Friday, February 1, 2008

အဆိုးဆုံးကို ပြင်ဆင်ရေး (အင်တာဗျူး)

ထိန်လင်း

နယူးဒေလီ။ ။ ‘အကောင်းဆုံးကို မျှော်လင့်ပါ၊ အဆိုးဆုံးအတွက် ပြင်ဆင်ပါ’ ဟူသည့် မှာကြားချက်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယမန်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၇ ဦးတို့နှင့် တွေ့ဆုံခဲ့စဉ် ပြောကြားသည့်အပေါ် ပြည်တွင်းပြည်ပ မြန်မာအတိုက်အခံ ခေါင်းဆောင်အချို့၏ ရှုမြင်သုံးသပ်ချက် သဘောထားများကို တင်ပြထားပါသည်။
သခင်ချန်ထွန်း (ဝါရင့်နိုင်ငံရေးသမားကြီး)
“ဒါကတော့ ရှင်းပါတယ်။ ဆွေးနွေးပွဲ အောင်မြင်ရင် အကောင်းဆုံး ဖြစ်မှာပဲ။ မဆွေးနွေးဘူးဆိုရင် အခု အခြေအနေထက် ဆိုးရွားတဲ့ ဒဏ်တွေကို ဘယ်လို ရင်ဆိုင်ကြမယ်၊ ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ပြောတာပဲ။ လက်ရှိ အခြေအနေမှာ တိုင်းပြည်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီးတော့ နအဖပိုင် သတင်းစာတွေက တိုင်းပြည် တိုးတက်ကြောင်းသာ ဖော်ပြနေတယ်။ တိုင်းသူပြည်သားတွေကတော့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို သိခွင့် မရဘူး။ သူတို့ကတော့ လမ်းပြမြေပုံ ၇ ချက်ကိုပဲ အကောင်အထည် ဖော်နေတယ် ပြောနေတယ်။ နအဖ အနေနဲ့ တိုင်းသူပြည်သားတွေကို ငဲ့ကွက်ရိုး မှန်ရင် အမြန်ဆုံး တွေ့ဆုံသင့်နေပြီ။
အကြိမ်ပေါင်း ၁၃-၄ ကြိမ် အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံတောင် ဆန္ဒခံယူပွဲ လုပ်ပြီး ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အနိုင်ရ ပါတီတွေကို အာဏာ လွှဲပြီးသွားပြီ။ ဒီဗမာပြည်မှာက ၁၉ နှစ်၊ အနှစ် ၂ဝ ရှိပြီပဲ။ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့လည်း စဉ်းစားသင့်ပြီ။ ပြည်သူတွေ အနေနဲ့ကလည်း သူတို့လုပ်တဲ့ အခြေခံ ဥပဒေကို ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် ကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူး ရဲရဲတင်းတင်း ကိုယ့်ဆန္ဒ ထုတ်ဖော်ဖို့ လိုတယ်။ စစ်တပ်က ထာဝရ အုပ်ချုပ်နိုင်မယ့် အခြေခံဥပဒေမျိုး ဖြစ်မယ်ဆိုရင် မကြိုက်ရင် မကြိုက်တဲ့အကြောင်း သတ္တိရှိရှိ ပြောရမယ်”။
ဒေါက်တာတင့်ဆွေ (ဝန်ကြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ)
“ဒေါ်စုရဲ့ ပြည်သူလူထုကို မှာကြားချက်က ဒီကနေ့ အခြေအနေနဲ့ အင်မတန် ကိုက်ညီတဲ့ စကားဖြစ်တယ်။ သူ့ရဲ့ဖခင်က လွတ်လပ်ရေးရဖို့ အပြင်းအထန် ကြိုးစားပြီး ဗြိတိသျှအစိုးရနဲ့ စေ့စပ်ဖို့ သွားခါနီးမှာ ပြောခဲ့တဲ့ သမိုင်းဝင် စကားတခွန်း ဖြစ်တယ်။ အခုသူလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုတဲ့အချိန်မှာ ပြည်သူလူထုကို ပြန်မှာတယ်ဆိုတာ သမိုင်းပြန်လည်ပြီးတော့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတယ်လို့ ယူဆပါတယ်။
ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့လေ၊ ပြည်သူလူထုကို မှားယွင်းတဲ့ မျှော်လင့်ချက် မပေးချင်ဘူး။ အခြေအနေ အမှန်အတိုင်း ပြောချင်တယ်။ အဲဒီ အခြေအနေ အမှန်အတိုင်းက ပြည်သူလူထုက အဆိုးဆုံးအတွက်လည်း ပြင်ဆင်ဖို့ လိုတယ်ဆိုတာ လူထုကို မမေ့ဖို့၊ လူထုကို တပ်လှန့်လိုက်တဲ့ စကားဖြစ်တယ်။ လူထုကလည်း လိုက်နာဖို့ သင့်ကြတယ်။ နအဖ ပြောတာကြီးပဲ ကြည့်နေတဲ့ စားနိုင်သောက်နိုင်တဲ့ လူတွေက စားနိုင်သောက်နိုင်တဲ့ ဘဝချည်းပဲ မဟုတ်ဘဲနဲ့ တိုင်းပြည်တပြည်လုံးနဲ့ ခြုံပြီးတော့ အခြေအနေဆိုးကြီးလည်း ရောက်သွားနိုင်တယ်လို့ သိခြင်းအားဖြင့် နိုင်ငံရေး သတိကို ဒေါ်အောင်ဆန်းစုကြည်က ပေးတာပါ။ လူ့လောကမှာ လူမှုရေးပဲဖြစ်ဖြစ် ဘာရေးပဲဖြစ်ဖြစ် သတိဟာ လက်မလွှတ်တတ်တဲ့ ကိစ္စဖြစ်တဲ့အတွက် လိုက်နာသင့်တယ်လို့ ကျနော်ယူဆပါတယ်။
ဒီကနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုဟာ တွေ့ဆုံ ဆွေးနွေးရေးကို တာစူနေတဲ့အချိန်မှာ ဒီမိုကရေစီ အင်အားစု အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါ့ကြောင့်မို့ မနေ့က လူထုကို အမှာစကားပါး၊ လွှတ်တော် အမတ်တွေကိုလည်း ပြန်လည်ရှင်း၊ တိုင်းရင်းသား အင်အားစုတွေကိုလည်း ၃ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဝိတ်ကို အားဖြည့်တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ သူ့ဘက်က အားဖြည့်တဲ့အချိန်မှာ လူထု၊ အမတ်တွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ပြည်ပရောက် နိုင်ငံရေးအင်အားစု အားလုံးကလည်း ဒေါ်စုကို အလေးချိန်သာအောင် အားလုံး ခိုင်ခိုင်မာမာ ရှိသင့်ကြတယ်။ အဲဒီတော့ အချင်းချင်း ညီညီညွတ်ညွတ် လက်တွဲ တိုက်ပွဲဝင်သွားဖို့ လိုအပ်နေပြီလို့ တိုက်တွန်းလိုပါတယ်”။
ရဲဘော်ဖိုးသံချောင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ ဗမာပြည် ကွန်မြူနစ်ပါတီ)
“ဒေါ်စုပြောတဲ့ ဒီစကားကို အလေးအနက် ထားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အခြေအနေတခု၊ အထူးသဖြင့် သူစကားပြောနေရတဲ့ အခြေအနေတခု အပေါ်ကနေ ပြောတဲ့စကားပါ။ သူ အရင်က မပြောဖူးပါဘူး။ ဒါဟာ သူစကားပြောတဲ့ စကားဝိုင်းက တိုးတက်ဖြစ်ထွန်းမှု တခုလို့ ထင်ပါတယ်။ ကျနော်တို့က ပြင်ဆင်သင့်တာကတော့၊ အဆိုးဆုံးအတွက် ဆိုတာက တတိုင်းတပြည်လုံး နအဖရဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေ ရင်ဆိုင်နိုင်ဖို့ ပြင်ရမှာပါ။ အဲဒီအတွက် ဖွဲ့စည်းမှု သဏ္ဍန်မျိုးစုံကို တည်ဆောက်ရမယ်လို့ ထင်ပါတယ်။ နောက်ပြီး အချင်းချင်း ညီညွတ်မှုကို ရှေ့တန်းတင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အခု ပြည်ပမှာ အချင်းချင်း ညီညွတ်ရေး လုံးလုံးမရှိဘူး။ အထဲက နည်းနည်းငြိမ်သွားရင် အပြင်က ပွက်လောညံတာ စိတ်မကောင်းစရာပဲ။ အဲဒါတွေကို ထိန်းချုပ်ပြီးတော့ အချင်းချင်း အငြင်းပွားမယ့် ပြဿနာတွေကို ဘေးချပြီးတော့ အထဲမှာက အချိန် သိပ်မရှိတော့ဘူး၊ ကျနော်တို့ ဖိပြီး လုပ်ကြရမှာ။ နို့မဟုတ်လို့ရှိရင် နအဖက ကြိုက်သလို လုပ်ခွင့်ရသွားရင် ကျနော်တို့ နောက်ထပ် နှစ်ပေါင်းများစွာ တကွေ့တပတ်ကြီး ပြန်လျှောက်နေရအုံးမှာ။
နအဖ အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်မှာမဟုတ်ဘူး။ ဒါကို ဒေါ်စုကလည်း သိနေတယ်။ ဒါက နိုင်ငံရေးစကားနဲ့ ပြောရင် ဒေါ်စုပြောတာက ဝါဒဖြန့်ချိရေး ကြွေးကြော်သံလို့ ခေါ်ပါတယ်။ ဆိုလိုတာက စစ်အစိုးရရဲ့ သဏ္ဍာန်ကို ဖွင့်ချတဲ့ တင်ပြချက် ဖြစ်တယ်။ တကယ့်တကယ် လုပ်မရဘူးဆိုတာ သူ မသိလို့ မဟုတ်ဘူး။ သိတယ်။ ဒါကို သူ ဖွင့်ပြခြင်းအားဖြင့် တခြားဟာတွေမှာ ပိုအားရှိအောင် တင်တဲ့ဟာ ဖြစ်တယ်။ ကျနော်တို့က ငြိမ်နေလို့ရှိရင် သူတို့က စည်းရုံးရေးတွေလုပ်၊ လမ်းပြမြေပုံကို အစအဆုံး အကောင်အထည် ဖော်ပြီးတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ဖြစ်အောင် လုပ်မှာပဲ။
ကျနော်တို့ လုပ်မယ့်ဟာတွေကို သူတို့က ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေမှာပဲ။ ပြည်သူလူထုထဲက တက်ကြွတဲ့ အင်အားစုတွေ အနေနဲ့ သဏ္ဍာန်မျိုးစုံသော တိုက်ပွဲမျိုးတွေကို ရင်ဆိုင်ဖို့အတွက် စနစ်ကျတဲ့ အဖွဲ့အစည်းတွေကို မြေပေါ်သဏ္ဍန်ဖြစ်ဖြစ်၊ မြေအောက်သဏ္ဍန်ပဲဖြစ်ဖြစ် စနစ်ကျကျနဲ့ တည်ဆောက်ထားပြီး အချင်းချင်း ဆက်သွယ်မှု ရှိကြပြီး တပြည်လုံး လက်ခံတဲ့ အဆောက်အဦမျိုး လုပ်ဖို့လိုပြီလို့ ထင်တယ်။ ပြည်သူလူထုကတော့ စားဝတ်နေရေးနဲ့ ခေါင်းမဖော်နိုင်ဘူး။ အဲဒီတော့ တက်ကြွတဲ့ အင်အားစုက ဆွဲခေါ်ရင် ပါလာမှာပဲ။ တက်ကြွတဲ့ အင်အားစုတွေအနေနဲ့ အဆိုးဆုံးကို ရင်ဆိုင်ပြီး ပိုမို အရှိန်အဟုန်မြင့်တဲ့ တိုက်ပွဲတွေဖြစ်ဖို့ ပြင်ဆင်ဖို့ လိုပြီလို့ ထင်ပါတယ်”။
ဦးခွန်မန်ကိုဘန်း (ဥက္ကဋ္ဌ၊ UNLD - LA)
“ဒီတွေ့ဆုံ ဆွေးနွေးရေးကတော့ နအဖ စစ်အုပ်စုတွေက နိုင်ငံတကာကို သက်သက်မဲ့ လှည့်စားဖို့နဲ့ အချိန်ဆွဲဖို့လို့ပဲ ကျနော်ကတော့ မြင်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက် အပေါ်မှာတော့ ပြည်သူလူထုကို နအဖ ရဲ့ ကျွန်ပြုမယ့် Road Map ၇ ချက်ကို မဖြစ်မနေ တိုက်ဖျက်ဖို့ လိုပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အမျိုးသား တာဝန်တရပ်ကို ထမ်းဆောင်ရမယ် ဆိုတဲ့ သဘောလို့ပဲ ကျနော် သဘောပေါက်ပါတယ်။
နအဖကတော့ ၃ ပွင့်ဆိုင် ဆွေးနွေးရေး လုပ်မယ့်ပုံ မဟုတ်ဘူး။ သူက ကျောခိုင်းပြီး ပြည်သူလူထုကို ကျွန်ပြုဖို့ Road Map ၇ ချက်ကိုပဲ ဆက်လုပ်နေတယ် ဆိုတော့ တော်လှန်ရေး အင်အားစု အားလုံးက ပြည်သူလူထုနဲ့အတူ တသားတည်း အဲဒီ Road Map ၇ ချက်ကို အမျိုးသားတာဝန် တရပ်အနေနဲ့ အပြီးအပိုင် တိုက်ဖျက်ပြီးတော့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ကို အမျိုးသားရေး တာဝန်တရပ် အနေနဲ့ ဝိုင်းဝန်း လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်”။
ရဲဘော်သံခဲ (ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)
“ကျနော့်အနေနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အကောင်းဆုံးကိုလည်း မျှော်လင့်ပြီး အဆိုးဆုံးကိုလည်း ပြင်ဆင်ပါ ဆိုတဲ့စကားဟာ လက်ရှိ နိုင်ငံရေး အခြေအနေကို မီးမောင်း ထိုးပြလိုက်တာပဲ။ ကျနော်တို့ တိုင်းပြည်အခြေအနေဟာ မျှော်လင့်စရာက အင်မတန်မှကို နည်းနေပါတယ်။ ကျနော်တို့ဟာ နောက်မဆုတ်တမ်း အားတက်သရော ဘက်ပေါင်းစုံက ပြင်ဆင် အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တယ်လို့ ယုံကြည်ပါတယ်။
ဒီနေရာမှာ ကျနော် ပြောချင်တာကတော့ တိုင်းပြည်က အဘက်ဘက်က ပျက်စီးနေတယ်ဆိုတာ အမှန်ပါပဲ။ ဒီအနေအထားမှာ တာဝန်အရှိဆုံးက နအဖပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက် အပျော့ပြောင်းဆုံးနဲ့ အယဉ်ကျေးဆုံး တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကို မျက်ကွယ်ပြုတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ မျက်ကွယ်လည်း ပြုနေပါတယ်။ အဲဒါကို ကျနော်တို့က လက်မခံနိုင်ပါဘူး။
လက်ရှိ တိုက်ပွဲဝင်နေသူတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အားမလျှော့ကြဖို့၊ အဘက်ဘက်ကနေ ပြင်ဆင် ကြိုးစားသင့်တယ်၊ တိုက်ပွဲကိုလည်း သစ္စာရှိကြဖို့၊ ဆက်လက် တိုက်ပွဲဝင်ဖို့ အကောင်းဆုံးပေးလိုက်တဲ့ သတင်းစကားပါပဲ။ ဒီလို သတင်းစကားမျိုးဟာ တိုင်းပြည်ရဲ့ အပြောင်းအလဲကို တာစူဖို့ အားလုံးရဲ့ ညီညွတ်ရေးကို ခေါ်လိုက်တာ ဖြစ်ပါတယ်။ အားလုံးက လူထုအတွက် အလုပ်လုပ်ဖို့ ယုံကြည်ပါတယ်”။

No comments: