Monday, February 11, 2008

စစ်အစိုးရ၏ ပြည်သူ့ဆန္ဒ ခံယူပွဲ ဘယ်လဲ၊ ဘာလဲ။ (ဆောင်းပါး)

ဆောင်းပါး
အောင်သူငြိမ်း
စနေနေ့ညက စစ်အစိုးရက ထုတ်ပြန်ကြေငြာချက် တခု လုပ်လာခဲ့သည်။ ယခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မည်။ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ အသစ်များ လုပ်မည်ဟု ကြေငြာသွားခဲ့သည်။ ဗိုလ်ချုပ် တင်အောင်မြင့်ဦး လက်မှတ်နှင့် ထုတ်ပြန်လာခြင်း ဖြစ်ပြီး အများက မျှော်လင့်မထားသည့် အချိန်တွင် ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် သံဃာနှင့် လူထုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ချေမှုန်းခဲ့ပြီး၊ လူအများ၏ မကျေနပ်ချက်များ တအုံနွေးနွေး ရှိနေသေးချိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်နေပါသည်ဟု ပြောထားသည့် အချိန်၌ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သေချာသည်ကတော့ စစ်အစိုးရက သူတို့ဘာသာ တလမ်းသွား တုန်းတိုက်တိုက် ကျားကိုက်ကိုက် မောင်းတော့မည်။
ဤသို့ဖြင့် တရွတ်ဆွဲလာခဲ့သည့် လမ်းပြမြေပုံ နောက်တဆင့် တက်တော့မည် ဆိုသော်လည်း ၀မ်းသာဖွယ် သတင်းမဟုတ် ပါ။ ၁၉၈၈ ခုနှစ်၊ အာဏာသိမ်းချိန်မှစ၍ (၂၂) နှစ်အကြာ၊ ၂၀၁၀ ခုနှစ်တွင် အရပ်သား ဒီမိုကရေစီ အစိုးရ ပြန်လည် ရရှိတော့မည် ဆိုသော်လည်း ၀မ်းသာဖွယ် ဖြစ်မနေခဲ့ပါ။ စစ်အစိုးရ ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံက ဆယ်စုနှစ်ကျော် အချိန်ယူခဲ့ပြီး၊ ပြဿနာများ၊ မကျေလည်မှုများ၊ အဖုအထစ်များဖြင့် လုံးချာလည်နေခဲ့သည်။ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ မကျေလည်သဖြင့် ထွက်ခွါခဲ့ကြသည်။ တိုင်းရင်းသား အပစ်အခတ်ရပ် အဖွဲ့များ၏ တင်ပြချက်များကိုလည်း အကျေအလည် ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိ။ ထို့အပြင် ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲပြီးစီးပြီဟု နိဂုံးချုပ် ပွဲသိမ်းသည့် အချိန်တွင်လည်း အောင်ပွဲမခံနိုင်ခဲ့ပါ။ ပြည်သူအများက ရွှေဝါရောင် တော်လှန်ရေးဖြင့် တုံ့ပြန် ဆန့်ကျင်ပြခဲ့သည်။ ယခု လမ်းပြမြေပုံ နောက်တဆင့် တရွတ်ဆွဲလာပြန်ပြီ ဖြစ်သည်။
စစ်အစိုးရ၏ အမျိုးသားညီလာခံမှ ပေါ်ထွက်လာခဲ့သည့် ဖွဲ့စည်းပုံဥပဒေ အခြေခံမူ (၁၀၄) ချက်နှင့် ပတ်သက်၍လည်း လူ အများက ဝေဖန်ချက် အများအပြား ရှိနေခဲ့သည်။ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေရေးအတွက် ပြင်ဆင် ချမှတ်ထားသည့် အခြေခံဥပဒေဟု ဝေဖန်မှုများ အများအပြား ရှိနေသည်။ သို့သော်လည်း ဤကိစ္စကို ယခုဆောင်းပါးတွင် ဆွေးနွေးလိုရင်း မဟုတ်သောကြောင့် ထားဦးတော့။ ဤဆန္ဒခံယူပွဲ ကြေငြာချက်အပေါ် သက်သက်ကြည့်လျှင်လည်း စစ်အစိုးရ အတွင်း မည်မျှ ကျေလည်၍ ဤကြေငြာချက် ထုတ်ပြန်လာသည်ကပင်လျှင် သံသယရှိဖွယ် ဖြစ်နေသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ဤသို့သော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်မျိုးသည် စစ်အစိုးရအတွက် အရေးကြီးသော ခြေလှမ်းများ ဖြစ်ပြီး၊ (နအဖ) စစ်ကောင်စီဝင်များ၊ တပ်မှူးများ၏ ၄-လ ပတ် အစည်းအဝေးဖြင့်သာ ဆုံးဖြတ်လေ့ရှိသည်။ ယခုတွင်မူ ဤသို့ ၄-လ ပတ်အစည်းအဝေးများက မလုပ်နိုင်သည်မှာ ကြာပြီ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပရမည့် အစည်းအဝေးကို ဆိုင်းငံ့ထားခဲ့သည်။ တဖန် ၂၀၀၈ နှစ်ဆန်းပိုင်း၊ ဇန်န၀ါရီလတွင် ကျင်းပရမည့် ၄-လပတ် အစည်းအဝေးကိုလည်း မကျင်းပနိုင်သေး။ သေချာသည်မှာ ယခုဆုံးဖြတ်ချက်က "နေပြည်တော်အုပ်စု" ဟု ခေါ်နေကြသည့် သက်တော်ရှည် ၀န်တစုက ဆုံးဖြတ်ချက်သာ ဖြစ်မည်။ မေလတွင် ကျင်းပမည် ဆိုသောကြောင့် အချိန်ကာလ အရလည်း အလွန်တိုတောင်း လွန်းနေသည်။
ထိုမျှမက ယခု ၂၀၀၈ တွင် ပြည်သူက အတည်ပြုပေးရမည့် နိုင်ငံတခု၏ အသက်သဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် နှိုင်းယှဉ်လျှင် ထားလိုက်ဦး။ ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲခဲ့သည့် စံနှုန်းများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲရေး ကော်မရှင်တွင် ဗိုလ်ချုပ်စန်းယုက ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ခဲ့ပြီး၊ ပထမမူကြမ်း၊ ဒုတိယ မူကြမ်း အကြိမ်ကြိမ် ထုတ်ဝေ၍ ပြည်သူထံ ချပြ ဆွေးနွေးစေခဲ့ကြသည်။ အပြန်ပြန် အလှန်လှန် ဆွေးနွေးပွဲများလည်း ရှိခဲ့ကြသည်။ ဖွဲ့စည်းပုံ ဥပဒေအတွက် အကြံပြုစာများကိုလည်း တနိုင်ငံလုံးရှိ ပြည်သူများမှ ဖိတ်ခေါ်ခဲ့သည်။ (လက်တွေ့တွင်မူ အကြံပြုစာ ပေးပို့၍ အဖမ်းဆီး ထိန်းသိမ်း ခံရသူများလည်း ရှိခဲ့သည်။) နိုင်ငံတော်သီချင်း အသစ်အတွက်လည်း အနုပညာရှင်များနှင့် သီချင်းစပ်ဆိုစေရန် စေခိုင်းမှုများ ရှိခဲ့သေးသည်။ ပြည်သူ့ဆန္ဒ ခံယူပွဲ မတိုင်မီတွင် ပြည်သူလူထုကို လှုံ့ဆော် စည်းရုံးမှုများလည်း ရှိခဲ့ပြီး၊ ထိုစဉ်က အဆိုတော် အောင်ကိုလတ်၏ "မဲရုံ... မဲရုံကိုလာ" သီချင်းသည် ထိုအချိန်က လူထုအကြား ရေပန်းစားသည့် သီချင်းတပုဒ်လည်း ဖြစ်ခဲ့သေးသည်။ အချိန်ကာလအားဖြင့် (၂) နှစ်ကျော်မျှ ယူခဲ့သည်ဟု သိရပါသည်။
ယခု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို မေလတွင် ဆောင်ရွက်မည် ဆိုသောကြောင့် အချိန် (၃) လမျှသာ ကျန်ပါတော့ သည်။ ၎င်း (၃) လတာ ကာလအတွင်း ပြည်သူသို့ မည်သို့ ချပြမည်နည်း။ မဲဆန္ဒပေးနိုင်သူ လူဦးရေနှင့် ပတ်သက်၍လည်း ပြဿနာ ရှိနေနိုင်သေးသည်။ ၁၉၇၄ ဖွဲ့စည်းပုံ ရေးဆွဲမှု မတိုင်မီက ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် သန်းကောင်စာရင်း ကောက်ယူမှု လုပ်ခဲ့သေးသည်။ နိုင်ငံဧရိယာ၏ ၁၅%၊ (လူဦးရေ၏ ၃%) တွင် သန်းကောင်စာရင်း မကောက်ယူနိုင်ခဲ့ဟု ဆိုသော် လည်း တစုံတရာ လုံလောက်သော စာရင်းဇယားများ ရယူနိုင်ခဲ့သေးသည်။ ယခု ၂၀၀၈ ဆန္ဒခံယူပွဲအတွက်မူ သန်းကောင် စာရင်း ကောက်ယူမှုများ စနစ်တကျ မတွေ့ခဲ့ရသေးပါ။ ထားဦးတော့။ ထို့အပြင် မြန်မာနိုင်ငံ၏ လူဦးရေ ပျမ်းမျှ တွက်ချက်မှု သန်း (၅၀) ဆိုလျှင်၊ အိမ်ထောင်စု (၁၀) သန်းခန့် အနည်းဆုံး ရှိမည်ဟု တွက်ချက်ထားနိုင်ပါသည်။ (လူ ၅ ဦး၊ တအိမ် ထောင်နှုန်း)။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြည်သူ့ ဆန္ဒခံယူပွဲ ပြုစဉ်က အိမ်ထောင်စု တခုလျှင် ဖွဲ့စည်းပုံ မူကြမ်း တအုပ်နှုန်း ဝေငှဖြန့်ချိခဲ့ပါသည်။ အလားတူ အခြေအနေနှင့် တွက်ဆမည်ဆိုလျှင် ဖွဲ့စည်းပုံ မူကြမ်း စာအုပ် (၁၀) သန်းကို ရိုက်နှိပ်ရန်အတွက် ၃-လ အတွင်း ဖြစ်နိုင်ပါမည်လော။ ဤစာအုပ်များကို ဝေးလံခေါင်ဖျားသည့် တောင်ပေါ် ဒေသများ အပါအ၀င်၊ အိမ်တိုင်းစေ့သို့ ဖြန့်ချိရန်အတွက် မြန်မာနိုင်ငံ၏ စာတိုက်စနစ်၊ သယ်ယူပို့ဆောင်ရေး စနစ်များနှင့် ဖြစ်နိုင်ပါမည်လော။ ဤဖွဲ့စည်းပုံနှင့် ပတ်သက်၍ လူထုအများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင် နိုင်ရန်အတွက် အချိန် လောက်ငှ ပါမည်လော။ ဝေဖန် ဆွေးနွေးနိုင်ရန် အတွက်လည်း အခင်းအကျင်း ရှိပါမည်လော။ ပြည်သူလူထုများက ပြန်လည်တင်ပြချက်များ ပြုလာမည်ဆိုပါက ပြန်လည် ပြင်ဆင်ထည့်သွင်းချက် မပြုဘဲ ၎င်းမူလ အတိုင်း ပြည်သူ့ဆန္ဒ ခံယူစေတော့မည်လော။ ပြည်သူလူထုများက အကြံပြု တင်ပြချက်များ ဆောင်ရွက်လာမည်ဆိုလျှင် လက်ခံမည့် စာတိုက်ပုံး၊ ထည့်သွင်းစဉ်းစားပေးမည့် ပညာရှင်အဖွဲ့များ၊ ရုံး များ၊ တင်ပြနိုင်ရန် လမ်းကြောင်းများ မရှိတော့ ပြီလော။ ယခု အမျိုးသားညီလာခံက ချမှတ်ထားသည့် (၁၀၄) ချက်ကိုပင် ပြည်သူအများက မချစ် မနှစ်သက်သော်လည်း၊ ဓါးမိုးထား၍ အောင့်ကာ နမ်းကြရတော့မည်လော။ အတော် ပြဿနာ ရှိနေပါသည်။ အထူးသဖြင့် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံ ပြည်သူများအကြား လူမှုစာချုပ် ပဋိဉာဉ် (social contract) တခုသဖွယ် ဖြစ်နေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတခုကို ဤနည်းဖြင့် အတည်ပြုမည်ဆိုလျှင် အကြီးအကျယ် ပြဿနာ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ကာလကြာရှည် မပြေလည်ဘဲ ရှိနေခဲ့သော ပဋိပက္ခများ၊ ပြဿနာများကို ချုပ်ငြိမ်းစေမည့် အစား၊ တိုး၍ ဆိုးဖွယ် ပေါက်ကွဲဖွယ်ရာ အခြေအနေသို့သာ ဦးတည်စေမည် ဖြစ်ပါသည်။
နိုင်ငံတကာတွင် ပြည်သူ့ဆန္ဒ ခံယူပွဲတခု ပြုတော့မည် ဆိုလျှင် မည်သည့် စံချိန်စံနှုန်းများ ရှိရမည်ဟူသော တင်ပြဆွေးနွေး ချက်များ ရှိပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို စောင့်ကြည့် အထောက်အကူ ပြုနေသည့် အင်တာနေရှယ်နင် အိုင်ဒီအီးအေ (International IDEA) အဖွဲ့က တင်ပြထားချက်များ ရှိပါသည်။ (မြန်မာဘာသာဖြင့် ရယူလိုပါက မြန်မာနိုင်ငံ ရန်ပုံငွေအဖွဲ့ (Burma Fund) ၏ အင်တာနက် စာမျက်နှာတွင် ရှိပါသည်။ http://www.ncgub.net/staticpages/index.php/kb-democracy) ဤအချက်များကို အနှစ်ချုပ် တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ယခုဆောင်ရွက်မည့် ၂၀၀၈ ပြည်သူ့ဆန္ဒ ခံယူပွဲနှင့်လည်း နှိုင်းယှဉ်စဉ်းစားနိုင်ရန် ဖြစ်သည်။
ပထမအချက်တွင် ဤဆန္ဒ ခံယူပွဲသည် အာဏာတည်မြဲရန် (ဥပဒေအဖြစ် ပြဌာန်းရန်) အတွက်လော၊ လူအများထံမှ အကြံပြုချက် ရယူရန် အတွက်လောဟု မဲပေးသူ ပြည်သူအများကို ရှင်းနေစေရပါမည်။
ထို့အပြင် မည်သည့် အခြေအနေမျိုးတွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပနိုင်သည်ကိုလည်း ရှင်းလင်းတိကျသည့် ဖော်ပြထားချက်များ ဖွဲ့စည်းပုံ ဥပဒေအရ ပြဌာန်းထားရန်လည်း လိုပါသည်။
နောက်တချက်မှာ ပြည်သူ့ဆန္ဒ ခံယူပွဲ ဆောင်ရွက်မည့် "မေးခွန်းများ" ဖြစ်ပြီး၊ ဤမေးခွန်းများကို လွယ်ကူ ရှင်း လင်းစေရန်၊ အစိုးရကသော် လည်းကောင်း၊ သီးခြား လွတ်လပ်သည့် ပညာရှင်များကသော် လည်းကောင်း ရေးသားစေရန် စေခိုင်းနိုင်ပါသည်။
ထိုမျှမက ဤပြည်သူ့ဆန္ဒ ခံယူပွဲ ရလဒ်ကို မည်သို့ ဆုံးဖြတ်မည်ကိုလည်း တိတိကျကျ ဖော်ပြထားရပါမည်။ ဆိုလိုသည်မှာ "လူအများစု၏ မဲရရှိမှု ပမာဏ သတ်မှတ်ချက် အနိမ့်ဆုံးမျဉ်း" ကို သတ်မှတ် ထားရပါလိမ့်မည်။ ပို၍ ရှင်းပြရမည် ဆိုပါက မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူများ၏ မည်သည့် ရာခိုင်နှုန်း မဲပေးမှ ဆန္ဒခံယူပွဲ အထမြောက်ပါသနည်း။ လူ (၁၀၀) တွင် အများက သပိတ်မှောက်၍ လူ (၁၀) ဦး ပေးသည့်မဲဖြင့် ဆုံးဖြတ်လိုက်ပါက တရားမျှတမှု မရှိ နိုင်ပါ။ ထိုမျှမက ရရှိသည့် အတည်မဲများ၏ (၅၀)% ကျော်က ထောက်ခံမဲ ရရှိမှသာလျှင် (simple majority) အတည်ပြုမည်လော၊ သို့မဟုတ် (၇၅%) ကျော်မှ "ထောက်ခံမဲ" (ဧရာမ မဲအများဟု) အတည်ပြုမည်လော။ စသဖြင့် တိတိကျကျ ပြဌာန်းသတ်မှတ်ရန် လိုအပ်ပါသည်။
ပို၍ အရေးကြီးသည့် အချက်မှာ ဤသို့ ဆန္ဒခံယူပွဲများ ဖြစ်လာစေရန်၊ သို့မဟုတ် ဆန္ဒခံယူပွဲများအတွင်း ပြည်သူ အများက ဦးဆောင် ပါဝင်နိုင်ခွင့် (citizen initiatives) အခန်းကဏ္ဍပင် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွက် လှုံ့ဆော် စည်းရုံးကြရာ၌ အဆိုကို ထောက်ခံသူများ ဘက်ကရော၊ ကန့်ကွက်သူများ (မတူကွဲပြားသည့် အမြင်များ) ဘက်ကပါ တန်းတူရည်တူ စည်းရုံး လှုံ့ဆော်ခွင့် ရှိရပါမည်။ ဤသို့ ဆောင်ရွက်ကြရာ၌ ပြည်သူတဦးချင်း သာမက၊ အကျိုး စီးပွားတူရာ အစုအဖွဲ့များ (interest groups) အလိုက်လည်း စည်းရုံး လှုပ်ရှားခွင့် ရှိရပါလိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပို၍ ကျယ်ပြန့်သောကြောင့် အကျိုးစီးပွား မတူသည့် အုပ်စုများ အမျိုးမျိုးက စည်းရုံးလှုပ်ရှား၍ မိမိတို့ အမြင်ကို တင်ပြနိုင်ကြရပါမည်။ အမျိုးသမီး အုပ်စုများကလည်း ဖွဲ့စည်းပုံကို သူတို့ အခွင့်အရေးရှုထောင့်က သုံးသပ်ပါလိမ့်မည်။ တိုင်းရင်းသားများကလည်း သူတို့ ရရှိမည့် တိုင်းရင်းသား အခွင့်အရေးကဏ္ဍအတွက် အမြင်ထုတ်ဖော်ခွင့် ရှိရပါလိမ့်မည်။ ထိုမျှမကပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများ၊ ဥပဒေပညာရှင်များ ကလည်း သူတို့ရှုထောင့်နှင့်သူ သုံးသပ်ချက်များ၊ စည်းရုံး လှုံ့ဆော် အကြံပေးမှုများ ရှိရပါလိမ့်မည်။
သို့သော် အထက်ဖော်ပြပါ စည်းရုံးလှုံ့ဆော်မှုများကို အစိုးရက စနစ်ကျစေလိုလျှင်ဖြင့် မှတ်ပုံတင်ခွင့်ပေး၍ တရားဝင် ဆောင်ရွက်စေနိုင်ပါသည်။ ထိုအဖွဲ့များကို ဘဏ္ဍာရေးအရ ထိန်းချုပ်မှုများ (နိုင်ငံရပ်ခြား ထောက်ပံ့မှုများ၊ အခွန်ဆိုင်ရာ ကိစ္စများ စသဖြင့်) ရှိနိုင်သကဲ့သို့၊ အစိုးရကလည်း တန်းတူရည်တူ ထောက်ပံ့ပေးမှု ဂရန့်များလည်း ပြုပေးရန် လိုအပ်ပါသည်။ အစိုးရက ထောက်ပံ့မှုပေးရာ၌ ငွေကြေးမဟုတ်သည့် ကူညီ ပံ့ပိုးမှုများလည်း ပေးနိုင်ပါသေးသည်။ ဥပမာအားဖြင့်- မဲဆန္ဒရှင်များ ကျေကျေလည်လည် ဆုံးဖြတ်နိုင်စေရေးအတွက် မတူကွဲပြားသည့် အမြင်များကို ရုပ်မြင်သံကြား၊ ရေဒီယိုများမှ တင်ပြနိုင်စေရေးအတွက် အချိန် ကန့်သတ်ပေး၍ ထုတ်လွှင့်စေခြင်း ဖြစ်ပါသည်။ မိမိလိုသမျှကိုသာ တဘက်သတ် အတည်ပြုခိုင်းပါက တရားမျှတသည့် ပြည်သူ့ဆန္ဒ ခံယူပွဲ ဖြစ်လာလိမ့်မည် မဟုတ်ပါ။
အခြား အရေးကြီးသည့် အချက်မှာ လွတ်လပ်သည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ ပါဝင်ကြီးကြပ် လေ့လာခွင့်ရှိရေးပင် ဖြစ်သည်။ တရားမျှတသည့် ပြည်သူ့ဆန္ဒ ခံယူပွဲတခုဟု ဆိုပါက မိမိတို့ ပြည်သူများက အဖွဲ့များစုဖွဲ့၍ လေ့လာ စောင့်ကြည့်ခွင့် ရှိရမည့် အပြင်၊ လွတ်လပ်သည့် သတင်း မီဒီယာများ၊ နိုင်ငံတကာ လေ့လာသူများကလည်း စောင့်ကြည့် လေ့လာခွင့် ပြုရပါမည်။ သို့မှသာ ၎င်းအတည်ပြု လိုက်သည့် ဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်သည် တရားမျှတကြောင်း ပို၍ယုံကြည်မှု ရလိမ့်မည် ဖြစ်ပါသည်။ ဤသို့ လေ့လာခွင့် ပြုသည် ဆိုရာ၌လည်း မဲပေးချိန်မှစ၍၊ လုပ်ငန်းစဉ် အဆင့်တလျှောက်လုံး၊ ထိုမျှမက လိုအပ်သည့် ရုံးဌာနများ (ဥပမာ- လူဦးရေ တွက်ချက်မှုနှင့် ဆိုင်သည့် စာရင်းဇယားများ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်သူ့ ဆန္ဒခံယူပွဲ ကော်မရှင်၊ အတိုက်အခံ နိုင်ငံရေး ပါတီများ စသဖြင့်) သို့လည်း သွားရောက် မေးမြန်းသဘောထား ရယူနိုင်ခွင့် ရှိရပါလိမ့်မည်။

ယခု ထုတ်ပြန်လာသည့် စစ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါ အချက်အလက်များအတွက် ရှင်းလင်း ဖော်ပြ ထားခြင်း မရှိပါ။ ထိုမျှမက အချိန်ကာလ အပိုင်းအခြားအရလည်း လက်တွေ့ မကျနိုင်လောက်အောင် တိုတောင်းလွန်းနေ ပါသည်။ စစ်အစိုးရကတော့ လမ်းပြမြေပုံကို ၎င်းတို့၏ ထွက်ပေါက်အဖြစ် မြင်ကောင်းမြင်၍ အရေးပါသည့် ခြေတလှမ်း အဖြစ် ယခုလို ပြည်သူ့ဆန္ဒ ခံယူပွဲကို အလောသုံးဆယ် ကြေငြာလာခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း မိမိအမြင်တွင် စစ်အစိုးရ၏ အုပ်ချုပ်မှု ယန္တယားအတွင်း စနစ်တကျ မရှိမှုများက အတိုင်းသား ပေါ်နေခဲ့ပါသည်။ လက်တွေ့မကျသည့် ဆုံးဖြတ်ချက်များ ပို၍ ပို၍ ပြုလာခဲ့ပြီး၊ လိုက်လံ အကောင်အထည် ဖော်ရန်ပင် အတော်ခက်ခဲသည့် ဆုံးဖြတ်ချက်များ ဖြစ်လာပါသည်။ ပို၍ ဆိုးလာသည်မှာ ပြည်သူလူထု အများ၏ ဆန္ဒ၊ သဘောထားများကို မျက်ကွယ်ပြု ကျောခိုင်းသည့် ခြေလှမ်းများ ဖြစ်ပြီး၊ ပြည်သူလူထု၏ ဆန္ဒကို ကျောခိုင်း၍ လမ်းလွဲသို့ ဝေး၍ ဝေး၍ ချီတက်နေပါတော့သည်။
(ယခု ပြည်သူ့ဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီ အင်အားစုများက လုပ်ဆောင်နိုင်ဖွယ်များကို ဆက်လက်အကြံပြု တင်ပြပါမည်။)
International IDEA အဖွဲ့၏ "ပြည်သူ့ဆန္ဒခံယူပွဲ ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပတ်သက်သော ပြဿနာများ" စာတန်းကို (မြန်မာဘာသာဖြင့်) Burma Fund အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ရယူလေ့လာနိုင်ပါသည်။

No comments: