Thursday, February 7, 2008

ဒီချုပ် ဖိတ်ခေါ်ချက် တိုင်းရင်းသားအဖွဲ့များ ကြိုဆို

သန်းထိုက်ဦး၊ ဖနိဒါ
ချင်းမိုင်။ ။ ငြိမ်းချမ်းရေး ယူထားသော အပစ်ရပ်အဖွဲ့များ အပါအဝင် ပြည်တွင်းမှ တိုင်းရင်းသား အဖွဲ့များ အနေနှင့် မူဝါဒရေးရာ ကျေလည်မှုမရှိလျှင် လာရောက် ဆွေးနွေးနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယမန်နေ့က ကမ်းလှမ်းချက်အပေါ် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား အင်အားစုများက ကြိုဆိုလိုက်ကြသည်။

ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလ ၈ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အပေါ် အချို့သော တိုင်းရင်းသားအဖွဲ့များက အမြင်ကွဲလွဲမှုများ ရှိခဲ့လျှင် လာရောက် ဆွေးနွေးနိုင်ကြောင်း ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မစ္စတာဂမ်ဘာရီက တဆင့်ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ အရေးကိုလည်း သူက တာဝန်ရှိတယ်လို့ ခံယူတယ်ဆိုတာ ပါတယ်လေ။ တချို့သော တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့က သတင်းစာထဲမှာ သဘောမတူတဲ့အကြောင်း ထုတ်ပြန်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပဲလို့ သဘောတူတယ်။ အလားတူပဲ နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းသည်လည်း ဒီမိုကရေစီ ကျင့်စဉ်ပဲလို့ လက်ခံတယ်။ ဒါကြောင့် မိမိတို့ရဲ့ သဘောထားအမြင် မတူညီတဲ့ ကိစ္စတွေကို တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ် ဆိုပြီး ဖိတ်ခေါ်တာပါ” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယခုအချိန်ထိ လာရောက်ဆွေးနွေးရန် ကမ်းလှမ်းထားသော အဖွဲ့များ မရှိကြောင်းလည်း သူက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပအိုဝ်း ငြိမ်းချမ်းရေးအဖွဲ့ ပီအန်အိုနှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဝအမျိုးသား ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ကချင် ကာကွယ်ရေးတပ်ဖွဲ့ (အေဒီအေ)၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အပစ်အခတ်ရပ် အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို မထောက်ခံကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရ သတင်းစာများတွင် နေ့စဉ်ရက်ဆက် ဖော်ပြခဲ့သော ငြိမ်းအဖွဲ့များ၏ ကြေညာချက်များသည် စစ်အစိုးရ၏ အသင့်ရေးပြီးသား ကြေညာချက်အပေါ် ဖိအားပေးကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းအဖွဲ့ အချို့က ပြောသည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သေးသည်။

အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အပေါ် အပစ်ရပ် ကေအိုင်အိုမှ ပြောခွင့်ရ ဗိုလ်မှူးကြီး ဂွမ်မော်က “မနေ့က ထုတ်ပြန်တယ် ဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ မဆွေးနွေး ဖြစ်သေးပါဘူး။ တော်လှန်ရေးနေ့ပွဲ အလုပ်များနေလို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မဆွေးနွေးရသေးပါဘူး။ ပြီးတော့ ဘယ်လို သဘောထားလည်း မရှိသေးပါဘူး။ နောက်ပိုင်း အစည်းအဝေးလုပ်တဲ့ အချိန်ကျမှ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှာပါ” ဟု ပြောသည်။

ယူအန်အေခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပူးကျင့်ရှင်းထန်က “အခု ကန့်ကွက်နေတဲ့ လူတွေက သူတို့ ဆိုလိုတဲ့သဘော အန်အယ်ဒီတော့ မဟုတ်ဘူး၊ ဒေါ်စု ဆိုလိုတဲ့သဘော မရှင်းလို့ ဒီလို ပြောမိတာလား။ ရှင်းရဲ့သားနဲ့ တခုခု ဒါမှမဟုတ် တဖွဲ့ဖွဲ့၊ ဒါမှမဟုတ် အာဏာပိုင်တွေက အဲလို မင်းတို့လုပ်ပါ ဆိုပြီးတော့ ခိုင်းလို့ လုပ်တာလား။ အဲဒါလည်း ပေါ်လွင်အောင် လိုချင်တာနဲ့ တူတယ်။ ဒါမှမဟုတ်ရင် ကိုယ်တိုင် ရှိရင်လည်းပဲ ဒီလိုဖြစ်တယ်ဆိုတာ လာဆွေးနွေးဖို့ ကမ်းထားတယ်လို့ အဲဒီလိုပဲ ကျနော် သဘောပေါက်တယ်” ဟု ပြောသည်။

မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးနိုင်ငွေသိန်းက “အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ၊ တွေ့ဆုံ ဆွေးနွေးရေးဟာ အကောင်းဆုံးနည်းပဲ။ ဒီလိုမှ မလုပ်နိုင်လို့ရှိရင် တခြားနည်းလမ်းနဲ့ ဖြစ်ပေါ်လာရင်တော့လား တိုင်းပြည်အတွက် ကောင်းကျိုးမပေးနိုင်ဘူး။ ဆိုးကျိုးပဲ ပေးနိုင်တယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
ပြည်ပတွင် အခြေစိုက်သည့် အီးအန်စီ ခေါ် တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ)၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းဆာခေါင်းကလည်း အန်အယ်ဒီ၏ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား အင်အားစုများ အနေနှင့် အန်အယ်ဒီ၏ ဖိတ်ခေါ်ချက်အတိုင်း သွားရောက် ဆွေးနွေးသင့်သည်ဟု ပြောသည်။

အီးအန်စီသည် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ကို ထောက်ခံခဲ့သော အဖွဲ့ဖြစ်သည်။

No comments: