Thursday, February 7, 2008

လူမမာသန်းရွှေ အာဏာကို ဖက်တွယ်ထားလို့ နေပြည်တော်ကြီး သွက်ချာပါဒလိုက်


ဆောင်းပါး
လာရီဂျာဂင်
လူမမာ ဗိုလ်ချုပ်မှူးကြီးက အမြင့်ဆုံးတာဝန်ကို ယူထားသောကြောင့် ဗမာစစ်အစိုးရ၏ အနာဂတ်မှာ အခက်အခဲနှင့် ကြုံနေရသည်။ သူနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေးမှာ လျင်မြန်စွာ ကျဆင်းလာနေသည်ဟု သိရသည်။

“မှတ်ဉာဏ်လည်း ချို့ယွင်းလာပြီ။ သူ ဘယ်သူ့ကို အရင်တုန်းက တပ်ကနေ အရေးယူခဲ့တယ် ဆိုတာတောင် မမှတ်မိတော့ဘူး။ အနားမှာ ဘယ်သူရှိတာမှလည်း မကြိုက်တော့ဘူး၊ ဘယ်သူ့ကိုမှ မယုံတော့ဘူး” ဟု နေပြည်တော်ရှိ အကြီးတန်း စစ်အရာရှိတဦးက ပြောကြားသည်။
နေပြည်တော်သည် မြန်မာပြည်၏ မြို့တော်သစ်ဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၄ဝဝ အကွာတွင် ရှိသည်။

တချိန်တည်းတွင် တပ်တွင်း၌လည်း တင်းမာမှုများ စတင်ဖြစ်ပေါ်နေသည်ကို တွေ့နေရသည်။ သန်းရွှေ၏ ကျန်းမာရေးကြောင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ၏ အစည်းအဝေးများ မပြုလုပ်နိုင်သည့်အတွက် ရာထူးတိုးမြှင့်မှုများ ပြုလုပ် မပေးနိုင်ခဲ့သည်မှာ ၈ လရှိသွားပြီ ဖြစ်သည်။

ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ထောက်လှမ်းရေးဌာန၏ မအောင်မြင်မှုများကြောင့် ဗိုလ်ချုပ်မှူးကြီးက ယခင် ဗိုလ်ချုပ်ကြီးခင်ညွန့် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်စဉ်က ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကျော်ဝင်းအား ထောက်လှမ်းရေး သင်တန်းကျောင်းကို တာဝန်ယူရန် လစာငွေ ကျပ် ၅ သိန်းဖြင့် ပြန်လည် ခန့်အပ်ခဲ့သည်ဟုလည်း သိရသည်။ ယခင် ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ အခြား ထောက်လှမ်းရေးဟောင်း အများအပြားကိုလည်း ပြန်လည် ခန့်အပ်ခဲ့သည်ဟု သိရသည်။

ခင်ညွန့်နှင့် သူ၏ ထောက်လှမ်းရေးအရာရှိ အများအပြားအား ရာထူးမှဖယ်ရှားပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ပြီးသည့်နောက် အသစ် ပြန်လည်ဖွဲ့စည်းခဲ့သော လက်ရှိ ထောက်လှမ်းရေးအဖွဲ့ အလုပ်မဖြစ်မည်ကို သန်းရွှေက စိုးရိမ် ပူပန်နေခဲ့သည်။ ထိုထောက်လှမ်းရေး အဖွဲ့သစ်သည် နေပြည်တော် အပါအဝင် တပြည်လုံးအနှံ့ ဗုံးပေါက်ကွဲမှု တရားခံများကိုလည်း မဖေါ်ထုတ်နိုင်ခဲ့၊ ယမန်နှစ်က ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာမည်ကိုလည်း ကြိုတင် မခန့်မှန်းနိုင်ခဲ့၊ ကာကွယ် တားဆီးနိုင်ခြင်းလည်း မရှိခဲ့ပေ။

သို့သော် ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ် ပူပန်စရာများသည် ဤနေရာတွင်ပင် ရပ်တန့်၍ မသွားပါ။ စစ်အစိုးရကို ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားများ တိုးမြှင့်လာနေစဉ်တွင်ပင် တိုင်းပြည် စီးပွားရေးမှာလည်း အလွန်လျင်မြန်စွာ ကျဆင်းလာနေသည်။ ဥရောပသမဂ္ဂကလည်း လာမည့်လ အနည်းငယ်အတွင်း ရွေးချယ်ပိတ်ဆို့ အရေးယူမှုများကို တိုးမြှင့် ပြုလုပ်လာဘွယ်ရှိပြီး အမေရိကန်သမတ ဂျော့ဘုရှ်ကလည်း သူ့သမတ သက်တမ်း မကုန်ဆုံးမီလေးတွင် မြန်မာ့အရေးအား သူ၏ ထိပ်တန်း ဦးစားပေးအဖြစ် ဆောင်ရွက်သွားပါမည်ဟု ကတိပြုထားသည်။

တချိန်တည်းတွင်ပင် စက်တင်ဘာလအတွင်း ဆန္ဒပြသူများအား နှိမ်နင်းခဲ့ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တရပ်အဖြစ် စစ်အစိုးရကို သည်ဟိဂ်မြို့ (The Hague) ရှိ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် လအနည်းငယ်အတွင်း ရုံးတင် တရားစွဲနိုင်ရန် ဥရောပနှင့် အမေရိကန်မှ နာမည်ကြီးထင်ရှားသည့် ရှေ့နေတစုက ပြင်ဆင်လျက် ရှိသည်။

“နေပြည်တော်မှာတော့ အကုန်လုံးကို နှေးကွေးကုန်တာပဲဗျာ။ အထက်က သဘောမတူရင် ဘယ်လောက်သေးတဲ့ ကိစ္စလေး ဖြစ်ပါစေ၊ ဘယ်သူမှ ဘာမှ မဆုံးဖြတ်ရဲဘူး။ ဒီအချိန် အထက်က ခွင့်ပြုချက် ဆိုတာကလည်း ရှားလိုက်ပါဘိ” ဟု အစိုးရ အရာရှိတဦးက အနောက်တိုင်း သံတမန်တဦးကို မကြာသေးခင်က အတွင်းစကားအဖြစ် ဖွင့်ဟ ပြောကြားခဲ့သည်။

“ဘာမှလုပ်မရဘူးဗျ။ အားလုံးက သန်းရွှေ သေမှာကို ထိုင်စောင့်နေကြတာ” ဟု အာဆီယံ အစည်းအဝေး တခုတွင် မြန်မာ အရာရှိကြီးတဦးနှင့် မကြာသေးခင်က တွေ့ဆုံခဲ့ရသော အာရှနိုင်ငံ အစိုးရအဖွဲ့ တခု၏ အကြီးတန်း အရာရှိကြီးတဦးက ပြောကြားလိုက်သည်။

သန်းရွှေ၏ ကျန်းမာရေးမှာလည်း လျင်မြန်စွာပင် ယိုယွင်းလာနေသည်ဟု မကြာသေးခင်က သူ့ကို တွေ့မြင်ခဲ့ရသူ သံတမန်များ၏ အပြောအရ သိရသည်။

“သူက အယ်ဇိုင်းမား (Alzheimer's) ရောဂါရနေတာလည်း ဖြစ်နိုင်တယ်။ မကြာခဏ အတော်များများကို မေ့နေတယ်။ စစ်အရာရှိ တော်တော်များများကို နာမည်ပြောပြီး သူတို့ ဘယ်ရောက်နေသလဲလို့ မေးမေးနေတယ်။ ဒီလူတွေက အလယ်အလတ်တန်း အရာရှိကြီးတွေလေ။ အရင်နှစ်က အစုလိုက် အပြုံလိုက် အငြိမ်းစား ပေးခံရတဲ့အထဲ ပါသွားတဲ့ လူတွေ”ဟု နေပြည်တော်ရှိ အစိုးရ သတင်းရပ်ကွက်က ပြောကြား သွားသည်။

“သူက မြန်မြန်ကြီးကို အရွယ်ကျသွားတာ။ အခု နှလုံးရောဂါ အခြေအနေကလည်း ဆိုးလာနေတယ်” ဟု အခြား အစိုးရ သတင်းရပ်ကွက် တခုက ပြောကြားခဲ့သည်။

သူသည် နာတာရှည် ဆီးချိုရောဂါကို ခံစားနေရပြီး သွေးတိုးရောဂါလည်း ပုံမှန် ခံစားနေရသည်။ လွန်ခဲ့သော နှစ်အတော်ကြာကြာကလည်း အနုစား လေဖြတ်ရောဂါ ခံစားခဲ့ရသေးပြီး၊ ယခုအခါတွင်မူ နှလုံး ကော်ရော်နော်ရီ သွေးကြောမကြီး ပြဿနာရှိနေပြီး သတိမေ့ ရောဂါလည်း ရှိနေသည်ဟု သိရသည်။ သူသည် တိုး၍ပင် မစွမ်းဆောင်နိုင် ဖြစ်လာသည်။

မကြာသေးမီ လများအတွင်းက စင်္ကာပူမှ ဆရာဝန်များက နေပြည်တော်ရှိ သန်းရွှေ၏ နေအိမ်သို့ ပုံမှန်လာရောက် စစ်ဆေးပေးနေရသည်ဟု အရှေ့တောင်အာရှ သံတမန် သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။

“မြန်မာပြည် စစ်ဆေးရုံက ဆရာဝန်တွေ ပုံမှန် နှစ်စဉ် ဆေးစစ်ပေးတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ငြင်းပယ်ခဲ့တာ ၁ဝ နှစ်လောက် ရှိပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျန်းမာရေး အကြောင်းပြပြီး ဗိုလ်ချုပ်ကြီး စောမောင်ကို သူ ဖြုတ်ပစ်ခဲ့သလိုမျိုး ပြန်ခံရမှာကို ကြောက်နေတာ” ဟု အမည်မဖေါ်လိုသော စစ်တပ် ဆရာဝန်ဟောင်း တဦးက မဇ္ဈိမကို ပြောကြားခဲ့သည်။

လွန်ခဲ့သောလကလည်း နေပြည်တော်တွင် အသေးစား နှလုံး ခွဲစိတ်မှုတရပ် ပြုလုပ်ခဲ့ရသေးသည်။ စင်္ကာပူမှ ဆရာဝန်များ နေပြည်တော်သို့ လာရောက် ခွဲစိတ်ကုသမှု လုပ်ပေးရခြင်း ဖြစ်သည်။ စင်္ကာပူတွင် အကြီးစား နှလုံးခွဲစိတ်မှု လုပ်ရန် ယခုလ နှောင်းပိုင်းတွင် စီစဉ်ထားသည်။ မြန်မာပြည်တွင်ရှိသော ခွဲစိတ် ကိရိယာများမှာ အလွန်ပင် ခေတ်နောက်ကျနေ၍ ဖြစ်သည်။

သန်းရွှေ၏ လတ်တလော ကျန်းမာရေး အခြေအနေကြောင့် ပုံမှန်လုပ်နေကျ ၄ လပတ် အစည်းအဝေးကို ယခုလကုန်အထိ ရွှေ့ဆိုင်းထားရသည်။ ဤအစည်းအဝေးသည် ကုန်ဈေးနှုံးများ တက်မှုကြောင့် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲများအား စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် ပထမဆုံးပြုလုပ်သည့် အစည်းအဝေး ဖြစ်လာမည်။

“ဗိုလ်ချုပ်တွေ အစည်းအဝေး မထိုင်နိုင်တာ သြဂုတ်၊ စက်တင်ဘာ ဆန္ဒပြပွဲတွေ မတိုင်ခင်ကတည်းက ဆိုရင် ၈ လကျော်သွားပြီ။ တိုင်းမှူးအသစ် ၃ ယောက် ခန့်ခဲ့တာက လွဲလို့ ဒီအတောအတွင်း ဘာရာထူး တိုးမြှင့်ပေးတာမှ မရှိဘူး” ဟု ချင်းမိုင်အခြေစိုက် မြန်မာ့အကဲခတ် ဦးဝင်းမင်းက မဇ္ဈိမကို ပြောဆိုသည်။

ယင်းသည် ပထမဆုံး အစီအစဉ်ပင် ဖြစ်လိမ့်မည်။ တိုင်းမှူးများ အပါအဝင် အကြီးတန်း စစ်အရာရှိကြီး အတော်များများသည် သူ့ကို သစ္စာမခံဘဲ မောင်အေးနှင့် သူရရွှေမန်းတို့ကိုသာ သစ္စာရှိကြသည်ကို သူ ကောင်းကောင်းသိသည်။ သူ့ထက် တဆင့်နိမ့် အရာရှိကြီးများက သူ့အား ရာထူးမှ ဖယ်ရှားလိုက်မည်ကို စိုးရိမ် ပူပန်နေရခြင်းက သူ့ကို ဒုက္ခပေးစပြုလာသည်။

“လွန်ခဲ့တဲ့ ၁ နှစ်အတွင်း မောင်အေးကို ပထားဘို့နဲ့ပဲ သန်းရွှေ အလုပ်ရှုပ်နေတာပဲ” ဟု စစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောပြခဲ့သည်။ “ဒီကိစ္စမှာ နဲနဲပါးပါးတော့ အောင်မြင်ပါတယ်။ ဒါပေမဲ့ မောင်အေး သူ့ကို အမြဲ ကဖျက်ယဖျက် လုပ်နေတာပဲ။ ရာထူး တိုးပေးတာတွေကို တိုးမပေးနိုင်အောင် ပိတ်ထားတယ်။ သူ့ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖေါ်လို့မရအောင် အနှောင့်အယှက် ပေးတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်ပြောသည်။

နောက်ဆုံး အင်အားပြိုင်ပွဲတွင် သူက ရန်ကုန်မြို့တော်ဝန်ကို မြို့အနှံ့ စိုက်ထူထားသော ကြော်ငြာ ဆိုင်းဘုတ်ကြီးများအား ပြန်လည် ဖြုတ်ချရန် အမိန့်ပေးခဲ့သည်။ ယင်းဆိုင်းဘုတ်ကြီးများတွင် “အမေရိကန်အားကိုး အဆိုးမြင်ဝါဒီ ပုဆိန်ရိုးများအား ဆန့်ကျင်ကြ” ဟု ရေးသားထားသည်။ သူက အဆိုပါ ဆိုင်းဘုတ်ကြီးများတွင် အမေရိကန်ဟု ဝိသေသပြု ဖေါ်ပြထားခြင်းကို ဆန့်ကျင်ပြီး နိုင်ငံခြား ရန်သူများကို ခွဲခြား ဖေါ်ပြထားခြင်းမျိုး မနှစ်သက်ပါ။

ရာထူးတိုးမြှင့်မှုများ ပြုလုပ်ပြီးလျှင် ဝန်ကြီးအဖွဲ့အား အကြီးအကျယ် ပြင်ဆင်ဖွဲ့စည်းရန် သန်းရွှေက ရည်ရွယ်ထားသည်။ လူဟောင်းများအား အနားယူစေပြီး တိုင်းမှူးများအား အဆင့်မြင့် ရာထူးအချို့တွင် တိုးမြှင့် ခန့်ထားမည် ဖြစ်သည်။

အရာရှိငယ်များအား လစ်လပ်သွားသော တိုင်းမှူး ရာထူးများတွင် ခန့်ထားမည် ဖြစ်သည်။ ထိုစီမံကိန်းများ အကောင်အထည် မဖေါ်ရသေးမချင်း အစိုးရ အုပ်ချုပ်ရေး ယန္တရားသည် ရပ်တန့်နေဦးမည် ဖြစ်သည်ဟု ရန်ကုန်ရှိ သံတမန် အသိုင်းအဝိုင်း သတင်းအရ သိရသည်။

အခြေအနေများကို ပို၍ ဆိုးသွားစေသည်မှာ မြန်မာ နက္ခတ်ဗေဒင်ဆရာ အတော်များများကလည်း ဗိုလ်ချုပ်မှူးကြီး ကံဇာတာ မှေးမှိန်ချိန် ရောက်ပြီဟု ဟောကြားနေကြခြင်း ဖြစ်သည်။ ယခု ရက်သတ္တပတ် နှောင်းပိုင်းတွင် ဖြစ်ပေါ်မည့် နေကြတ်ခြင်းသည် သန်းရွှေ၏ ကျန်းမာရေးနှင့် သူ့မိသားစု၏ စည်းစိမ် ဥစ္စာများအတွက် အတိတ်နိမိတ်ဆိုးပင် ဖြစ်သည်ဟု ဟောကြားနေကြသည်။ ဤစဉ်းလဲသော ဗိုလ်ချုပ်အိုကြီးသည် ယခင်က ဤသို့ သူကျဆုံးတော့မည်ဟု ဟောကြားခဲ့ကြသော ဗေဒင်ကိန်းခန်းများကို ကျော်လွှားလွန်မြောက် နိုင်ခဲ့သော်လည်း ဆိုးရွားလာသော သူ့ကျန်းမာရေး အခြေအနေနှင့် လေးလံ ထိုင်းမှိုင်းလာခြင်းတို့ကြောင့် အာဏာကို ချုပ်ကိုင်ထားနိုင်မှုမှာ ချည့်နဲ့လာနေပြီ ဖြစ်သည်။

“မြန်မာပြည် အခြေအနေက ပေါက်ကွဲတော့မယ့် လူမှု မီးတောင်ကြီးလို ဖြစ်နေတာ” ဟု အမည်မဖေါ်လိုသူ ထိပ်တန်း မြန်မာ စီးပွားရေးသမား တဦးက မဇ္ဈိမကို ပြောကြားသွားခဲ့သည်။

“အောက်အနက်ကြီးမှာက ဆူပွက်နေတာ၊ အနှေးနဲ့အမြန် ပေါက်ကွဲတော့မှာ” ဟု မြန်မာပြည်ရေးရာကို ဆယ်စုနှစ်တခုကျော် လေ့လာနေခဲ့သူ ဘန်ကောက် အခြေစိုက် ဥရောပအကြီးတန်း သံတမန် တဦးကလည်း ခန့်မှန်း ပြောကြားသွားသည်။

(Larry Jagan ၏ Naypyitaw paralyzed as an ailing Than Shwe clings to power ဆောင်းပါးကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။)

No comments: