Wednesday, February 20, 2008

မြန်မာနေးရှင်း ဂျာနယ် ဖြန့်ဝေခွင့် ပိတ်ပင်ခံရ

နန်းဒေဝီ
နယူးဒေလီ။ ။ မြန်မာနေးရှင်း ဂျာနယ်တိုက်မှ အယ်ဒီတာချုပ်နှင့် ရုံးအုပ်ချုပ်ရေးမှူးတို့အား သောကြာနေ့တွင် အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားပြီးနောက် ယခုတပတ် ထုတ်ဝေမည့် ဂျာနယ်ကိုလည်း ဖြန့်ဝေခွင့် ပိတ်ပင်လိုက်သည်။
ယနေ့ထုတ်ဝေမည့် ဂျာနယ်ကို ဖြန့်ဝေခွင့် ပိတ်ပင်လိုက်သလို၊ ဂျာနယ်တိုက်ကိုလည်း ရပ်နားထားရန် စာပေစိစစ်ရေးက ညွှန်ကြားထားသဖြင့် ခေတ္တ ပိတ်လိုက်ရကြောင်း အမည်မဖော်လိုသူ ဂျာနယ်တိုက်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
“မနေ့ညနေက ထုတ်ဝေခွင့်ကဒ် ပိုင်တဲ့သူကို စာပေစိစစ်ရေးက ခေါ်ပြီးတော့ ဂျာနယ်တွေကို မဖြန့်နဲ့အုံး၊ ပြန်စစ်ဆေးဖို့ ရှိတယ်ဆိုပြီး တိုက်ကို တဆင့်ပြောခိုင်းတာ။ တိုက်ကိုလည်း ခဏ ပိတ်ထားလိုက်ပါလို့ ပြောတယ်။ မနေ့ကမှ ပုံနှိပ်တိုက်က ယူလာတဲ့ အတိုင်းကို ပုံထားရတယ်။ ဒီနေ့စပြီး ဖြန့်မလို့လေ” ဟု သူက ပြောသည်။
သူက ဆက်ပြီး “စိစစ်ရေးက တရားဝင်စာ ထုတ်ပြီးတော့ အကြောင်းကြားတာလည်း မရှိဘူး။ တရားဝင်စာတော့ မရသေးပါဘူး။ ဒါပေမဲ့ ထုတ်ဝေခွင့်ကဒ် ငှားပေးထားတဲ့ သူဆီကတဆင့် သိရတာပါ။ သွားမေးတော့လည်း ထုတ်ဝေခွင့်ကဒ် ပိုင်ဆိုင်တဲ့သူနဲ့ပဲ စကားပြောမယ်လို့ပဲ ပြောပါတယ်” ဟု ပြောသည်။
သင်္ကန်းကျွန်းမြို့နယ်ရှိ ဂျာနယ်တိုက်မှ အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်တို့အား ခေါ်ယူစစ်ဆေးရန်သာ ဖြစ်ပြီး ဂျာနယ်တိုက်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ဒေသ အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယခုအခါ ဂျာနယ် ဖြန့်ဝေခွင့်ကိုပါ ပိတ်ပင်ခံရခြင်း ဖြစ်သည်ဟု ဦးသက်ဇင်၏ ဇနီးဖြစ်သူ ဒေါ်ခင်ဆွေမြင့်က မဇ္ဈိမကို ယခုလို ပြောသည်။
“ဦးသက်ဇင်တို့ကို လာခေါ်သွားတဲ့ နေ့ကတုန်းကလည်းလေ၊ အဲဒီ အရာရှိက ကျမတို့ကို ပြောသွားတယ်လေ၊ ဂျာနယ်နဲ့ မပတ်သက်ပါဘူး၊ ဂျာနယ်ကို ခင်ဗျားတို့ ဆက်လုပ်လို့ ရပါတယ်လို့ ပြောလို့ အသဲအသန် လုပ်လိုက်ရတာ၊ အခုတော့” ဟု သူက ပြောသည်။
ဂျာနယ်စောင်ရေ ၅ဝဝဝ ကျော် ပုံနှိပ်ထားပြီး၊ ကုန်ကျစရိတ် ကျပ် ၁ဝ သိန်းကျော် အကုန်အကျ ခံခဲ့ရကြောင်း သိရသည်။
“သောကြာနေ့တုန်းက ကျမတို့ ရပ်လိုက်လို့ရှိရင် ဒီလောက် အကုန်အကျ မများဘူး၊ လူလည်း မပင်ပန်းဘူး။ အခုတော့ ကျမတို့မှာလည်း Graphic Design တွေဘာတွေ အကုန် အသဲအသန် လုပ်လိုက်ရတာ။ အခုတော့ ငွေလည်း ကုန်၊ လူလည်း ပင်ပန်း ဖြစ်နေရတယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “စစ်ဆေးချင်လို့တော့ ပြောတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဂျာနယ်က စိစစ်ရေး လွတ်ပြီးသားပါ။ စိစစ်ရေး လွတ်ပေးပြီးမှပဲ ပုံနှိပ်စက်ပေါ် တင်ရတာလေ။ ပုံနှိပ်စက်ကလည်း လွတ်ပြီးကာမှ ဖြန့်ဖို့ လုပ်တော့မှ အဲလိုဖြစ်ရတာ။ ကျမလည်း အံ့သြနေတာပေါ့ရှင်” ဟု ပြောသည်။

No comments: