Thursday, January 17, 2008

ကရင် ၂၅ဝဝဝ ပုန်းအောင်းနေရဟု ရိန်းဂျားများ ပြောဆို

သန်းထိုက်ဦး၊ နေသွင်
ကရင်ပြည်နယ်အတွင်း စစ်အစိုးရ တပ်များ၏ ထိုးစစ်ကြောင့် လွန်ခဲ့သည့် ၂ လအတွင်း အနဲဆုံးရွာသား ၁ဝ ဦး သေဆုံးပြီး၊ ၂ သောင်းခွဲခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးနေရသည်ဟု ဖရီးဘားမားရိန်းဂျား (Free Burma Rangers) အဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်နှင့်ဝေးရာ သွားလာနေရသည့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်သည် ညောင်လေးပင်တွင် ၁၂၉ဝဝ ဦး၊ ဖာပွန်ခရိုင်တွင် ၄ဝဝဝ ဦးအထိနှင့် တောင်ငူခရိုင်တွင် ဦးရေ ၇ဝဝဝ ခန့်ရှိမည်ဟု စစ်ပွဲများဖြစ်ပွားရာ ဒေသတွင် တိုင်းရင်းသား အဖွဲ့အစည်းများကို အကူအညီများ ပေးနေသည့် ရိန်းဂျားများက ခန့်မှန်းထားသည်။။
၂ဝဝ၆ ခုနှစ်မှစ၍ အဆိုပါ ဒေသများအတွင်း နအဖ က စစ်အခြေစိုက် စခန်းအသစ် ၅၄ ခု တိုးချဲ့လာခဲ့ပြီး ကရင်ကျေးရွာသားများထံမှ ပစ္စည်းယူ၊ ဖျက်ဆီးမှု ပြုသည့်အပြင် မြေမြှုပ်မိုင်းပါ ထောင်ထားခဲ့သည်ဟုလည်း ပြောသည်။
နယ်စပ်အခြေစိုက် ကရင်ရွှေ့ပြောင်းဒုက္ခသည်များ အကူအညီပေးရေး အဖွဲ့ဖြစ်သော Commitee for Internally Displaced Karen People - CIDKP အဖွဲ့၏ အတွင်းရေးမှူး စောလှဟင်နရီက ရိန်းဂျားများ၏ အစီရင်ခံစာကို ထောက်ခံ ပြောဆိုလိုက်ပြီး ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ စိုက်ပျိုးထားသော တောင်ယာများကို စွန့်ပစ် ထွက်ပြေးခဲ့ရသဖြင့် နေထိုင်စားသောက်ရေးတွင် အခက်အခဲများစွာ တွေ့ရသည်ဟု ပြောပြသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ပြန်ကြားရေးဌာနမှ ဗိုလ်လှငွေက လောလောဆယ်တွင် အဆိုပါခရိုင် ၃ ခု အပါအဝင်၊ ကရင်ပြည်နယ်တွင် နအဖ တပ်ရင်းပေါင်း ၁၈၇ ရင်း လှုပ်ရှားနေရာ အင်အား ၂ သောင်းကျော်ရှိမည်ဟု မဇ္ဈိမကို ပြောသည်။
ကေအင်ယူက ထုတ်ပြန်ထားသော စာရင်းများအရ ၂ဝဝ၇ ခုနှစ်အတွင်း ကေအင်ယူနှင့် ဒီကေဘီအေတပ်၊ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားမှု ၁၃၉၁ ကြိမ်ရှိခဲ့သည်ဟု သိရသည်။

No comments: