Friday, February 1, 2008

ရမ္ဘိုရဲ့ စစ္ပြဲ (ဆောင်းပါး)

အောင်သူငြိမ်း
ရမ်ဘို ရုပ်ရှင်ကားကို ကြည့်ဖြစ်တယ်။
ပြန်ထွက်လာတော့ ဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိတော့ဘူး။ ဒီရုပ်ရှင်ကား တခုလုံးမှာ ပေးစွမ်းနိုင်တဲ့ ရသကတော့ အလွန်စက်ဆုပ် ကြောက်ရွံ့ ရွံရှာဖွယ်ရာ ရုဒ္ဒရသပဲ လို့ ပြောရင် မမှားနိုင်ဘူး။ ဒီထက်ပိုလို့ ကျနော် ဘာမှ မရခဲ့ဘူး။ အခု ရက် အနည်းငယ် ကြာတော့မှပဲ ကျနော် ဒီရုပ်ရှင်ကားအပေါ် ကျနော့်ရဲ့ ခံစားရမှုကို စေ့စေ့တွေးပြီး ပြန်ပြီး ဆွေးနွေးနိုင်တော့တယ်။ ဒီကြားထဲမှာ ကျနော် အချို့ အင်တာနက် စာမျက်နှာ (ယနေ့မြန်မာ၊ မိုးမခ) စသဖြင့်မှာ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ ထင်မြင်ယူဆချက် တွေ ဖတ်ရတယ်။ အချို့ဘလော့ဂ်တွေမှာ ကိုယ်စီ ကိုယ်ငှ ရေးထားကြတဲ့ အမြင်တွေကို ဖတ်ရတယ်။ (ဥပမာ-ကိုမိုးသီးရဲ့ ရွှေဝါရောင် တော်လှန်ရေး၊ ဒေါက်တာ ကြည်မေကောင်း၊ မကေသွယ်.. စသဖြင့်) သို့အပြင် ၀ါရှင်တန် ဒီစီမှာ ရှိတဲ့ သတင်းစာတွေကရော ဒီရုပ်ရှင်ကို ဘယ်လို သုံးသပ်ထားသလဲဆိုတာ ကျနော် လိုက်ဖတ်ကြည့်တယ်။ ပြီးတော့မှ ကျနော် ဒီစာတိုကို ရေးဖြစ်တယ်။
ရုပ်ရှင်ရုံက ပြန်ထွက်လာတော့ စကားပြောချင်စိတ် မရှိတော့ဘူးဆိုတာ ကျနော့်မှာ အကြောင်း ၂-ချက်ရှိတယ်။
ပထမအချက်ကတော့ ကျနော်တို့မှာ ရှိနေတဲ့ မသိစိတ်ထဲ ကိန်းအောင်းနေတဲ့ စိတ်အနာကို လာထိခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်ကို ကျနော် ကျောင်းလာတက်တော့ စက်တင်ဘာ ၁၁ အရေးအခင်း ဖြစ်တယ်။ အကြမ်းဖက်သမားတွေက ကမ္ဘာကုန်သွယ်ရေး အဆောက်အဦ (World Trade Center) မျှော်စင်နဲ့ ပင်တဂွန် စစ်ဌာနချုပ်ကို လေယာဉ်ပျံ ပြန်ပေးဆွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်။ လေယာဉ်ပျံ ထိုးဝင် တိုက်လိုက်ပုံတွေ၊ လူတွေ သက်စွန့်ဆံဖျား ပြေးလွှားကြ၊ မျှော်စင်အထပ် မြင့်ဖျားကနေ သေငယ်ဇောနဲ့ ခုန်ချလိုက်သူတွေ တီဗွီ ဖန်သားပြင်မှာ မြင်နေရတယ်။ ကျောင်းသားတွေ စုနေတဲ့ ဟောခန်းမ မှာ တီဗွီကို တိုက်ရိုက် ဖွင့်ပြထားတယ်။ မကြာခင်မှာပဲ ပါမောက္ခချုပ်က ထွက်လာပြီး ဒီနေ့ ကျောင်းပိတ်လိုက်တယ်လို့ ကြေငြာ လိုက်တယ်။ ကျနော်ကတော့ သတင်းတွေကို စိတ်ဝင်တစား အိမ်ရောက်တော့လည်း ဆက်ကြည့်နေမိတယ်။ နောက်ကျောင်းပြန်ဖွင့်တော့ ကျနော်တို့ ပရိုဂရမ်က ဒါရိုက်တာက ကျနော့်ကို ခေါ်တွေ့တယ်။ "အခုလို သွေးထွက်သံယို မြင်ကွင်းတွေ ပြန်မြင်ရတာ ၁၉၈၈ ကို သတိရမြင်မိတဲ့ စိတ်တွေ ဖြစ်သလား။ ကျနော့် အနေနဲ့ ကြီးကြီးကျယ်ကျယ် စိတ်ထိခိုက် တုန်လှုပ်မှုတွေ ဖြစ်ရသလားလို့ မေးတယ်။" သူက ကျနော်ဟာ ၁၉၈၈ အရေးတော်ပုံ ကာလက ပါဝင်ခဲ့ဖူးပြီး တောခို ကျောင်းသားတဦးလို့ သိထားတာကိုး။ ကျနော် မဖြစ်မိပါဘူးလို့ပဲ ပြန်ဖြေလိုက်တယ်။ သူကတော့ ကျနော့်ကို နှစ်သိမ့် ဆွေးနွေး အကြံပေးမှု (counseling) ယူဖို့ ပြောတယ်။ ကျနော် ဘာမှမဖြစ်ပါဘူး။ ကျနော် အဆင်ပြေပါတယ်လို့ပဲ ပြန်ဖြေခဲ့တယ်။ အခု ရမ်ဘို ရုပ်ရှင်ကားကို ကြည့်ရတော့ ဒီရုပ်ရှင်က မြင်ကွင်းတွေ၊ အသံတွေက ကျနော့်ကို တိုက်ရိုက် လာထိခိုက်ခဲ့ရတယ်။ အကြောင်းအရာ အရလည်း မြန်မာပြည်ကိစ္စ တိုက်ရိုက် ဖြစ်နေသလို၊ သံဃာနဲ့ လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ချေမှုန်းထားတဲ့ စက်တင်ဘာ အရေးတော်ပုံကလည်း ပြီးထားတာ မကြာသေးဘူး။ ပူပူနွေးနွေး ရှိသေးတယ်။ ပမာဏအားဖြင့် ဒီရုပ်ရှင်မှာ ဒရမ္မာဆန်ဆန် ပြထားသလောက် အကြမ်းဖက်မှုမျိုး မဟုတ်ပေမယ့် မာနယ်ပလော တိုက်ပွဲ ရက်တွေက ကျနော့်ခေါင်းထဲ ပြန်ဝင်လာတယ်။ အချို့အခန်းတွေမှာ ကျနော် ဆို့လာခဲ့တယ်။ မျက်ရည်တွေ ၀ဲလာမိတယ်။ ဒီလိုနဲ့ ငါတို့နိုင်ငံရဲ့ ပြည်တွင်းစစ်က ပြီးပါတော့မလားလို့ တွေးမိတယ်။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက် သေကြေ ခဲ့ကြပြီလဲ။ ဘယ်လောက် ဆက်ပြီး သေကြေ ကြရဦးမှာလဲ။ အပြောင်းအလဲတွေက ဘယ်တော့ ဖြစ်လာမှာလဲ။ ရမ်ဘိုကတော့ ဇာတ်လမ်းဆုံးတော့ သူ့အိမ် အမေရိကန်ပြည်ကို ပြန်သွားခဲ့တယ်။ ကျနော်တို့ အပါအ၀င် ဒုက္ခသည်တွေက ဘယ်တော့ အိမ်ပြန်ကြရပါ့မလဲ။ မေးခွန်းတွေပဲ ရှိနေခဲ့တယ်။
ဒုတိယအချက်ကတော့ ရုပ်ရှင်ကပေးတဲ့ ရုဒ္ဒရသနဲ့ ကျနော် ဆက်တွေးမိတဲ့ အတွေးတွေပဲ။ ဒီ စတားလုံးက ရမ်ဘို ရုပ်ရှင်ဇာတ်လမ်းတွဲ (၄) ခုအနက်က နံပတ် (၄) ဖြစ်တယ်။ အရင် ရုပ်ရှင်ကားတွေတုန်းက First Blood, First Blood II, Rambo III တို့ နာမည် ပေးခဲ့သော်လည်း၊ အခု ရုပ်ရှင်ကိုတော့ "ရမ်ဘို" လို့ပဲ သက်သက် နာမည် ပေးခဲ့တယ်။ ဗီယက်နမ် စစ်ပွဲကာလက တိုက်ခိုက် လာခဲ့ရပြီး မေ့ပျောက်၊ ဂုဏ်သိက္ခာ ညှိုးငယ်နေရတဲ့ စစ်ပြန်တွေ အတွက် ဂုဏ်သိက္ခာ ပြန်တင်ပေးဖို့ ဆိုရင်လည်း မမှားခဲ့ဘူး။ ရမ်ဘိုရဲ့ ဇာတ်ကောင်စရိုက်ကလည်း ရန်သူအသောင်းကို အောင်နိုင်တဲ့ တကိုယ်တော်၊ တယောက်တည်း စစ်တပ်တခု ဖြစ်နေတဲ့သူ (one man army)၊ ယဉ်ကျေးပါတယ်ဆိုတဲ့ ရှုပ်ထွေး ခေတ်မီ တဲ့ ကမ္ဘာကနေ ပြုတ်ကျ ကျွင်းကျန် ရစ်နေတဲ့သူ၊ လူသားတဦး ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးလို့၊ အင်မတန် အခြေခံကျတဲ့ ရုပ်ကြမ်း ဆန်တဲ့ တကိုယ်တော်ဝါဒနဲ့ ရှင်သန်နေရသူ ဖြစ်တယ်။
ဇာတ်လမ်းအရ ဗီယက်နမ် စစ်ပွဲပြန် ရမ်ဘိုက ထိုင်းတနေရာမှာ ဘ၀ကို ဖြစ်သလို ကျောင်းလို့ နေခဲ့တယ်။ အဲသည်အချိန်မှာ မြန်မာနိုင်ငံထဲကို လူမှုရေး အကူအညီ သွားပေးကြတဲ့ ခရစ်ယာန် မစ်ရှင်တဖွဲ့ကို မြန်မာစစ်တပ်က ဖမ်းသွားခဲ့တယ်။ ဒီအခါမှာ သွားကယ်ပေးဖို့ ကြေးစား စစ်သားတွေကို ခရစ်ယာန် မစ်ရှင်က အကူအညီ တောင်းလာခဲ့တယ်။ သူက ဒီခရီးအတွက် လှေမောင်းလိုက်ပို့ရပြီး နောက်ဆုံး ဖိနှိပ်အုပ်ချုပ်နေတဲ့ မြန်မာစစ်သားတွေနဲ့ ကိုယ်တိုင် ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်း ပါပဲ။
ဒီရုပ်ရှင်အတွက် သတင်းစာ ရှင်းလင်းပွဲ လုပ်တော့ တဦးက သူ့ကို မေးတယ်။
"ဒီရုပ်ရှင်က အကြမ်းဖက်မှု အများဆုံး ရုပ်ရှင်တခု ဖြစ်မှာလား" တဲ့။
"ဒီလို အကြမ်းဖက်မှု အများဆုံးတော့ မဟုတ်ပါဘူး။ သို့သော်လည်း ဒီလိုဖြစ်အောင် တမင်လုပ်ထားရတာ" လို့ ပြန်ဖြေခဲ့တယ်။ သတင်းထောက် တဖွဲ့လုံးကလည်း ၀ိုင်းရယ်မောခဲ့ကြတယ်။ သို့သော်လည်း ကလေးတွေကို ဘက်နက်နဲ့ ထိုးသတ်တဲ့ ကိစ္စ၊ လူတွေကို မီးလောင် တိုက်သွင်းတဲ့ ကိစ္စတွေကတော့ မြင်ရဆိုးလှတယ်။ ရုပ်ရှင်နောက်ပိုင်းမှာ ထူးခြားဆန်းကျယ်တဲ့ နည်းပညာ ဖန်တီးမှုတွေမှန်း သိရပေမယ့်လည်း .50 caliber စက် သေနတ်ကြီးနဲ့ လူတွေကို အပိုင်းပိုင်း ဖြစ်အောင်၊ ဦးခေါင်းတွေ၊ ရင်အုံတွေ ပွင့်သွားအောင်၊ ခြေလက်တွေ ပြတ်ထွက် လွင့်စင်လောက်အောင် ပစ်ခတ်သတ်ပြတဲ့ ကိစ္စ ကတော့ ရုပ်ရှင်တခု အဖြစ် ကြည့်နိုင်ဖို့တောင် ခက်လှတယ်။ ရယ်မောစရာတော့ မကောင်းလှဘူး။
"ပြောရရင်တော့ (ဒီရုပ်ရှင်အတွက်) ကျနော့်မှာ တာဝန် ရှိပါတယ်။ အကြောင်းကတော့ ကျနော်တို့ ဒီလို ရုပ်ရှင် ရိုက်နေတုန်းမှာပဲ လူတွေ သေကြေနေကြဆဲပါပဲ။ ဒါကြောင့်မို့လို့ ဒီလိုရုပ်ရှင်ထဲမှာ ကျနော်က လူသာမာန်လို မဟုတ်တဲ့ သူရဲကောင်းကြီးလို ပြုမူနေခဲ့တယ် ဆိုရင်တော့ ဒီ (မြန်မာပြည်သူ) တွေ ဖြတ်သန်း နေရတဲ့ ဘ၀တွေ၊ ဆင်းရဲဒုက္ခတွေကို သေးသိမ်အောင် လုပ်ပစ်နေသလို ဖြစ်နေပါလိမ့်မယ်။ သူတို့အတွက် အခန်းလည်းပေးဖို့ လိုပါတယ်။ ရွာတခု မီးလောင် ပျက်စီးသွားတဲ့ အခန်းကို မြင်ကြရပါလိမ့်မယ်။ အမှန်မှာက ဒီထက်ပိုလို့ ဆိုးပါတယ်။" ရမ်ဘို အဖြစ် သရုပ်ဆောင်တဲ့ စတားလုံးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ရုပ်ရှင်ဝေဖန်ရေး ဆရာတဦးကတော့ ရေးခဲ့တယ်။
"ဒီရွာကို ကယ်တင်နိုင်ဖို့ ဒီရွာကို ဖျက်ဆီးပစ်ခဲ့သလား" ပေါ့။
ဇာတ်လမ်းထဲမှာ ရမ်ဘိုက ဘာသာရေး ဆရာတဦးကို ပြောခဲ့တယ်။ "မင်းကို သိပ်ဖိအားပေး ချောင်ထဲကို တွန်းလာရင်တော့ လူသတ်တယ် ဆိုတာဟာ အသက်ရှုရသလောက် လွယ်ပါတယ်" တဲ့။ တကယ်တော့လည်း မလွယ်လှပါဘူး။ ယခုလို ရုပ်ရှင်ထဲ ဟန်ဆောင် သတ်ဖြတ်ပြတဲ့ ကိစ္စမှာလည်း မကြိုက်ကြသူတွေ အများအပြားပါ။ "ဦးတည် ရည်ရွယ်ချက် မရှိတဲ့ ရမ်ဘို" (Rambo without a cause) ဆိုတဲ့ ဝေဖန်ချက် ရေးသူကတော့ ရမ်ဘိုဇာတ်ကားဟာ မိကျောင်းမျက်ရည် ကျသလို ဖြစ်နေတယ်လို့ ဆိုခဲ့တယ်။ .... ကမ္ဘာကြီးရဲ့ အမှောင်ထောင့် တနေရာမှာ သေနတ်ကိုင် ယဉ်ကျေးမှုနဲ့ အမှားကို အမှားနဲ့ ပြန်ရေးတဲ့ အခန်းတွေကို ပြခဲ့တယ်။ .... ရမ်ဘိုဟာ သူရဲကောင်းတဦး မဖြစ်ခဲ့ဘူး။ အင်မတန် ကြောက်ရွံ့စက်ဆုပ်ဖွယ် ရုပ်ရှင်တကားသာ ဖြစ်ခဲ့ရတယ်။" လို့ ဆိုတယ်။
ကျနော်ကတော့ အချိန်တွေဟာ ရှည်လျားလှချည့်လို့ ထင်နေတယ်။ ဇာတ်လမ်း အခန်းတိုင်းဟာလည်း ရင်နဲ့ရင်း ခံစားရသလို ဖြစ်နေတယ်။ သေလိုက်တဲ့ မြန်မာနိုင်ငံသားတွေ သောက်သောက်လဲ။ ဇာတ်လမ်းအစပိုင်း ကရင်တိုင်းရင်းသား ကျေးရွာမှာ မြန်မာ စစ်တပ်က နှိပ်စက်လို့ သေကြရတာဟာလည်း ကျနော်တို့ နိုင်ငံသားတွေပါပဲ။ ကလေးတွေကို ဘက်နက်နဲ့ထိုး၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်၊ မိုင်းထောင်၊ လူမျိုးဖြုတ်စစ်လို သတ်ဖြတ်၊ မီးလောင်တိုက်သွင်း၊ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကိစ္စတွေ။ ဒါတွေက တကယ် ဖြစ်နေခဲ့တယ်။ အတိုင်းအဆ အနည်းနဲ့ အများသာ ကွာရင် ကွာမယ်။ တကယ် တိုင်းရင်းသား တွေ နေ့စဉ် ရင်ဆိုင်နေကြရတယ်။
အချို့အခန်းတွေက ဟောလီးဝုဒ် ပီပီ ပိုပြီး ဇာတ်နာအောင် ဖန်တီးထားပြန်တယ်။ ကျင့်ဝတ်သိက္ခာ ပျောက်ဆုံးနေတဲ့၊ သားရဲမင်းရဲ စီးနေကြတဲ့ မြန်မာစစ်သားတွေ၊ အင်္ကျီကိုယ်တပိုင်း ချွတ်တွေနဲ့ အမျိုးသမီးတွေကို ဆွဲလားရမ်းလား လုပ်နေတဲ့ စစ်သားတွေ၊ ဒီလို ပြကွက်တွေနဲ့ ဗီလိန်ကို ပိုလို့ ဆေးသားတင်နေခဲ့တယ်။ သို့သော်လည်း နောက်ဆုံး ရမ်ဘိုက မြန်မာ စစ်သားတွေကို အတုန်းအရုန်း ပစ်သတ်နေတဲ့ ပြကွက်ကိုလည်း ကျနော် မခံစားနိုင်ခဲ့ဘူး။ .50 caliber စက်သေနတ် အောက်မှာ အတုန်းအရုန်း၊ အပိုင်းအပြတ် မြင်နေရတာကို ကျနော် ပျော်ပြီး မကြည့်နိုင်ဘူး။ ကျနော်ဟာ ABSDF မှာ လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့သော်ငြားလည်း ကျနော်တို့ဟာ စနစ်ကို တိုက်ခဲ့ကြတာ ဖြစ်တယ်။ လက်စားခြေဖို့၊ သွေးဆာဆာနဲ့ လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။
တကယ်တော့ ဒီမြန်မာ စစ်သားတွေဟာလည်း ကျနော်တို့ နိုင်ငံသားတွေပါပဲ။ နိုင်ငံတခုဟာ လူတယောက်ဆိုရင် သူတို့ဟာ လည်း ကျနော်တို့ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်း တခုပါပဲ။ ဆိုးရွားဖောက်ပြန်နေတယ် ဆိုရင်တောင်မှ ကိုယ်ခန္ဓာထဲက ပုတ်နေ၊ အနာဖြစ်နေတဲ့ အပိုင်းတခုနဲ့ တူနေနိုင်သေးတယ်။ တကယ် ပြဿနာကတော့ ကျနော်တို့ နိုင်ငံမှာ အမျိုးသား ညီညွတ်ရေး ပြိုကွဲနေရတဲ့ ပြဿနာပဲ။ အချင်းချင်း စကားမပြောနိုင်ကြဘဲ စစ်မက်ပွားနေကြတဲ့ ပြဿနာပဲ။ အခုတော့ ရမ်ဘိုက စက်သေနတ်နဲ့ တရကြမ်း ပစ်ခတ်၊ မြန်မာစစ်သားတွေက အပိုင်းပိုင်း အပြတ်ပြတ်၊ ရင်ပွင့်လဲကျ၊ ခေါင်းတခြား၊ လက်တခြား လွင့်သွား ဖြစ်နေတဲ့ အချိန်မှာ ဘေးက လူတချို့က လက်ခုပ်တီးနေကြတယ်။ ကျနော်တို့ လူမျိုး မြန်မာတွေ သေနေတာကိုပဲ ကျနော်က ထိုင်ကြည့်နေရပြီး သူတို့ လက်ခုပ်သံကို ကြားနေရတယ်။ ရမ်ဘိုဇာတ်ကားကြောင့် မြန်မာ့အရေး လူသိများလာရမယ် ဆိုရင်လည်း ဒီလို ပုံစံမျိုးနဲ့ လူသိများရတာကို ကျနော် ဂုဏ်မယူချင်ပါဘူး။ ဇာတ်ကားတခုလုံး သေသွားလိုက်ကြတဲ့ (တိုင်းရင်းသားတွေ အပါအ၀င်) ကျနော်တို့ မြန်မာနိုင်ငံသားတွေ၊ ဇာတ်ပေါင်းချုပ်တော့ နိုင်သူက ရမ်ဘို ဖြစ်နေခဲ့တယ်။ သေချာတော့ မသိဘူး။ ဇာတ်လမ်းတခုလုံး ပေါင်းရင် ၂-နာရီကျော် ကာလကလေးမှာ သေခဲ့ရတဲ့ ကျနော်တို့ နိုင်ငံသားတွေဟာ ၃၀၀-၄၀၀ လောက်ကို ရှိနေနိုင်တယ်။
တကယ်လို့ ကျနော်တို့ နိုင်ငံသား အချင်းချင်း စကား ပြောဆို ညှိနှိုင်းနိုင်ကြတယ် ဆိုရင်လည်း ဒီလို အခြေအနေကို ရောက်စရာ အကြောင်းမရှိပါဘူး။ ရမ်ဘို ရုပ်ရှင်က တရားမှုနဲ့ မတရားမှုအကြား၊ အကောင်းနဲ့ အဆိုးကြား လွန်ဆွဲမှု (good Vs evil) ကို ပြတယ်ဆိုရင်လည်း ကျနော်ကတော့ ဒီလို မယူဆမိဘူး။ သွေးထွက်များလွန်းတဲ့ သေနတ် ယဉ်ကျေးမှုကို အမွှန်းတင်တဲ့ အက်ရှင် ရုပ်ရှင် (action movie) တခုလိုပဲ မြင်နေမိတယ်။ ရမ်ဘိုက တိုင်းရင်းသား အရေးအတွက် တိုက်သွားတဲ့ စစ်ပွဲ မဟုတ်ဘူး။ ရမ်ဘိုက ဒီမိုကရေစီ ရဖို့ တိုက်ခဲ့တာ မဟုတ်ဘူး။ ရမ်ဘိုက လူတစုအတွက်နဲ့ သူ့အတွက် တိုက်ခဲ့တဲ့ စစ်လို့ပဲ ကျနော် မြင်နေမိတယ်။ ရမ်ဘိုက ဒီစစ်ပွဲကို အမြတ်အစွန်း အတွက် တိုက်သွားခဲ့တယ်။
ရုပ်ရှင်ပြီးတဲ့ အခါ ပြန်ထွက်လာတဲ့ နိုင်ငံခြားသားတွေကတော့ "ဂျီးဇ် ဘယ်လို ငရဲနိုင်ငံလည်း မသိပါဘူးကွာ" လို့ မြည်တွန် ပြောဆိုကြမှာပေါ့။ တခဏ အကြာမှာ သူတို့လည်း အလုပ်မပျက်၊ နေ့လည်စာ စားမပျက်၊ သူတို့ ဘ၀နဲ့ သူတို့ ဆက်သွား ကြမှာပဲ။ စစ်အစိုးရကို မုန်းတီးလွန်းကြတဲ့၊ ဖိနှိပ်ခံနေကြရလွန်းတဲ့ ပြည်သူတွေကလည်း ဒီဇာတ်ကားကြောင့် လက်စားချေလိုစိတ်နဲ့ တခဏ ကျေနပ်သွားနိုင်ပါတယ်။ သိပ်ကို မုန်းတီးခါးသီးဖွယ်ရာ အခြေအနေ မဟုတ်လား။ ကျနော်ကတော့ ကိုယ့်နိုင်ငံ ဒီလို စင်တင်ပြခံနေရတဲ့ အခြေအနေ ရောက်နေတာလည်း စိတ်မကောင်းမိဘူး။ ဒီလို ပုံစံမျိုးနဲ့လည်း မြန်မာ့အရေး ကမ္ဘာသိလာပြီလို့ ဂုဏ်မယူချင်ပါဘူး။ သစ်ပင်တပင်သေရင် တတောလုံးနာသလို ကျနော် နာကျဉ်နေတယ်။ ရမ်ဘို ပစ်တဲ့ စက်သေနတ်ကျည်ဆန်ဟာ ကျနော့်ရင်ကိုပါ ဖောက်သွားခဲ့တယ်။ ရမ်ဘို ပစ်တဲ့ စက်သေနတ်ကျည်ဆန်ဟာ ကျနော့်ခေါင်းကိုပါ ဖောက်သွားခဲ့တယ်။
အောင်သူငြိမ်း

No comments: