Saturday, February 16, 2008

တောင်တွင်းကြီးမှာ သန်းခေါင်စာရင်း စကောက်နေပြီ

ထိန်လင်း
နယူးဒေလီ။ ။ မကွေးတိုင်း တောင်တွင်းကြီးမြို့ရှိ ရပ်ကွက်တိုင်းတွင် အာဏာပိုင်များက ဆန္ဒခံယူပွဲအတွက် ရည်ရွယ် လုပ်ဆောင်သည်ဟု ယူဆရသည့် သန်းခေါင်စာရင်း ကောက်ယူမှုများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသည်။
တောင်တွင်းကြီး ဒေသခံများအား လွန်ခဲ့သည့် ၃ ရက်ခန့်က စတင်ကာ ရပ်ကွက် ၁ဝ ရပ်ကွက်စလုံးတွင် အသံချဲ့စက်များနှင့် လိုက်လံ နှိုးဆော်ကာ ဆိုင်ရာ ရယက ရုံးများ၌ ပုံစံစာရွက်များတွင် လာရောက်ဖြည့်ရမည် ဖြစ်ကြောင်း အသိပေးပြီးနောက် ရပ်ကွက် ၁ဝ ရပ်ကွက်စလုံး ယခု ရက်ပိုင်းလေးအတွင်း လုပ်ခိုင်းနေခြင်း ဖြစ်သည်။
“ရယက ရုံးကိုလာဖို့ အသံချဲ့စက်တွေနဲ့ လိုက်အော်တယ်။ အိမ်ထောင်ဦးစီးတိုင်း မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ယူပြီးလာခဲ့ဖို့။ အတိုးအလျှော့တွေ လုပ်ပေးမယ်၊ ချက်ခြင်း လာခဲ့ပါလို့ အော်တယ်။ လူတိုင်းက ဆန္ဒခံယူပွဲ လုပ်ဖို့ လုပ်ခိုင်းတာဆိုတာ သိပေမယ့် မတတ်နိုင်ဘူး။ သွားလုပ်ရတာပဲ” ဟု တောင်တွင်းကြီး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
လဝက ဝန်ထမ်းများနှင့် ရယက အဖွဲ့ဝင်များက လူဝင်မှု ကြီးကြပ်ရေးရုံးရှိ အိမ်ထောင်စုစာရင်း မိတ္တူများကို ယူဆောင်လာကာ လက်ရှိ မိသားစုဝင် ဦးရေနှင့် တိုက်ဆိုင် စစ်ဆေးပြီး လိုအပ်သည့် လူဦးရေစာရင်းကို ဖြည့်စွက်ကာ အိမ်တွင်မရှိသော စာရင်းများကို ပယ်ဖျက်ပေးခဲ့ကြောင်း သူက ဆက်ပြောသည်။
ယခုလို အိမ်ထောင်စုစာရင်း ကောက်ခံနေခြင်းသည် မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲအတွက် တင်ကြို လုပ်ဆောင်နေသည်ဟု ဒေသခံများက ယူဆနေသော်လည်း လိုက်နာခြင်းမရှိပါက အာဏာပိုင်များ၏ ငြိုငြင်မှုကို ခံရပြီး ရယက ထံ ထောက်ခံစာများ တောင်းခံသည့်အခါ အခက် ကြုံရမည်ကို စိုးရိမ်သောကြောင့် လိုက်နာနေကြခြင်း ဖြစ်သည်ဟု အခြား ဒေသခံ တဦးက ပြောသည်။
သူက “သူတို့ကတော့ ဆန္ဒခံယူပွဲကို သေချာအောင် လုပ်မှာပဲဗျ။ မဲပေးပြီး ဆန္ဒခံယူပွဲလုပ်လည်း တတိုင်းပြည်လုံး မထောက်တဲ့မဲ ထည့်လည်း သူတို့က ထောက်ခံတယ် ပြောမှာပဲ” ဟု ဆက်ပြောသည်။
ဒေသအာဏာပိုင်များ အနေဖြင့် ဒေသခံလူထုကို ခြိမ်းခြောက်၍ တဖုံ၊ ချော့မြူ၍တဖုံ ဆန္ဒခံယူပွဲများကို တက်ရောက်လာရန် စည်းရုံးနိုင်သောကြောင့် ယခုလာမည့် လူထုဆန္ဒ ခံယူပွဲကိုလည်း ဖြစ်မြောက်သည်အထိ လုပ်လာနိုင်သည်ဟု ဒေသခံများ ယူဆနေကြသည်ဟု သူက ပြောသည်။
“သူတို့က အမြဲတမ်း ရိုးရိုးသားသား လုပ်တာ မဟုတ်ဘူးဗျ။ ထောင့်စေ့တယ်။ မြို့ပေါ်မှာ ဟောပြောပွဲလုပ်မယ်ဆိုရင် အခွင့်အရေးပေးပြီးတော့ လူတစုကို စည်းရုံးလိုက်တယ်။ ကျေးရွာက လူတွေကျတော့ ဘာမပြော ညာမပြောနဲ့ ဇွတ်ခေါ်လာတယ်။ ဒီလိုနဲ့ပဲ အလုပ်ဖြစ်သွားတာပဲ။ ရွာသားတွေမှာတော့ ဘာမသိညာမသိနဲ့ ခံပြင်းပြီး ပြန်ခဲ့ရတာပဲ” ဟု သူက ပြောသည်။
အလားတူပင် မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်ရှိ ရယက ရပ်ကွက်ရုံးတိုင်းတွင် အိမ်ထောင်စုဇယား အသစ်များ အစောင်ရေ ၃ ထောင်ကျော်ခန့်စီ ရောက်ရှိနေပြီဟု မျက်မြင် တွေ့ရှိခဲ့သူ တဦးက ယခုလို ပြောသည်။
“သူတို့က နားလည့်ပါးရိုက် လုပ်မယ့် ပုံစံတွေဗျ။ တွေ့ခဲ့တာ ရိုးရိုးပုံစံ ၁ဝ တွေ မဟုတ်ဘူး။ စနစ်တကျ လုပ်ထားတဲ့ သဘောရှိတယ်။ ခေါင်းစဉ်မှာ ကြံ့ခိုင်ရေးမိသားစုဝင်တွေဆိုပြီး ရေးထားတယ်။ လိုရင်းကို ပြောရရင် မိသားစုဝင်စာရင်း သွင်းတဲ့အခါ အလိုအလျောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် ဖြစ်သွားတဲ့ သဘောပေါ့” ဟု သူက ပြောသည်။
ထိုသို့ လုပ်ဆောင်ထားခြင်းကြောင့် အိမ်ထောင်စုဇယား အသစ် လဲလှယ်သည့်အခါ အိမ်ထောင်ဦးစီးမှ မွေးကင်းစ ကလေးငယ်များအထိ အလိုအလျောက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်အဖြစ် သတ်မှတ်ခံရမည်ကို ဒေသခံများ စိုးရိမ်နေသည်။
ယခုလို ရယက ဥက္ကဋ္ဌများက တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စု စာရင်းများ ကောက်ခံကာ အသက် ၁၈ နှစ် ပြည့်ပြီး လူငယ်များကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်အဖြစ် မိဘများကို အကြောင်းမကြားဘဲ သတ်မှတ် ပေးနေခြင်းကို မန္တလေးတိုင်း ချမ်းအေးသာဇံ မြို့တွင်လည်း ယခု ရက်ပိုင်းအတွင်း အပူတပြင်း လုပ်ဆောင်နေခဲ့သည်။

No comments: