Wednesday, February 20, 2008

ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလမ်းကြောင်းကို မွန်ပြည်သစ် မထောက်ခံ

နေသွင်

ချင်းမိုင်။ ။ စစ်အစိုးရက အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်ပြီး ရွေးကောက်ပွဲ လုပ်သွားမည်ဆိုသော လမ်းကြောင်းသည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ဟု အပစ်အခတ်ရပ် မွန်ပြည်သစ်ပါတီက ပြောဆိုလိုက်သည်။
စစ်အစိုးရ၏ ဖေဖော်ဝါရီ ၉ ရက်နေ့ ကြေညာချက်ကို အစောဆုံး တုံ့ပြန်သော အပစ်အခတ် ရပ်စဲရေး အဖွဲ့တဖွဲ့ ဖြစ်လာသည့် မွန်ပြည်သစ် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သူတို့၏ “နိုင်ငံရေး ဦးတည်ချက် မဟုတ်ကြောင်း” ပြောဆိုလိုက်သည်။
“၁၊၂ဝဝ၈ ရော၊ ၂၊၂ဝဝ၈ ရော ကျနော်တို့ ကျနော်တို့ နိုင်ငံရေး ဦးတည်ချက် မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံရေး ဦးတည်ချက်က (၃) ပွင့်ဆိုင်အရ ဖြေရှင်းဖို့။ ဒါကြောင့်မို့ ဒီကြေညာချက်အပေါ်မှာ ကျနော်တို့ ဆန့်ကျင် ရှုတ်ချတာတော့ မရှိဘူး။ ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ ကျနော်တို့ မထောက်ခံနိုင်ဘူး” ဟု နိုင်အောင်မငေးက ပြောသည်။
မေလတွင် လူထု ဆန္ဒခံယူပွဲဖြင့် ဖွဲ့စည်းပုံကို အတည်ပြုမည် ဖြစ်ပြီး၊ ၂ဝ၁ဝ တွင် ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။
စစ်အစိုးရ၏ အဆိုပါ ကြေညာချက်သည် “မပြည့်မစုံ” နိုင်လွန်းသည်ဟု အတိုက်အခံများက ဝေဖန်သော်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှု၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဂမ်ဘာရီက တိုးတက်မှုကို ပြသသော လုပ်ရပ်အဖြစ် ယမန်နေ့က ကြိုဆိုလိုက်သည်။
မြန်မာပြည် ခရီးစဉ်မတိုင်ခင်၊ အာရှ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်နေသော မစ္စတာ ဂမ်ဘာရီက “ဒါဟာ နိုင်ငံရေး လမ်းပြမြေပုံမှာ အချိန်ဇယား သတ်သတ်မှတ်မှတ် ပေးထားတဲ့ သိသာထင်ရှားတဲ့ ပထမဆုံး ခြေလှမ်းပါ” ဟု ပြောသည်။
ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ ဘန်ကီမွန်းက လာမည့် လူထုဆန္ဒ ခံယူပွဲသည် မြန်မာ ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန် ဖြစ်ရန် လိုအပ်ပြီး၊ ဘက်ပေါင်းစုံမှ အမြင်များကို ကိုယ်စားပြုရန် လိုအပ်သည်ဟု ဖေဖော်ဝါရီလ (၁၁) ရက်နေ့က သတိပေးခဲ့သေးသည်။
မွန်ပြည်သစ် ပါတီမှ နိုင်ငံအောင်မငေးက “ဖြေရှင်းပုံ ဖြေရှင်းနည်းက တလွဲစီ ဖြစ်နေတယ်။ နိုင်ငံရေးအရ ဖြေရှင်းပုံက သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးအရ တွေ့ဆုံ ဆွေးနွေးချင်တယ်။ အဲဒီ နည်းလမ်းက လွဲလို့ ဘယ်နည်းလမ်းမှ ကောင်းတဲ့ နည်းလမ်းလို့ ကျနော်တို့ မမြင်ဘူး။ မယုံကြည်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး ဦးတည်ချက်အတိုင်း ကြပ်ကြပ်မတ်မတ် သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။
ဆက်လက်၍ မကြာခင် လူထုဆန္ဒ ခံယူပွဲဖြင့် အတည်ပြုမည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အလှမ်းဝေးနေသည်ဟု ပြောသည်။
၁၉၅၈ မှ စ၍ လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့သော မွန်ပြည်သစ်ပါတီသည် ၁၉၉၅ သြဂုတ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ၂ဝဝ၄ တွင် အမျိုးသားညီလာခံကို စတက်ရောက်ခဲ့သည်။ သို့သော် အမျိုးသားညီလာခံ၏ လုပ်ထုံးလုပ်နည်းများအပေါ် သဘောမတူသဖြင့် ၂ဝဝ၅ တွင် အမျိုးသားညီလာခံမှ ပြန်ထွက်ကာ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သော အဖွဲ့ ဖြစ်သည်။
ဤအတောအတွင်း စင်ကာပူတွင် ရောက်နေသော နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက လာမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပြုမည် မဟုတ်ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား တဦးနှင့် လက်ထပ်ထားသဖြင့် ဖွဲ့စည်းပုံအသစ်အရ ရွေးကောက်ပွဲ ဝင်ခွင့်မရှိဟူသော ဦးဥာဏ်ဝင်း၏ ပြောဆိုချက်အပေါ် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ထူးဆန်းသည်ဟု ဆိုသည်။ သို့သော် အာဆီယံအနေဖြင့် စစ်အစိုးရကို ပြောဆိုရန် အာဏာမရှိဟုလည်း သူက ပြောသည်။

No comments: