Tuesday, January 15, 2008

ဗုံး ၃ ကြိမ် ပေါက်ကွဲခြင်းသည် နအဖ အကြံအစည် ဖြစ်နိုင်ဟု စစ်ရေး အကဲခတ်များ သုံးသပ်

မောင်ဒီး
ရန်ကုန် အပါအဝင် မြို့ ၃ မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းမှာ နအဖက ၎င်း၏ စစ်တပ်အတွင်း ညီညွတ်မှုကို တည်ဆောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ရန်သူ ရှာပေးနေခြင်း ဖြစ်နိုင်သည်ဟု ပြည်ပရှိ စစ်ရေး ကျွမ်းကျင်သူများက သုံးသပ် ပြောဆိုနေကြသည်။
ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များကို အကြမ်းဖက် ရိုက်နှက်ခဲ့ရခြင်းကြောင့် စစ်တပ်အတွင်းရှိ တပ်သားများ၏ မကျေလည်မှုများ ပြန်လည်ငြိမ်သက်ပြီး ညီညွတ်မှု ရှိလာစေရန် ရန်သူရှာပေးသည့် အနေဖြင့် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများမှာ KNU လက်နက်ကိုင်တပ်နှင့် ပြည်ပရှိ အဖွဲ့အစည်းများ၏ စနက်ဖြစ်သည်ဟူ၍ အာရုံလွဲ ရန်သူ ရှာပေးနေခြင်းဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။
“စစ်တပ်ကို ရန်သူတွေ ရှိနေတယ်၊ နိုင်ငံခြား အန္တရာယ်တွေ ရှိနေတယ် ဆိုလို့ရှိရင် စစ်တပ်ကို ငြိမ်အောင်၊ ညီညွတ်အောင် ထိန်းလို့ ရတာကိုး။ KNU နဲ့ နိုင်ငံခြားရန်သူကို ပစ်မှတ်ရှာပြီး တပ်အတွင်းမှာ ညီညွတ်မှု ရှိလာအောင် လုပ်တဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်တယ်။ နိုင်ငံခြားရန်သူ ရှိတယ်ဆိုရင် တပ်ရဲ့ သဘောတရားအရ မျိုးချစ်စိတ်ပေါ် မူတည်ပြီး စည်းရုံးထားတာမို့ ပြန်ညီမလားဆိုတဲ့ မျှော်လင့်ချက်မျိုးပေါ့” ဟု ထိုင်းနိုင်ငံရောက် စစ်ရေးအကဲခတ် ဦးဝင်းမင်းက သုံးသပ် ပြောဆိုသည်။
ပြီးခဲ့သည့် သောကြာနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က ပျဉ်းမနားဘူတာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး သေဆုံးကာ ညပိုင်းတွင် ပဲခူးတိုင်း ဖြူးမြို့နယ် ဘောလုံးကွင်း၌ ဗုံးပေါက်ကွဲမှု တကြိမ်ဖြစ်ပွားရာ အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီး ၃ ဦးနှင့် ကလေးတဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ယမန်နေ့က ရန်ကုန်ဘူတာ၌ ဗုံးပေါက်ကွဲ နောက်ထပ်တကြိမ် ဖြစ်ပွားခဲ့ရာ အမျိုးသမီးတဦး ဒဏ်ရာ ရရှိသွားခဲ့သည်။
ယခုလို ၃ ကြိမ်တိုင်တိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်းမှာ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူနှင့် ပြည်ပရှိ အဖွဲ့အစည်းတဖွဲ့၏ စနက်ဖြစ်ကြောင်း နအဖထုတ် မြန်မာ့အလင်း သတင်းစာက ဗုံးအမျိုးအစားနှင့် လက်နက်များကို ပုံနှင့်တကွ ထုတ်ဖော် ရေးသားထားခြင်းအပေါ် KNU က ၎င်းတို့၏ လက်ချက် မဟုတ်ကြောင်း တုန့်ပြန် ပြောဆိုသည်။
“ကျနော်တို့ရဲ့ လမ်းစဉ်က လူထုကို အဲလို လုပ်ဖို့ မဟုတ်ဘူး။ အဲလိုလုပ်ဖို့ မဟုတ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဒီလိုမြင်တယ် ဆိုတော့ ကျနော်တို့ ကေအန်ယူအနေနဲ့ ဒီလိုမဟုတ်၊ ကျနော်တို့ လူတွေကိုလည်း ဒီလို တာဝန်ပေးတာ မရှိဘူး။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့ကို လာစွပ်စွဲတဲ့အတွက် ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာက ပြောသည်။
နအဖ စစ်ခေါင်းဆောင်များသည် စစ်တပ်အတွင်းရှိ တပ်သားများအကြား မကျေနပ်မှုများ တိုးပွားလာသည့်အခါတိုင်း အတိုက်အခံ တော်လှန်ရေးတပ်များ ဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသား အစည်းအရုံး- KNU၊ ကျောင်းသားတပ်မတော် ABSDF၊ စသည်တို့ကို ဗုံးပေါက်ကွဲခြင်း၏ တရားခံများအဖြစ် ပြည်သူလူထုနှင့် တပ်မတော်သားများကို အစဉ်အမြဲ ဝါဒဖြန့်ချိ စွပ်စွဲလာခဲ့ပြီး အာရုံလွဲပေးလေ့ ရှိခဲ့သည်ဟု စစ်ရေးအကဲခတ် တဦးဖြစ်သူ ဦးဌေးအောင်ကလည်း ပြောသည်။
ဦးဌေးအောင်က “ကေအန်ယူကသာ တကယ် ဗုံးထောင်မယ်ဆိုရင် စစ်ရေးပစ်မှတ်တွေကို ထိထိမိမိ လုပ်မှာပဲလေ။ အခုလို အိမ်သာတို့၊ အမှိုက်ပုံးတို့ကို ထောင်တာမျိုးကတော့ တော်လှန်ရေး လုပ်နေတဲ့လူတွေ ဘယ်သူကမှ ဒီလောက် အောက်တန်းကျတာ မလုပ်ကြဘူးလေ။ အဲဒီတော့ ဒါ နအဖက အစီအစဉ်ရှိလို့ အစီအစဉ်တကျ လုပ်နေတာပဲလို့ ကျနော်တို့ ယူဆလို့ ရတယ်” ဟု ပြောသည်။
နအဖ စစ်တပ်က KNU ထိန်းချုပ်ရာ နယ်မြေများကို ယမန်နှစ် စက်တင်ဘာလမှ စတင်ကာ တပ်ရင်း ၁၈၇ တပ်ရင်းဖြင့် အကြီးမားဆုံး ထိုးစစ်ဆင်မှု လုပ်ဆောင်လာခဲ့ရာ ထိုဒေသအတွင်းရှိ ကရင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ကရင် တိုင်းရင်းသားများအပေါ် ဖိနှိပ်ရက်စက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက မျက်စိဒေါက်ထောက် ကြည့်နေခြင်းအပေါ် တုန့်ပြန် ဆင်ခြေ ပေးနိုင်ရန်အတွက် KNU ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် လက်ညိုးထိုး စွပ်စွဲနေခြင်း ဖြစ်သည်ဟု ဦးဌေးအောင်က ဆက်ပြောသည်။
ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်လာရခြင်း၏ တရားခံကို ယခုထိ ထုတ်ဖော် မပြနိုင်သေးသော်လည်း ယခုအခြေအနေမှာ တိုင်းပြည်အတွင်း မငြိမ်မသက် ဖြစ်နေခြင်းကို ဖော်ပြနေခြင်း ဖြစ်ပြီး အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများကို နအဖ အာဏာပိုင်များက ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်လာနိုင်သည်ဟု အကဲခတ်များက ပြောသည်။

No comments: