Friday, February 1, 2008

ကန်ဂျီနာဂါအိ၊ စောဝေ၊ အဖြူရောင်သက်တံ့နှင့် ဖေဖော်ဝါရီဆယ့်လေး (ဆောင်းပါး)

ငြိမ်းချမ်းငြိမ်း
ကိုစောဝေနှင့် စတင် သိကျွမ်းခဲ့သည့် အချိန်က ၂ဝဝ၄ ခုနှစ် မေလထဲတွင် ဖြစ်သည်။ စိတ်ကူးချိုချို စာအုပ်တိုက်မှ ပန်းချီဆရာနှင့် ကဗျာဆရာ ကိုစန်းဦးက မိတ်ဆက်ပေး၍ သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ကျနော်ကား စာပေ စတင် ရေးသားခဲ့စဉ် ကတည်းက နိုင်ငံတကာ ရုပ်ရှင်၊ ဂီတအညွှန်း၊ ဆောင်းပါးနှင့် ခံစားမှုများသာ ရေးသားခဲ့သူ ဖြစ်သည်။ ကျနော်ဟာ နိုင်ငံတကာရုပ်ရှင်၊ ဂီတ အကြောင်းအရာများ ရေးသူဟု ကိုစန်းဦးက ပြောသည့်အခါ သူ တော်တော်လေး ဝမ်းသာသွားခဲ့သည်။ သူလည်း နိုင်ငံတကာ ရုပ်ရှင်ကားများကို စိတ်ဝင်စားကြောင်း၊ တချို့ ဇာတ်ကားများကို ဘယ်မှာမှ ရှာဝယ်၍ မရကြောင်း ပြောသည်။
ကျနော်နှင့် စတွေ့ခဲ့စဉ်က သူ အရမ်းကြည့်ချင်နေပြီး ရှာဖွေမရသော ရုပ်ရှင်ကား တကားအကြောင်း ကျနော့်ကို မေးသည်။ ထိုဇာတ်ကားအမည်မှာ Goodbye Lenin ဖြစ်သည်။ မြန်မာနိုင်ငံတွင် နဝဒေး ရုပ်ရှင်ပွဲတော် ကျင်းပစဉ်က ဂျာမဏီ သံရုံးတွင် ပြသခဲ့သည်။ ဘာလင်တံတိုင်းကြီး ပြိုကျပြီး ခေတ်ကြီး ပြောင်းသွားသည်ကို မသိလိုက်သည့် ကိုမာ Coma ရောဂါ ခံစားနေရသော သက်ကြီးရွယ်အိုတယောက် အကြောင်းကို အခြေပြုပြီး ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။ ဇာတ်ကား၌ ပါဝင်သော လူထုအုံကြွမှု ဇာတ်ဝင်ခန်းများကြောင့် အာဏာပိုင်များက သိမ်းဆည်းမှာ ကြောက်ပြီး DVD အရောင်းဆိုင်များ၌ ရင်းနှီးသူအချင်းချင်း လျှို့ဝှက်စွာ ရောင်းချရသည့် ဇာတ်ကား ဖြစ်သည်။ ကျနော့်တွင် အသင့်ရှိနေ၍ အဲ့ဒီနေ့ စကားဝိုင်းအပြီးတွင် Goodbye Lenin အခွေကို စာရေးသူအိမ်သို့ ကိုစောဝေ လိုက်ယူရာမှ ရင်းနှီးသွားခဲ့သည်။
ဤသို့ဖြင့် ကျနော်နှင့် ကိုစောဝေ ခင်မင်ရင်းနှီးပြီးနောက် ကျနော်တို့ စာပေ အသိုက်အမြုံလေးရှိရာ ၁၆၄ လမ်းထဲက လက်ဖက်ရည်ဆိုင်လေးထဲတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ဆုံမိကြသည်။ ထိုစကားဝိုင်းသို့ ပုံမှန် လာရောက်ကြသူများမှာ ကိုအောင်ဝေး၊ ကိုစန်းဦး၊ ဆရာမာဂျေ၊ ကိုကြွက် (သိမ်းတင်သား)၊ ဦးသက်၊ ကိုသက်ဇော်၊ မအိ၊ ကိုစောဝေနှင့် ကျနော်တို့က ပင်တိုင်ဖြစ်ပြီး ကိုသူရ (ဇာဂနာ)၊ ကိုမြင့်မိုးအောင်၊ ဆရာမသန်းမြင့်အောင်၊ ကိုချစ်ဝင်းမောင်နှင့် ဒေါက်တာဇော်သန်းက ရံဖန်ရံခါ ရောက်လာတတ်ကြသည်။ ၁၆၄ လမ်းမှ ထိုလက်ဖက်ရည်ဆိုင်လေးသည် ကျနော်တို့အတွက် စာပေရိပ်မြုံလေး ဖြစ်သည်။ ကိုစောဝေနှင့် ကျနော် ခင်မင်ပြီး သိပ်မကြာခင်မှာပင် အဆိုတော် ထူးအိမ်သင် ဆုံးပါးသွားခဲ့ရသည်။ ဒီဇိုင်းပညာတွင်ပါ ကျွမ်းကျင်သော ကိုစောဝေက ထူးအိမ်သင် အမှတ်တရ သူ့ကိုယ်ရေး ရာဇဝင်နှင့် တေးအယ်(လ်)ဘမ် မှတ်တမ်းများကို သူကိုယ်တိုင် အကုန်အကျခံ၍ ပုံနှိပ် ထုတ်ဝေကာ ထူးအိမ်သင် ပရိသတ်များအား ဖြန့်ဝေပေးခဲ့သည်။
ဖြူးမိတ်ဆွေများ စာပေဆုအား ဦးစီးကျင်းပခဲ့သူ၊ ကဗျာဆရာလည်း ဖြစ်သည့် ကိုစောဝေကား စာပေချစ်စိတ်ကြောင့် စာရေးဆရာ၊ အနုပညာရှင်များ၏ သာရေးနာရေး၊ လူမှုရေး လုပ်ငန်းများ လောက်တွင်သာ စိတ်ဝင်စားမည့်သူဟု ထင်ရသော်လည်း ဆရာမ သန်းမြင့်အောင်တို့နှင့် တွဲဖက်၍ သန်လျင်တွင် ဖွင့်လှစ်ထားသော HIV နှင့် သက်ရှင်နေထိုင်နေရသော မိဘမဲ့ ကလေးငယ်များအတွက် အားတက်သရော ဆောင်ရွက်နေသည်ကို မြင်တွေ့ရသောအခါ ကျနော် ပို၍ အံ့အားသင့်ခဲ့ရသည်။ ကလေးငယ်များအတွက် ငွေကြေး အကူအညီ ထည့်ရုံ၊ ပံ့ပိုးပေးရုံလောက်သာ မကဘဲ ထိုကလေးငယ်များရှိရာ ဂေဟာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ချော့မြူ ထိန်းကျောင်းကာ မုန့်ခွဲဝေ ကျွေးခဲ့သူ ဖြစ်သည်။
ကလေးငယ်များကလည်း ကိုစောဝေနှင့် ကိုအောင်ဝေးတို့ ရောက်လာလျှင် ပျော်ကြသည်။ ကလေးများက သူ့ကို ဦးစောဟု ခေါ်ပြီး တရင်းတနှီး ဆက်ဆံကြသည်။ မိမိတို့၏ သွေးသားရင်းချာသဖွယ်ပင် ဖြစ်သည်။ ကဗျာဆရာ ဦးကြီးတွေ၊ စာရေးဆရာ ဦးကြီးတွေ လာပြီဟု တစာစာ ဟစ်ကြွေးကာ ပျော်နေကြသည်။ အစက ထိုကလေးငယ်များမှာ ဆေးဝါးကုသခံယူမှုနှင့် စားဝတ်နေရေးအတွက် မည်ကာမတ္တလောက်သာ ဖြစ်ခဲ့ရသော်လည်း ကိုစောဝေ ဦးဆောင်၍ အဖြူရောင်သက်တံ့ အမည်ဖြင့် ကလေးငယ်များအတွက် ရံပုံငွေ ရှာဖွေပွဲကို ၂ဝဝ၆ ခုနှစ် မတ်လထဲတွင် Mr. Guitar ၌ ကျင်းပခဲ့ကာ သိန်းရာချီ ရှာဖွေပေးနိုင်ခဲ့သည်။ အနုပညာရှင် မြောက်မြားစွာကို စည်းရုံးကာ ထိုကလေးငယ်များအတွက် ရံပုံငွေ ရှာဖွေပွဲကို ရဲရဲဝံ့ဝံ့ ကျင်းပ ပေးနိုင်ခဲ့သည်။ ထိုနှစ်ထဲမှာပင် မန္တလေး၌ ထပ်မံကျင်းပသော အဖြူရောင်သက်တံ့ ပွဲကို အာဏာပိုင်များက ပိတ်ဆို့တားဆီး နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်။
၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ကျင်းပခဲ့သည့် ချန်ချန်၏ နိဗ္ဗာန်ဈေးပွဲတော် အတွက်လည်း တဖက်တလမ်းမှ ပံ့ပိုးရာ အာဏာပိုင်များက နှောင့်ယှက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် ဇွန်လထဲတွင် ကျင်းပခဲ့သည့် အဖြူရောင် သက်တန့်အဖွဲ့၏ ဒုတိယအကြိမ်မြောက် ကဗျာရွတ်ဆိုပွဲကို Mr. Guitar တွင် ဒုတိယအကြိမ်မြောက် အခက်အခဲ အတားအဆီးများကြားမှ ကျင်းပနိုင်ခဲ့သည်။ ထိုပွဲ ဖြစ်မြောက်ရေးအတွက် ကိုအောင်ဝေးနှင့် ကိုစောဝေတို့ အခက်အခဲ များစွာကြားမှ စီစဉ်ခဲ့ရသည်။ ပံ့ပိုး ကူညီသူများတွင် ပထမအကြိမ်ထက် နာမည်ကျော် အနုပညာရှင်များ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ အလှူရှင်များ ပါလာ၍ အာဏာပိုင်များဘက်မှ အလိုမတူဘဲ လိုက်လျောခဲ့ရသည်။
ကိုစောဝေနှင့် ပတ်သက်၍ ထူးခြားသော အချက်မှာ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား တယောက် မဟုတ်သော်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရဲရဲဝံ့ဝံ့ လှုပ်ရှားရဲသူ တယောက်ဖြစ်သည်။ အပြောကြီးသည်ဟု အခြားသူများက ဘဝင်မကျကြသော်လည်း သူသည် ပြောထားသည့် စကားအတိုင်းဖြစ်အောင် လုပ်တတ်သူ ဖြစ်သည်။ လူငယ်စိတ်ရှိကာ အတွေးအမြင် လွတ်လွပ် ပွင့်လင်းသူလည်း ဖြစ်သည်။ အဆိုတော်များ အထူးသဖြင့် Hip Hop အဆိုတော်များနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။
စာရေးသူ ညွှန်းဆိုသည့် နိုင်ငံခြား ဇာတ်ကားများ ဆိုလျှင်လည်း မလွတ်တမ်း ဝယ်ယူကြည့်ရှု စုဆောင်းလေ့ရှိသူ ဖြစ်သည်။ သူနှင့်ပတ်သက်၍ စာရေးသူ အမှတ်ရဆုံး အချက်ကား စားဝတ်နေရေး အစဉ်မပြေသော စာရေးဆရာများကိုလည်း တတ်အားသ၍ ကူညီ ပံ့ပိုးခဲ့သူ ဖြစ်သည်။ သူကား ရက်ရောသည်၊ ဖြူစင်သည်။ ဒါကိုတချို့ကား ငွေလမ်းခင်း၍ စာပေနယ်ထဲ ဝင်လာသူဟု ဆိုကြသည်။ သို့သော် သူက ဂရုမစိုက်၊ ဝေဖန်ခံနိုင်သည်။ သိပ်မတုန်လှုပ်၊ သူလုပ်စရာ ရှိတာကိုသာ ဆက်လုပ်သည်။ စာရေးသူနှင့် ကိုစောဝေတို့ နောက်ဆုံး ဆုံဖြစ်သည့်နေ့မှာ စက်တင်ဘာလ ၅ ရက်နေ့ မော်ဒန် လက်ဖက်ရည်ဆိုင်တွင် ဖြစ်သည်။ ကိုစောဝေ၊ ကိုအောင်ဝေး အပါအဝင် စာပေသမားတစုနှင့် ထိုင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကိုမင်းကိုနိုင် (ကိုပေါ်ဦး) နှင့် ကိုကိုကြီးတို့ကို ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည့် သတင်းကို စာရေးသူ ကြားကြားချင်း ကိုအောင်ဝေးကို လာပြောသည့်အချိန်၊ လပွတ္တာမှ လယ်သမားများ ရန်ကုန်သို့ ချီတက်မည်ဆိုသော နေ့၊ စာရေးသူ၏ Website များထဲမှ http://longwalktofreedom.blog.com ကို စတင် ဖွင့်လှစ်သောနေ့ ဖြစ်သည်။ ထိုနေ့ကား ကျနော်နှင့် ကိုစောဝေ တွေ့ခဲ့ရသည့် နောက်ဆုံးနေ့။
မြန်မာသက္ကရာဇ် တခုအတွင်းမှာပင် ဂျပန် ဓာတ်ပုံသတင်းထောက် ကန်ဂျီ နာဂါအိသည်လည်း အသက် စွန့်သွားခဲ့သည်။ စက်တင်ဘာ တော်လှန်ရေးနှင့် ပတ်သက်၍ နအဖ က စာရေးဆရာနှင့် အနုပညာရှင် ၁ဝ ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖြစ်သည်။ ယခုတခါတွင်လည်း “ဖေဖော်ဝါရီဆယ့်လေး” အချစ်ကဗျာ ရေးသားခဲ့သည့် ကဗျာဆရာ ကိုစောဝေအား ထပ်မံဖမ်းဆီးမှု ပြုခဲ့ပါသည်။ အမှန်တော့ ပြည်သူများအားလုံး၏ ခံစားချက်ကို ကိုစောဝေက စာမျက်နှာထက်တွင် ကိုယ်စား ပြောလာခဲ့ခြင်း ဖြစ်သည်။ “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာမှာ ကိုစောဝေက ပြောခြင်းမဟုတ်၊ ပြည်သူတွေက ပြောခြင်းသာ ဖြစ်သည်။
အချုပ်ပြောရလျှင် အာဏာရူးမို့ အာဏာရူး ဟု ပြောခြင်းသည် အမှန်တရား ဖြစ်သည်။ ကိုစောဝေက ပြည်သူ့ကိုယ်စား အမှန်တရားအား ထုတ်ဖော်ပြောခြင်းကို ဘာမှ ဖမ်းစရာမလိုပေ။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော NLD ပါတီကို အာဏာ လွှဲမပေးချင်သည်ကို အသာထား၊ အိုနာကျိုးကန်း ဂီလာန က ပင်စင် မယူနိုင်သေးဘဲ အာဏာကို တပ်မက်ပြီး မည်သူ့ကိုမျှ လွှဲမပေးချင်သောကြောင့် အာဏာရူး ဟု သမုတ်ခံရခြင်း ဖြစ်သည်။

No comments: