Friday, January 11, 2008

ဒေါ်အောင်ဆန်းစုကြည် ဂြိုဟ်တုစလောင်းလျှောက်

မုံပီး

နယူးဒေလီ။ ။မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင်က စစ်အစိုးရထံ ဂြိုဟ်တုစလောင်း တပ်ဆင်ခွင့်ရရန် လျှောက်ထားခဲ့သည်ဟု ရန်ကုန်မြို့ရှိ သံတမန် သတင်းရပ်ကွက်က ပြောကြားလိုက်ပါသည်။ သူမသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်တာမျှ အထိန်းသိမ်း ခံနေခဲ့ရသူ ဖြစ်သည်။
ဤသို့ လျှောက်ထားမှုသည် ပထမအကြိမ် မဟုတ်ကြောင်း အဆိုပါ သတင်းရပ်ကွက်ကပင် ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အင်းယားကန် နံဘေးရှိ သူမ၏ အိမ်တွင် ဂြိုဟ်တု ဆက်သွယ်ရေး စလောင်းဖြင့် ကြည့်ရှုရသော ရုပ်မြင်သံကြားစက် တပ်ဆင်ရန် လျှောက်ထားမှုကို ယခင်အကြိမ်များက ပယ်ချခဲ့ပြီး ယခုတကြိမ်တွင်လည်း တုံပြန်မှု မရှိသေးကြောင်း သိရသည်။
အဆိုပါ သတင်းကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ သူ့အနေဖြင့် ဤဖြစ်ထွန်းမှုနှင့် ဤသတင်းကို တစုံတရာ မသိရသေးကြောင်း ပြောကြားသည်။
“ကျနော်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီလိုလျှောက်ထားတယ်ဆိုတာ ကြားလည်း မကြား၊ သိလည်း မသိသေးဘူးဗျ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသွားပါသည်။
“သူ့မှာ ရေဒီယိုပဲ နားထောင်စရာ ရှိတယ်။ သတင်းတွေ သိရဘို့အတွက် သူ ဒါလေးတခုပဲ အားကိုးပြီး နေနေရတာ။
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်တွင် ကွန်ပြူတာရှိသော်လည်း အင်တာနက်ကိုမူ သုံးစွဲခွင့်မရ ဟု သံတမန် သတင်းရပ်ကွက်က လှောင်ပြောင် ပြောကြားသွားခဲ့သည်။
ဂြိုဟ်တုစလောင်း သုံးစွဲခွင့် လိုင်စင်ကြေးများကို တိုးမြှင့်လိုက်သည်ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂြိုဟ်တုစလောင်း တပ်ဆင်ခွင့် လျှောက်ထားသည့်သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဂြိုဟ်တုစလောင်း လိုင်စင်ခ နှစ်စဉ်ကြေးများကို ယခင် ကျပ် ၆ဝဝဝ မှ ကျပ် ၁ သန်းအထိ စစ်အစိုးရက တိုးမြှင့်လိုက်သည်ဟု ရန်ကုန်မြို့နှင့် အခြား မြန်မာနိုင်ငံ အနှံ့အပြားတွင် ကောလာဟလသတင်းများ ပေါ်ထွက်ခဲ့ပါသည်။ သို့သော် ယခုအခါ နှစ်စဉ် လိုင်စင်ကြေးများကို ကျပ် ၅ သောင်းအထိ လျှော့ချပေးလိုက်သည်ဟု သတင်းများ နောက်ထပ် ထွက်ပေါ်လာပြန်သည်။
သို့သော် စစ်အစိုးရအနေဖြင့် လိုင်စင်ကြေးများနှင့် ပတ်သက်၍ တစုံတရာ ကြေညာခြင်း မရှိသေးဘဲ လိုင်စင်အသစ် လဲလှယ်ခြင်းကိုလည်း လက်မခံသေးကြောင်း ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်း ပိုင်ရှင်များက ပြောကြားခဲ့သည်။
“ကျနော်ကတော့ ကျနော့် ဂြိုဟ်တုစလောင်းအတွက် လိုင်စင်ကြေး မသွင်းရသေးဘူးဗျ။ အာဏာပိုင်တွေက လိုင်စင်လဲတာကိုလည်း လက်မခံသေးဘူးလေ။ ကျနော်ကတော့ စောင့်ကြည့်နေတာပဲ။ လိုင်စင်ကြေး သိပ်မတက်ရင်တော့ လဲမယ်။ သိပ်တက်သွားပြီ ဆိုရင်တော့ ဖြုတ်ရမှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသွားပါသည်။
ဤသို့ လိုင်စင်ကြေးများ အဆမတန် တိုးမြှင့်ကောက်ခံတော့မည့် သတင်းများ ပေါ်ထွက်လာပြီးနောက် ဤလိုင်စင်ကြေးများသည် သူတို့တတ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည့်အတွက် ဂြိုဟ်တုစလောင်းများကို ဖြုတ်ပစ်ရန် စလောင်းပိုင်ရှင်များက ပြင်ဆင်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ရုပ်မြင်သံကြား လွှင့်နိုင်သည့် ပြည်ပ အသံလွှင့်ဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကမူ ယခု ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှ စတင်၍ ယခင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင်သာ ထုတ်လွှင့်နေရာမှ နေ့စဉ် ထုတ်လွှင့်သွားတော့မည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်မှာ စိတ်ဝင်စားဘွယ် ဖြစ်သည်။

No comments: