Thursday, January 17, 2008

အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဌ၏ ဆန်လှူပွဲ တားမြစ်ခြိမ်းခြောက်ခံရ

မောင်ဒီး
မန္တလေးတိုင်း တံတားဦးမြို့နယ် သာဂေါင် ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စား ဆင်းရဲသား မိသားစုများကို တအိမ်ထောင်လျှင် ဆန်တပြည်နှုန်း လှူဒါန်းသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်စည်း ဥက္ကဌ၏ အလှူကို အာဏာပိုင်များက ယမန်နေ့က ပိတ်ပင်တားဆီးပြီး နောက်နောင် လှူဒါန်းခြင်း မပြုရန် ခြိမ်းခြောက်ခဲ့သည်။
နေ့စဉ် စားရေးသောက်ရေးအတွက် ပူပန်နေရသည့် မရှိဆင်းရဲသား လက်လုပ်လက်စား မိသားစု အိမ်ထောင်စု ၁ဝဝ အတွက် တံတားဦးမြို့နယ် NLD မြို့နယ်စည်း ဥက္ကဌ ဦးကြင်မောင် မိသားစုက ဆန်တပြည်နှုန်းဖြင့် ၁၅ ရက်နေ့က ဆန်လှူဒါန်းခဲ့ရာ ဒေသ အာဏာပိုင်များက ပိတ်ပင်တားဆီးပြီး နောက်နောင်တွင် ယခုလို လှူဒါန်းမှုမျိုး မပြုလုပ်ရန် ပြောဆို ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
“ဘာခေါင်းစဉ်မှ မပါပါဘူး။ သူတို့ မိသားစုအနေနဲ့ လှူတာပါ။ ဒါကို မယက ဥက္ကဌ၊ ရယက ဥက္ကဌတို့က ‘ခင်ဗျားတို့ ပြည်သူလူထုကို တနည်းတဖုံနဲ့ စည်းရုံးတာပဲ။ နောက်နောင်ကို ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူမယ်’ ဆိုပြီး အဲလို ခြိမ်းခြောက်ခဲ့သေးတယ်တဲ့” ဟု ဦးကြင်မောင် မိသားစုနှင့် နီးစပ်သူ အဖွဲ့ချုပ်ဝင် ဦးကိုကြီးက မဇ္ဈိမကို ပြောသည်။
ဦးကြင်မောင်နှင့် မိသားစုက ဆင်းရဲသားအိမ်ထောင်စု ၁ဝဝ အတွက် ရည်ရွယ်ကာ နံနက် ၉ နာရီမှ စတင်ကာ လှူဒါန်းခဲ့ရာ အိမ်ထောင်စု ၂၅ စုခန့်ကိုသာ လှူဒါန်းအပြီး ဒေသအာဏာပိုင်များ ဖြစ်သော မယက ဥက္ကဌနှင့် ရယက ဥက္ကဌတို့က လာရောက်တားမြစ်ပြီး ခြိမ်းခြောက် ပြောဆိုသွားသည်။
ဆန်လှူဒါန်းခြင်းကို မြို့နယ်စည်း ဥက္ကဌ ဦးကြင်မောင်အဖြစ် လှူဒါန်းခြင်း မဟုတ်ဘဲ သာမန်မိသားစု ဦးကြင်မောင်အဖြစ် လှူဒါန်းခဲ့သော်လည်း အာဏာပိုင်များက အဖွဲ့ချုပ်ဝင်များ၏ လူမှုရေး ကိစ္စများအထိပါ ဝင်ရောက်စွက်ဖက်ကာ ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဦးကိုကြီးက ဆက်ပြောသည်။
“သဘောက ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေ လုပ်လို့ရှိရင် ဘာမှလုပ်လို့ မရတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ လှူတာ တန်းတာတောင်မှ ပိတ်ပင်တယ်ဆိုတော့ ဒီ့ပြင်ဟာတွေဆို ပိုပြီး လုပ်လို့ မရတော့တဲ့ အနေအထားမျိုး ဖြစ်သွားမှာပေါ့” ဟု သူက ပြောသည်။
ယမန်နှစ် သြဂုတ်လအတွင်းကလည်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ အစားအစာအတွက် အလွန်ခက်ခဲနေသည့် ဆင်းရဲသား ရပ်ကွက်များသို့ သွားရောက်ကာ ဆန်လှူတန်းခဲ့သည့် ဝါရင့် နိုင်ငံရေးသမားကြီး ဦးဝင်းနိုင်နှင့် မိတ်ဆွေများကို အာဏာပိုင် ကျောထောက်နောက်ခံ ပြုထားသည့် စွမ်းအားရှင်များက အလစ်ချောင်း တိုက်ခိုက်ခဲ့သေးသည်။
တိုင်းပြည်အတွင်း တရိပ်ရိပ်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တနေ့တာ စားသောက်ရေးအတွက် အခက်ကြုံနေရသူ ၁ သိန်းခန့်ရှိပြီး၊ လက်လုပ်လက်စား ဆင်းရဲသား အများစုမှာ ထမင်းရည်ကိုသာ ဝယ်သောက်နေရသည့် အခြေအနေကို ဆိုက်ရောက်နေပြီဟု အမျိုးသားရေး ဦးဝင်းနိုင်က သုံးသပ် ပြောဆိုခဲ့သည်။
“ကျနော်တို့ နိုင်ငံမှာကတော့ တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် လက်လုပ်လက်စားတွေမှာ တနေ့ရတဲ့ လုပ်ခလေးနဲ့ မိသားစု စားလောက်အောင် ကြံဖန် စားသောက်နေရတာပဲ။ တောနေ လူတန်းစားတွေမှာ ပိုခက်ခဲတာပေါ့။ နေ့စဉ် စားရေးသောက်ရေးအတွက်ပဲ ပူပန်နေကြရတယ်” ဟု ဦးကိုကြီးက ပြောသည်။

No comments: