ တရုတ်ကြီးတုန်းက ကဲ့သို့ပင် အချုပ်ခန်းတွင်းမှ ထုတ်ကာ ကျနော့်ဘေးသို့ ခေါ်လာသည်။ အရာရှိကြီးက ကျနော့်ကို မြင်တော့ မေးသည်။ မင်းက ဘာဖြစ်လို့ ရောက်လာတာလဲတဲ့။ ကျနော်က အကျိုးအကြောင်း ပြောပြတော့ အဲဒါဆိုရင်တော့ မပူပါနဲ့ ခဏနေ မင့်ရုံးက ရောက်လာရင် ပြန်လွတ်ပေးလိမ့်ဟု အားပေးစကား ပြောသည်။ ထိုအရာရှိနှင့် သူ့ဇနီးတို့ စကားပြောနေကြတုန်း ကျနော် အိပ်ငိုက်သွားသည်။
"စစ်ဒေသက အပ်ထားတာမို့ ကျနော်တို့ လွှတ်ပေးလို့ မရဘူး"
ကျနော် အသံကြားလို့ ခေါင်းထောင် ကြည့်လိုက်တော့ ကျနော်တို့ ရုံးက အယ်ဒီတာ ရောက်နေပြီ။ ကျနော်တို့ အယ်ဒီတာနှင့် တာဝန်မှူးနှင့် စကားပြောနေကြသည်။ ပြီးနောက် အယ်ဒီတာက ကျနော့်ဆီ ရောက်လာသည်။ "မင်း မပူပါနဲ့ကွာ အကို စစ်ဒေသကို သွားလိုက်ဦးမယ်။ ခဏစောင့်ဦး" ပြောကာ ပြန်ထွက်သွားသည်။
၁၅ မိနစ်လောက် နေတော့ ကျနော့် အယ်ဒီတာ ပြန်ရောက်လာသည်။ ထို့နောက် စစ်ဒေသမှူးက မရောက်သေးလို့ စောင့်ရဦးဖြစ်ကြောင့် ကျနော့်အတွက် နံနက်စာ ၀ယ်ကျွေးလို့ ရမလားဟု တာဝန်မှူးကို မေးသည်။ တာဝန်းမှူးက ကောင်းတာပေါ့ဗျာဟု ပြောသည်။
ထိုအခါ ကျနော်တို့ အယ်ဒီတာက ကျောက်တံတား ရဲစခန်း အပြင်ဘက်ရှိ ဆိုင်မှ ထမင်းကြော်နှင့် ရေသန့်ဘူးတဘူး ၀ယ်ပြီးလာပေးသည်။ သူ စစ်ဒေသတွင် သွားစောင့်နေ ဦးမည် ဖြစ်ကြောင်း နှင့် အားမငယ်ဖို့ ပြောပြီး ပြန်ထွက်သွားသည်။
ကျနော် ညကတည်း အိပ်ရာ ထနေခြင်းဖြစ်သောကြောင့် ဗိုက်ထဲမှာ ဆာသလိုလိုတော့ ရှိသည်။ သို့ပေမယ့် စားချင်စိတ် မရှိ။ ထိုအခါ ကျနော့် ဘေးနားတွင် ထိုင်နေသော အချုပ်ကျနေသည့် အရာရှိကြီးက စားထားဖို့ ပြောသည်။ ကျနော် အဲဒီမှာ သဘောပေါက်လိုက်သည်။ ကံမကောင်းလို့ ဒီနေ့ မနက် ပြန်မလွတ်ရင် ငတ်သွားလိမ့်မယ်။ စားစရာရှိတာတုန်း စားထားလိုက်ဟု တိုက်ရိုက် မပြောသော်လည်း ထိုအဓိပ္ပယ်ကို ဆိုလိုမှန်းတော့ ကျနော် သဘောပေါက်သည်။ ထိုကြောင့် ထိုထမင်းကြော်ကို မစားချင်ဘဲ တို့ဂဏန်း ဆိတ်ဂဏန်းဖြင့် စားနေရသည်။ တ၀က်လောက် ကုန်သွားသောအခါ ကျနော် လုံးဝ ဆက်စား၍ မရတော့ပေ။ ထို့ကြောင့် ထမင်းမစားတော့ဘဲ ရေတငုံ၊ နှစ်ငုံလောက် သောက်ပြီး နေလိုက်သည်။
ကျနော်တို့ အယ်ဒီတာ ထွက်သွားပြီး တနာရီခန့် အကြာတွင် တာဝန်မှူးက ကျနော့်ကို လာထုတ်သည်။ ထို့နောက် ရဲတယောက်ကို ခေါ်ကာ ကင်မရာကို ပေး၍ ကျနော့်ကို မြို့တော်ခန်းမအတွင်းရှိ စစ်ဒေသသို့ လိုက်ပို့ရန် ပြောသည်။
ကျနော် စစ်ဒေသမှူး ရုံးခန်းကို ရောက်တော့ ကျနော်တို့ အယ်ဒီတာ ရောက်နှင့်နေပြီ။ စစ်ဒေသမှူးကို ကြည့်လိုက်တော့ ကျနော့်ကို မနေ့ညက ရဲလက်အပ်လိုက်သည့် သုံးပွင့်နှင့် ပုဂ္ဂိုလ် ဖြစ်နေသည်။ ကျနော် သူ့စားပွဲ အရှေ့တွင် မှတ်တပ်ရပ်နေတော့ ထိုင်ဖို့ ပြောသည်။ ထို့နောက် ဗုံးကွဲသည့် နေရာမှာ ဓာတ်ပုံ ရိုက်ခွင့်ရှိသလားဟု ကျနော့်ကို မေးသည်။
"ကျနော်က ရှိပါတယ်" ဟု ပြန်ဖြေလိုက်သည်။
"တွေ့တယ် မဟုတ်လား ခင်ဗျားတပည့်က၊ စကား ပြောတာ အချိုးမပြေဘူး။ မနေ့ညကလဲ ဒီပုံပဲ။ တော်ပြီ ကျနော်သူ့ကို ရဲလက်ပဲ အပ်လိုက်တော့မယ်" ဟု ဆိုကာ ရဲစခန်းကို ဖုန်းခေါ်ပြီး စောစောက ကျနော့်ကို လိုက်ပို့တဲ့ ရဲကို ပြန်ခေါ်သည်။
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ ကျနော့် ကလေးက ငယ်သေးတော့၊ စကားပြော မတတ်လို့ပါ"
ထိုအခါတွင် ကျနော်တို့ အယ်ဒီတာက ပျာပျာသလဲ တောင်းပန်သည်။ ပြီးနောက် စစ်ဒေသမှူးကို ပြန်တောင်းပန်ဖို့ ကျနော်ကို ပြောသည်။
ထို့ကြောင့် ကျနော်လည်း စစ်ဒေသမှူးကို တောင်းပန်လိုက်ရသည်။
"မင်းနားလည်အောင်ပြောထားမယ်။ မင့်ဆရာက လာတောင်းပန်လို့ မင့်ဆရာ မျက်နာနဲ့မို့ မင့်ကို ရဲစခန်းက ပြန်ခေါ်လိုက်တာ။ မင်းတို့က ဓာတ်ပုံရိုက်တယ်ဆိုရင် အလွယ်ပဲ ရိုက်လိုက်ကြတယ်။ တကယ်လို့ အဲဒီနေရာမှာ နောက်ထပ် တလုံး ထပ်ကွဲရင် ဘယ်လို လုပ်မလဲ။ မင်းလဲ သေမယ် နိုင်ငံရေးအရလည်း သိက္ခကျတယ်။ အဲလို ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွမှာ ဓာတ်ပုံကို စွတ်စွတ် ရိုက်ခွင့်မရှိဘူးကွ။ မင်းနိုင်ငံခြား ဇာတ်လမ်းတွေမှာ မမြင်ဖူးဘူးလား။ တခုခု ဖြစ်ပြီ ဆိုတာနဲ့ အ၀ါရောင်စီးတွေ တားထားဖြစ်၊ တားမြစ် ဧရိယာ လုပ်ထားတာ။ နောက်ကို ဘယ်တော့မှ မရိုက်ပါနဲ့။ ခံဝန်မှာ လက်မှတ်ထိုး"
ထို့နောက် ကျနော် ခံဝန်တွင် လက်မှတ်ထိုး ကင်မရာထဲမှ ပုံများ ဖျက်ကာ ပေးပြီးနောက် ပြန်လွတ်ပေး လိုက်သည်။
ဘာပဲဖြစ်ဖြစ် ထိုနေ့ညက အဖြစ်အပျက် ကျနော့်အတွက် အများကြီး အသိတရား ရသွားပါသည်။ ဗုံကွဲသွားပြီးသည့် နေရာတွင် နောက်ထပ်ဗုံး တလုံး ထပ်ကွဲနိုင်သည် ဆိုတာကို ကျနော် အရင်က မစဉ်းစားခဲ့မိပါ။ နောက်တချက်က ကျနော်တို့သည် သတင်းထောက်များ ဖြစ်သည်။ ဓာတ်ပုံ ရိုက်ခြင်းသည် သတင်းအတွက် ရိုက်ခြင်းဖြစ်သည်။ အဖြစ်အပျက်ကြီး တခုလုံးကို မှတ်တမ်း တင်နေခြင်း မဟုတ်။ ယခု ကျနော် အဖမ်းခံထိခြင်းမှာ အဖြစ်အပျက် တခုလုံး လိုက်ရိုက်နေသောကြောင့် ဖြစ်သည်။ သတင်းတွင် ဓာတ်ပုံ ဖော်ပြသည့် အခါတွင်လည်း အဖြစ်အပျက် တခုလုံးက ပုံတွေ ဖော်ပြနိုင်မည် မဟုတ်။ သို့ဖြစ်သောကြောင့် သတင်းအတွက် ဖော်ပြရန် လုံလောက်သော ဓာတ်ပုံ တပုံ နှစ်ပုံကောင်းရသည် နှင့် ကိုယ့်ရဲ့ ဓာတ်ပုံ ရိုက်ကူးမှုကို အဆုံးသတ်ရမည်။
* * * *
နောက်တရက် ညနေရောက်တော့ ကျနော် ဗြိတိသျှ ဘုရင်မကြီး မွေးနေ့ အထိမ်းမှတ် ညစာစားပွဲသို့ သွားရသည်။ ထိုညစာစားပွဲသည် အလံပြဘုရား လမ်းရှိ ဗြိတိသျှ သံအမတ်ကြီး နေအိမ်ဝင်း အတွင်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ထို့နေ့ညက တိုက်ပုံအင်္ကျီ၊ ပိုးပုဆိုးနှင့် စားသော ညစာနှင့် မနေ့မနက်က အင်္ကျီအစုတ် ပုဆိုးစုတ် ဆံပင်စုတ်ဆောင်းနှင့် အချုပ်ခန်းတွင်းက နံနက်စာက မည်သို့မျှ မဆိုင် ……………
သို့ရာတွင် ကျနော် အသက်ကြီး၍ မေ့မေ့ပျောက်ပျောက် ဖြစ်သည့်အခါတွင် အခြားသော နေရာများတွင် စားသောက်ခဲ့သည့် ပုံရိပ်များကို မေ့ပျောက်ကောင်း မေ့ပျောက်ပါလိမ့်မည်။ အချုပ်ခန်း အတွင်းက နံနက်စာကိုတော့ မည်သည့်အခါတွင်မျှ မေ့ပျောက်၍ ရနိုင်မည်ကား မဟုတ်။

No comments: