Thursday, February 7, 2008

ဘူတာကြီး ဂုံးကျော်ပေါ်က စက်တင်ဘာ သတ်ပွဲမြင်ကွင်း (ဆောင်းပါး)


အောင်ဖြိုး

နာရီကို ကြည့်လိုက်တော့ နေ့လည် (၂) နာရီ တိတိ။ လက်ထဲက ကိုင်ထားတဲ့ ကင်မရာကို ပျာယာခတ် ပြေးလွှားနေတဲ့ လူတွေနဲ့ မတိုက်မိအောင် သတိထားရှောင်ရင်း ရန်ကုန်ဘူတာကြီး ဂုံးကျော်တံတားဆီကို ခပ်သွက်သွက်လေး ပြေးလာလိုက်ပါတယ်။


ကျနော့်ရှေ့က သားအမိ နှစ်ယောက်ကလည်း ဘားလမ်းထဲရောက်အောင် ပြေးနေပါတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ်က ဈေးသည်တွေကလည်း ဈေးဗန်းသိမ်းတဲ့သူကသိမ်း၊ ဘားလမ်းထဲ သွားကြည့်ဖို့ အဖော်ညှိသူကညှိနဲ့ အားလုံးရှုပ်ယှက် ခတ်နေကြတယ်။ ဘားလမ်းထဲ ရောက်တော့ တလမ်းလုံး လူတွေက ပြည့်နေပြီ။ ရန်ကုန်မြို့ထဲမှာ လူတွေမှ ကျန်သေးရဲ့လားလို့ ထင်ရလောက်အောင် ဂုံးတံတားပေါ်မှာရော၊ အောက်မှာပါ ကျပ်ညှပ်နေတယ်။ အားလုံးရဲ့ မျက်နှာပေါ်မှာ ခံပြင်းမှုတွေ၊ ကြောက်ရွံ့ ထိပ်လန့်မှုတွေ ကိုယ်စီနဲ့။ ဆာကူရာ တာဝါရှေ့ကို ကြည့်နေကြတယ်။ ကျနော်လည်း တံတားပေါ်ရောက်တော့ လူအုပ်ကြားထဲ အတင်းတိုးဝင်ပြီး ဆာကူရာ တာဝါရှေ့ကို လှမ်းကြည့်လိုက်တယ်။ အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက သွေးပျက်စရာပါပဲ။

လက်နက် အပြည့်အစုံနဲ့ စစ်သားတွေဟာ ကျနော်တို့ဘက် မျက်နှာမူပြီး ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။ တက်လာသမျှ လူတိုင်းကို ပစ်ဖို့အသင့် အနေအထားပါပဲ။

တပ်စုမှူးက စစ်သားတွေရဲ့နောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ဂုံးတံတားအောက်က တချို့လူတွေက လမ်းဘေးက စည်ပင်သာယာ အမှိုက်ပုံးကြီးတွေကို လမ်းမအလယ် သယ်လာပြီး အကာအကွယ် လုပ်ထားကြတယ်။ အဲဒီ အချိန်မှာပဲ တပ်စုမှူးရဲ့ လော်စပီကာအသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်။ "မိဘပြည်သူများ ခင်ဗျား ဆူဆူပူပူ မလုပ်ပဲ ကိုယ့်အိမ်ကိုယ် ငြိမ်းချမ်းစွာ ပြန်ကြပါရန် သတိပေးအပ်ပါတယ်။ မလိုက်နာပါက နောက်ငါးမိနစ်နေရင် ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ အရေးယူရပါလိမ့်မယ်"။ တပ်စုမှူးရဲ့ကြေညာသံ အဆုံးမှာတော့ ပြည်သူတွေဘက်က အသံပေါင်းစုံ ထွက်လာပါ တယ်။

ကလေးကို လက်တဖက်က ချီထားတဲ့ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဦးလေးကြီးက "ဟေ့ကောင် မင်းတို့ လက်နက်ကိုင်နေတာ ပြည်သူတွေကို ပြန်ပစ်ဖို့လား၊ ဆန္ဒပြတဲ့အထဲမှာ မင်းတို့အမေတွေတောင် ပါနိုင်တယ်ဆိုတာ သိရဲ့လားကွ" လို့ ပြန်အော်လိုက်ပါတယ်။ လူအုပ်ကြီးကလည်း သဘောကျလို့ ထောက်ခံ အားပေးကြတယ်။ တဖက်က တပ်စုမှူး က လော်စပီကာနဲ့အော် သတိပေးလိုက် ပြည်သူတွေကလည်း ပြန်အော်လိုက်နဲ့ အချိန်တော်တော် ကြာသွားပါတယ်။

အဲဒီအချိန်မှာပဲ ဆူးလေဘက်က ချီတက်လာတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ဘားလမ်းထိပ်ကို ရောက် လာပါတယ်။ သံဃာတော်တွေကို မြင်တယ်ဆိုရင်ပဲ ဂုံးတံတားပေါ်က လူအုပ်ကြီးဟာ လက်ခုပ်သံ တဖြောင်းဖြောင်းတီးပြီး ကြိုဆိုကြပါတယ်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဆီက ထွက်လာတဲ့ လက်ခုပ်သံတွေဟာ ကြားရသူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေပါတယ်။ နောက် တဖြည်းဖြည်း သံဃာတော်တွေနဲ့ ဂုံးတံတားပေါ်က လူအုပ်ကြီး ပေါင်းမိသွားပါတယ်။ လူအုပ်ကြီးဟာ တာမွေအထိသွားဖို့ ဂုံးတံတားအတိုင်း ဆက်လက် ချီတက်နေကြပါတယ်။ တံတားအဆင်းမှာ နအဖ တပ်စုတစုကလည်း ပစ်ဖို့ အသင့်စောင့်နေတယ်။ ကိုယ့်ကိုပစ်ဖို့စောင့်နေတဲ့ စစ်သားတွေကို မြင်ပေမယ့် လူအုပ်ကြီးဟာ မကြောက်မရွံ့ မိမိတို့လိုလားချက်တွေကို အော်ဟစ်ပြီး ဆက်လက် ချီတက်မြဲ ချီတက်လျက် ရှိနေပါတယ်။ လူအုပ်ကြီးက ကြီးလွန်းလို့ စစ်သားတွေ သွေးပျက်စ ပြုလာပါပြီ။ အဲဒီအချိန်မှာပဲ အံ့သြစရာကောင်းတဲ့ ကိစ္စတခု ဖြစ်ပေါ်လာပါတယ်။
အသက် (၁၈)နှစ်သာသာ ရှိသေးတဲ့ ကျောင်းသားလေး တယောက်က လူအုပ်ကြီးရှေ့ပြေးထွက်လာပြီး " ကျနော် ဒီတိုက်ပွဲဝင်တာ ကျနော့်အတွက် မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရဖို့အတွက်ပါ။ ကျနော် သေမှာမကြောက်လို့ ဒီတိုက်ပွဲဝင်တာပါ" လို့ အော်ပြီး ရှေ့ဆုံးက ရဲဝံ့စွာ ချီတက် သွားပါတယ်။ အဲဒီနောက် တပ်စုမှူးရဲ့ "ပစ်" ဆိုတဲ့ အမိန့်ပေးသံနဲ့အတူ သေနတ်သံတွေ တဒိုင်းဒိုင်း ထွက်ပေါ်လာပါတော့တယ်။ ပထမဦးဆုံး သေနတ်သံ အဆုံးမှာပဲ ရှေ့ဆုံးကကောင်လေး ဦးနှောက်ပွင့်ပြီး လမ်းမပေါ် နောက်ပြန် လဲကျသွားပါတယ်။ သွေးတွေက လမ်းမပေါ် မြင်မကောင်းအောင် အိုင်ထွက်သွားတယ်။

"ပစ်ပြီဟ" "ပြေး" ဆိုတဲ့ အသံနဲ့အတူ လူအုပ်ကြီးကလည်း ကြောက်လန့်တကြား နောက်ပြန် လှည့်ပြေးကြတယ်။ ဂုံးတံတားပေါ်က ခုန်ချတဲ့လူက ခုန်ချ၊ စနစ်တကျပြေးဖို့ သတိပေးတဲ့လူက ပေးနဲ့ ရှုပ်ယှက်ခတ်သွားကြတယ်။ ကျနော်လည်း လူအုပ်ကြီးနဲ့ ရောပြီး ပြးလိုက်တာ ဘေးကင်းတဲ့နေရာ ရောက်မှ သက်ပြင်းချနိုင်တော့တယ်။ အချိန် အနည်းငယ် ကြာတော့ ဂုံးတံတားပေါ်က လူတွေ ရှင်းသွားပြီ။ သေနတ်မှန်ပြီး လဲကျကျန်ရစ်တဲ့ ကောင်းလေးရဲ့အခြေအနေ သိရအောင် တံတားပေါ်ကို မယောင်မလယ်နဲ့ တက်ကြည့်လိုက်တယ်။ စစ်သား(၄)ယောက်က အလောင်းကိုကောက်ပြီး ကားပေါ်တင်နေတာ တွေ့လိုက်ရတယ်။ သွေးတွေကတော့ အများကြီးပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ အန်ချင်စိတ် ဖြစ်လာတယ်။ နောက် စစ်ကားလည်း အလောင်းတင်ပြီး ထွက်သွားတယ်။

ဘယ်သူမှ မရှိတော့တာနဲ့ ကျနော်လည်း ဆူးလေဘက်ကို ထွက်လာခဲ့တယ်။ ဆန္ဒပြတဲ့လူတွေကလည်း နောက် တနေ့အတွက် အားပြန်မွေးဖို့ လူစုခွဲပြီး အိမ်ပြန်သွားကြတယ်။ ဆူးလေထိပ် ရောက်တော့ မောတာနဲ့ လ္ဘက်ရည်ဆိုင် ထိုင်ပြီး လ္ဘက်ရည်တခွက် မှာလိုက်တယ်။ မှာထားတဲ့ လ္ဘက်ရည် လာချသွားတဲ့အခါ ရုတ်တရက် ကောက်ပြီး မသောက်သေးပဲ ငိုင်နေမိသေးတယ်။ ဘာပြုလို့လဲ။ ဘာလို့ ဒီလောက်အထိ လုပ်ရက်ကြတာလဲ။

လူအုပ်ထဲ သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတဲ့လူက ဘယ်သူလဲ။ ပစ်တဲ့လူ၊ ပစ်နိုင်တဲ့ စိတ်ထား ရှိသူတွေကကော ဘယ်သူတွေလဲ။ သတိရလို့ စားပွဲပေါ်က လ္ဘက်ရည်ခွက်ကို ငုံ့ကြည့် လိုက်ပါတယ်။ လ္ဘက်ရည်ခွက်ထဲမှာတော့ လ္ဘက်ရည်တွေ မဟုတ်ပဲ သွေးတွေ။

No comments: