Thursday, February 28, 2008

ဖြူနီကြား ဂယက် (သတင်းဆောင်းပါး)

မဇ္ဈိမသတင်းဌာန
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အတွင်းရှိ လမ်းမကြီးများကို
ဖြူနီကြား တားကာ ယာဉ်မရပ်ရ နေရာများအဖြစ် သတ်မှတ်ခြင်း အပေါ် ကန့်ကွက်သူက များနေသည်။
လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များကို ဖြတ်သန်း ဖောက်လုပ်ထားသော လမ်းမကြီးများ၏ နေရာအများစုတွင် ယာဉ်မရပ်ရ နေရာများအဖြစ် ဖေဖော်ဝါရီ လလယ်က စ၍ သတ်မှတ်ပြီး ကျူးလွန်သော ယာဉ်များကို ဒဏ်တပ်အရေးယူ မှု တင်းတင်းကျပ်ကျပ် လုပ်ကိုင်ခဲ့သည်။
ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်နေ၍ ဟူသော အကြောင်း ပြချက်ဖြင့် ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဆောင်ရွက်ခြင်း ဖြစ်သည်။

ဖြူနီကြား ရပ်မိသည့် ဒဏ်ကြေးမှာ ကျပ် ၁၇၀၀၀ ဖြစ်ရာ ဆောင်ရလေရာ အငှား ယာဉ်မောင်းသမားများ တနေ့တာ ပျှမ်းမျှဝင်ငွေထက်ပင် ပိုနေသေးသည်။

သိမ်ကြီးဈေး ဘီရုံကဲ့သို့ ကုန်အတင်အချ များသည့် နေရာတွင်ပင် ကားမရပ်ရတော့ရာ အထည်ထုပ်နှင့် အခြားကုန်စည်များ လာရောက် အတင်အချ ပြုသည့်ကားများ အခက်ကြုံနေရသည်ဟု ဆိုင်ရှင်တဦးက ပြောသည်။

အငှား ယာဉ်မောင်းသူ တဦးကလည်း "တော်တော်ဆိုးပါတယ်ဗျာ၊ ခရီးသည်တားလို့ ခဏလေး ရပ်တင်တာ တောင် မရဘူး၊ အတင်း ဒဏ်ရိုက်တာပဲ၊ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။" ဟု ပြောသည်။
ကျူးလွန်သော ယာဉ်များကို ဒဏ်တပ်မှုများ ရဲက ချက်ခြင်း လုပ်ခဲ့ရာတွင် ယာဉ်မောင်းသူများနှင့် ရဲတို့ အခြေအတင် စကား များ ရန်ဖြစ်မှု များပြားလာ၍ ချက်ခြင်း ဒဏ်မ တပ် တော့ ဘဲ ကားနံပါတ် မှတ်ထားပြီး အစိုးရက ရောင်းချပေး သော ဓာတ်ဆီဆိုင်၊ ဂက်စ်ဆိုင်များကို စာရင်း ပို့ထားလိုက် သည်။ ယာဉ်ထိန်းရဲရုံးတွင် ဒဏ်ကြေး ပေး ဆောင်ပြီးထား သော ပြေစာပြနိုင်မှသာ ဆီရောင်း ချပေးသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော ကားအရေအတွက် ၁၇၀၀၀၀ ကျော်ရှိပြီး တနိုင်ငံလုံးတွင် ကားအစီးရေ ၁ သန်းကျော် ရှိသည်။ ရန်ကုန်မြို့တွင်း လမ်းများကို တိုးချဲ့ ဖောက်လုပ်နိုင်ခြင်း မရှိသည်မှာ နှစ်အနည်းငယ် ကြာ မြင့်ပြီ ဖြစ်သည်။ မိုးပျံလမ်းများအဖြစ် နောက်ထပ် ချဲ့ထွင် ဖောက်လုပ်နိုင်ခြင်းလည်း မရှိပေ။
နေပြည်တော် အတွက်သာ တည်ဆောက်မှု လုပ်ငန်းများ လုပ်နေ၍ မြို့တော်ဟောင်းအတွက် လမ်းအပျက် အစီး ပင် ပြုပြင်မှု သိပ်မတွေ့ရတော့ပါ။
ကားဟောင်းလေ ဈေးပိုရလာလေ ဖြစ်သည့် ကမာပေါ်တွင် ရှားရှားပါးပါး အဆမတန် ကားဈေး ကြီးနေခြင်းကပင် လမ်းပိတ်ဆို့မှုနှင့် ယာဉ်ထိန်းရဲများ ဒဏ်ရိုက်ရမှု ထပ်မများအောင် စွမ်းဆောင်ပေးသကဲ့သို့  ဖြစ်နေသည်။
"ဂိတ်လည်း ထိုးစရာ နေရာမရှိ ခရီးသည်ရဖို့ ဆိုတာကလည်း မလွယ်တော့ တားစီးသူ ရှိလို့ကတော့ အခြေအနေ ကြည့်ပြီး တင်ရတာပဲ၊ နောက်ဖြစ်မှနောက်ရှင်း လောလောဆယ် ကိုယ်ပိုက်ဆံရဖို့ အရေးကြီးတယ်ရိုးရိုးသားသား လုပ်စားသူတွေ ကြာလေ ပိုရှာရခက်လေ ဖြစ်နေတာပါဘဲဗျာ"ဟု ပန်းဆိုးတန်း လမ်းအနီး မဟာဗန္ဓုလ လမ်းပေါ် တွင် ယခင်က ဂိတ်ထိုးလေ့ ရှိသော ကိုချစ်ကောင်းက ပြောသည်။
မလိုလားအပ်သော ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့တော်စည်ပင် လမ်းတံတားဌာနမှ တာဝန်ရှိသူတဦး ပြောသည်။ သို့သော်လည်း ပုဂ္ဂလိကသို့ ကန်ထရိုက် စနစ် ဖြင့် လုပ်ကိုင်ခွင့် ပြုထားသော လေဟာပြင် ယာဉ်ရပ်နားစခန်းနှင့် နောင်ပေါ်ထွန်းလာမည့် အခပေး ယာဉ်ရပ်နား ရာ နေရာများ၏ အကျိုးအတွက် အကွက်ချ လုပ်ကိုင်ခြင်း ဖြစ်သည်ဟု မြို့ခံများက စွပ်စွဲ ပြောဆိုနေကြသည်။

"မြို့တွင်းမှာ ယာဉ်ကြောတွေကြပ် ပိတ်ဆို့မှုတွေ ဖြစ်တယ် ဆိုပြီး လုပ်တာတဲ့ဗျာ၊ အဓိပ္ပာယ် မရှိတဲ့ အလုပ်ပါ၊ တကယ်တမ်းက သူတို့ ယာဉ်ထိန်းရဲတွေ ကျွမ်းကျင်မှုမရှိတာ ရယ် အလုပ်မလုပ်တာတွေရယ် ကြောင့်ပါ၊" ဟု ယာဉ် ပိုင်ရှင် တဦး ဖြစ်သူ ဦးမင်းမင်းက ပြောသည်။ "ကားမှတ်တိုင် တွေ မှာဘတ်စ်ကားတွေ ရပ်ချင်သလိုရပ် အကြာ ကြီး ထိုင်နေတာ တွေကြ၊ ပိုက်ဆံတောင်းပြီး မသိသလို နေတယ်။


တကယ်ယာဉ်ကြော ပိတ်စေတာက အဲဒီစည်းကမ်း မဲ့ ဘတ်စ် ကားတွေကြောင့်ပဲ ၊မဟာဗန္ဓုလ လမ်းပန်းဆိုးတန်း မှတ်တိုင် ဆို အဆိုးဆုံးပဲ။ ညာဘက်ကြော ဆိပ်ကမ်းသာ လမ်းထဲဝင်ရဖို့ အဲဒီထိပ်မှာ ဘတ်စ်ကားတွေ အမြဲပိတ် နေလို့ တော်တော် စောင့်ရတယ်။ ယာဉ်ထိန်းရဲတွေ ရှိနေလည်း ဒီတိုင်း ကြည့်နေတာပဲ"ဟု သူက ပြောသည်။
ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းမများ တလျှောက်တွင် ယမန်နှစ်ကတည်းက ဖြူနီကြား သတ်မှတ်ခဲ့သော်လည်း တက္ကစီများ ခေတ္တရပ်ကာ ခရီးသည် အတင်အချခွင့် ပြုထားပြန်သည်။

No comments: