Wednesday, February 13, 2008

အသက် ၁၈ နှစ်ပြည့်ရင် ကြံ့ဖွံ့ထဲ ဝင်ခိုင်း

မောင်ဒီး

နယူးဒေလီ။ ။ မန္တလေးမြို့ပေါ်ရှိ ချမ်းအေးသာဇံ မြို့အတွင်း နေထိုင်သူ အသက် ၁၈ နှစ် ပြည့်သူများအား ရယက ဥက္ကဋ္ဌများက ယခု ရက်ပိုင်းအတွင်း သက်ဆိုင်ရာ မိဘများကို အကြောင်းကြားခြင်း မရှိဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်အဖြစ် သတ်မှတ်ပေးနေသည်။
နအဖ လက်ကိုင်တုတ်အဖြစ် သတ်မှတ်ခံထားရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၏ အသင်းဝင် လူအင်အား စုဆောင်းခြင်း နည်းလမ်းတခုအဖြစ် မန္တလေးတိုင်း ချမ်းအေးသာဇံမြို့ အတွင်းရှိ ရပ်ကွက် အများအပြားမှ ရယက ဥက္ကဋ္ဌများက အိမ်တိုင်ရာရောက် အိမ်ထောင်စုစာရင်း ကောက်ယူကာ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား အသင်းဝင်အဖြစ် လျှို့ဝှက် သတ်မှတ်ပေးနေခြင်း ဖြစ်သည်။
“အခုလုပ်နေပြီ တချို့ ရပ်ကွက်တွေမှာ။ အဲဒါက သေချာတယ်။ အခြေခံ ရယကတွေကို ခိုင်းထားတာ။ ကာယကရှင်တွေက မသိဘူးဗျာ။ သူတို့ သားသမီးတွေ အသက် ၁၈ နှစ် ပြည့်ပြီးပြီ ဆိုတာနဲ့ အလိုအလျောက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ဖြစ်နေပြီပေါ့” ဟု ရယက ဥက္ကဋ္ဌ အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
အိမ်ထောင်စု စာရင်း တောင်းယူရာတွင် လက်ငင်းမပေးနိုင်သည့် အိမ်ထောင်စုများ အတွက်လည်း ရယကရုံးတွင် ထားရှိသည့် မိတ္တူများမှတဆင့် အသက်ပြည့်ပြီး လူငယ်များ၏ ကိုယ်ရေး အချက်အလက်များကို ကူးယူကာ ကြံ့ဖွံ့ အသင်းဝင်အဖြစ် သတ်မှတ်နေသည်ဟု သူက ဆိုသည်။
သားသမီးများကို ကြံ့ဖွံ့အသင်းဝင်အဖြစ် လျှို့ဝှက် သတ်မှတ်ပေးနေခြင်းကို ကြုံတွေ့ခဲ့ရသူ ချမ်းအေးသာဇံ မြို့နယ်မှ မိဘတဦးကလည်း “ဒီလို လိုက်စုနေတယ် ဆိုတာကတော့ ကျနော်လည်း ထင်ပါတယ်။ အခု လူထုဆန္ဒ ခံယူပွဲ လုပ်တဲ့အခါ သူတို့အသင်းဝင် ဘယ်လောက် ဘယ်လောက်က ထောက်ခံပါတယ်ဆိုပြီး လုပ်ချင်လို့ နေမှာပေါ့။ ကျနော် ခန့်မှန်းကြည့်ရရင်ပေါ့” ဟု ပြောသည်။
မိဘများအနေနှင့် အသက် ၁၂ နှစ် ပြည့်ပြီ ဖြစ်သည့် သားသမီးများအတွက် နိုင်ငံသား မှတ်ပုံတင်ကတ် လုပ်ပေးလိုလျှင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၏ ထောက်ခံစာပါမှ အလုပ်တွင်သည့် အခြေအနေကြောင့် သားသမီးများကို အသင်းဝင်အဖြစ် မပါဝင်လိုသော်လည်း ပါဝင် စေနေရသည်ဟု သူက ဆက်ပြောသည်။
ချမ်းအေးသာဇံ မြို့နယ်မှ မိဘတဦးကလည်း “၁ဝ တန်းစာမေးပွဲ ဖြေရတော့မယ့် ကလေးတွေမှာ မှတ်ပုံတင် မရှိဘူးဆိုရင် မိဘတွေက အသည်းအသန် လိုက်လုပ်ပေးရတော့ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေး ထောက်ခံစာ မရမှာ၊ ရယကတွေက ဟိုရစ်ဒီရစ် လုပ်နေမှာကို ကြောက်နေရတာနဲ့ပဲ အသင်း ဝင်လိုက်ရတာတွေ အများကြီးပဲ” ဟု ပြောသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက နိုင်ငံတဝှမ်းရှိ ပညာသင် ကျောင်းများတွင်လည်း ကျောင်းသား လူငယ်များအား အသင်းဝင်အဖြစ် သတ်မှတ်ခြင်းကို ဆရာ၊ ဆရာမများမှတဆင့် အခွင့်အလမ်းကောင်းများ ပေးကာ အစဉ်တစိုက် သွယ်ဝိုက် လုပ်ဆောင်လာခဲ့ပြီး အသင်းမဝင်သူများသည် နိုင်ငံအတွင်း သွားလာ လှုပ်ရှားရာတွင်ပင် အနည်းငယ် စစ်ဆေးမေးမြန်းမှုကအစ အခက် ကြုံနေရသည်ဟု သူက ဆက်ပြောသည်။
မြန်မာပြည် တဝှမ်းလုံးရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် လူဦးရေမှာ ၂၄ သန်းရှိပြီး မြန်မာပြည်လူဦးရေ၏ ထက်ဝက်နီးပါး ရှိသည်ဟု စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

No comments: