Monday, February 11, 2008

မြန်မာတဦး ထိုင်းလုပ်ငန်းခွင်တွင်း ဓာတ်လိုက်သေဆုံး

နေသွင်
ချင်းမိုင်။ ။ ထိုင်းနိုင်ငံ စက်လှေတည်ဆောက်ရေး လုပ်ငန်းခွင် တခုတွင် မြန်မာ အလုပ်သမား တဦးသည် လွန်ခဲ့သည့် နှစ်ရက်က လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်၍ သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လည်ပိုင်းက စမွတ်ပရာကန်ခရိုင် ပါနန်းမြို့နယ်ရှိ ဂျေအက်ပီ (ခေါ်) စက်လှေ တည်ဆောက်သည့် လုပ်ငန်းခွင်တွင် လျှပ်စစ်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော မောင်အောင်ဇော်ဦး (၂၄ နှစ်) သည် မီးကျွမ်းနေသော မီးချောင်းကို ပြင်ဆင်ရန် ကြိုးစားစဉ် မတော်တဆမှု ဖြစ်ပွားကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
“လောလောဆယ် ကျမတော့ ဘာလုပ်ရမယ် မသိဘူး။ သူဋ္ဌေးကတော့ စိတ်ဆိုးတယ်။ ဆေးရုံက ကိုယ်အခြေအနေနဲ့ ကိုယ် ထုတ်သွား၊ လုပ်ချင်သလို လုပ်လို့ ပြောတယ်။ ရုံးကနေ စကားပြောမယ်ဆိုရင် ကျမက ဘတ် (အလုပ်သမား မုတ်ပုံတင်ကဒ်) လည်း မရှိဘူး၊ စကားလည်း မတတ်ဘူး။ ငွေရေးကြေးရေးပိုင်းအရ လိုက်နိုင်တဲ့ အင်အားလည်း မရှိဘူး။ အလောင်းကို ကောင်းကောင်းမွန်မွန် သဂြုင်္ိဟ်စေချင်တာပါ။ အောက်က မိဘတွေက သဂြုင်္ိဟ်ပြီးပြီလားလို့ မေးရင် ဘယ်လိုဖြေရမှန်း မသိဘူး” ဟု သေဆုံးသူ၏ ညီမဖြစ်သူက ပြောသည်။
သတိမေ့မျောနေသော ကိုအောင်ဇော်ဦးကို လုပ်ဖော်ကိုင်ဖက်များက ပါနန်းမြို့ ဆေးရုံကြီးသို့ အငှားကား တစီးဖြင့် ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးခဲ့သည်။
ဆေးရုံဝန်ထမ်းများက အလုပ်ရှင်ထံမှ ငွေကြေး အာမခံချက်ပေးမှ ဆေးကုသပေးမည်ဟု ပြောသဖြင့် အချိန်ကြန့်ကြာခဲ့ရသည်ဟု လုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။
မြန်မာ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီမှ ဦးမြင့်ဝေ က “မေးခွန်းထုတ်စရာ မလိုတာက အလုပ်သမား လက်မှတ်ရှိရှိ၊ မရှိရှိ လုပ်ငန်းခွင်မှာ သေဆုံးသွားလို့ ရှိရင် အဲဒီ အလုပ်ရှင်က တာဝန်ယူရမယ်” ဟု ပြောသည်။
အလားတူ သေဆုံးမှုမျိုးတွင် သေဆုံးသူ၏ ဆွေမျိုးသားချင်း (သို့မဟုတ်) မိတ်ဆွေတဦးက တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုလေ့ မရှိသဖြင့် မြန်မာ့ အလုပ်သမားများ အနေနှင့် အလုပ်သမား ရပိုင်ခွင့်များ ဆုံးရှုံးနေခြင်းဖြစ်သည်ဟု သူက ဖြည့်စွက်ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်၍ အလုပ်သမား အကူအညီပေးရေး အဖွဲ့များကို ဖွင့်ဟပြောဆိုခဲ့သော ကိုဇော်နိုင်လည်း လုပ်ငန်းခွင်သို့ ယခုတိုင် မပြန်ရဲဘဲ တနေရာတွင် ပုန်းရှောင်နေရသည်။

No comments: