Wednesday, February 27, 2008

နှစ်ပေါင်း (၆၀) ကျော် "အကြမ်းဖက်" ခံနေရသည် (ဆောင်းပါး)

ဆောင်းပါး
အောင်မော်ဦး
ပါရီ ကျဆုံးခန်း ၀ထ္တုထဲ၌ အီလျာ အာရင်ဘတ်က ပြင်သစ်အစိုးရ၏ လုပ်ပုံကိုင်ပုံကိုကြည့်၍ "ပါရီမြို့ကြီး ကိုယ်တခြမ်း သေနေပြီ" ဟု ပြောခဲ့သည်။ တိုင်းပြည်က "ဂျာမန်ကို ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော"ဟု မေးခွန်းထုတ်နေချိန် တွင် နလဗိန်းတုံး အစိုးရသည် မည်သည့် ပြင်ဆင်မှုမျှ မလုပ်၊ မည်သူ့ ထင်မြင်ချက်မျှ အရေးမထား။ သူရဲဘောကြောင်သည့် အစိုးရက "ပါရီသည် ယနေ့တိုင် ပါရီပင် ဖြစ်သည်" ဟူသည့် သီချင်းကို ရေဒီယိုမှ နေ့ညမပြတ် လွှင့်၍ ကောင်းနေဆဲ၌ ဂျာမန် တင့်ကားများ ပြင်သစ်မြေပေါ် ကျူးကျော် ၀င်ရောက် လာခဲ့ကြတော့သည်။
ထိုစဉ်က ဗိုလ်ချုပ်ဒီဂေါနှင့် သူ၏ တပ်မှူးတပ်သားများသာ သူတို့ ဘာလုပ်ရမည်ကို မှန်မှန်ကန်ကန်သိ၍၊ သူတို့ လုပ်နိုင်သည် ကို သူတို့ဘာသာ ရွေးချယ်ပြီး စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့ကြလျှင် ဒုတိယ ကမ္ဘာစစ်သည် ဤပုံစံဖြင့် ပြီးချင်မှ ပြီးပေလိမ့်မည်။ ဗိုလ်ချုပ်ဒီဂေါ၏ "မြေအောက် တော်လှန်ရေး ဆင်နွှဲမှု"က ပါရီမြို့ကြီးကို အသက်ရှူ ပြန်မှန်စေခဲ့သည်။
လက်ရှိ ကျနော်တို့ တိုင်းပြည်၏ အခြေအနေကို ကြည့်ရသည်မှာ ကြိုးမိန့် စောင့်နေသည့် အကျဉ်းသားတဦးနှင့် တူ၍၊ နိုင်ငံသူ နိုင်ငံသားများ၏ အဖြစ်ကို တွေ့ရသည်မှာ (သူတို့တိုင်းပြည်နှယ်) သေနေစေ့မည့် ရက်ကို လက်ချိုး ရေတွက် နေကြရသူများနှင့်ပင် တူနေကြတော့သည်။ သူတို့အတွက် အချိန်သည် သိပ်များများစားစား မကျန်တော့။ လာမည့် (၂) နှစ် အတွက် တခုခု မလုပ်ခဲ့ကြလျှင် နောင် အနှစ် (၆၀) စာမက (မျိုးဆက်နှင့် ချီပြီး) ခါးစည်း၍ ခံကြရပေဦးတော့မည်။ ထိုထက်ပို၍ အနီးကပ်ဆုံး ပြောရလျှင် လာမည့် ၂-၃ လတာအတွင်း သူတို့ တိုင်းပြည်ကို ကြိုးမိန့်ပေးတော့မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဆန္ဒခံယူပွဲနှင့် ကြုံကြရပါတော့မည်။ ပုံမှန်အားဖြင့် လူထုသည် မိမိတို့၏ မကျေနပ်ချက်၊ လိုအပ်ချက် တို့ကို ဆန္ဒပြသည့် နည်းလမ်း တခုတည်းဖြင့် ဖော်ပြလေ့ရှိသည်။ စစ်အစိုးရသည် (အခြား အစိုးရများ နည်းတူ) ညှိနှိုင်းဖြေရှင်းမှုကို မည်သည့်အခါမျှ ပြုလုပ်လေ့ မရှိဘဲ အနည်းဆုံး ရိုက်နှက် ဖမ်းဆီးခြင်းဖြင့် ဖြစ်စေ၊ အဆိုးရွားဆုံး ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ဖြစ်စေ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်လေ့ ရှိတတ်သည်။ ထိုအခါ လူထု လှုပ်ရှားမှုသည် အပြိုပြို အကွဲကွဲဖြင့် နှစ်အတန်ကြာသည်အထိ နောက်ဆုတ်သွားရတော့သည်။
ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား မတရား ပြန်လုပ်လိုခြင်း မဟုတ်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား ပြန်လည်အနိုင်ကျင့် စော်ကားလိုခြင်း မဟုတ်။ သူတို့ကို ဖိနှိပ်ရက်စက် နေသူများအား ပြန်လည် ဖိနှိပ် ရက်စက်လိုခြင်း မဟုတ်။
ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အကြမ်းဖက် ဖိနှိပ်ရက်စက် နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။
ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍၊ သူတို့ဘာသာ လှူကြတန်းကြ၍၊ သူတို့ ဘာသာ ရောင့်ရဲခြိုးခြံစွာ နေထိုင်ကြ၍၊ အေးအေးချမ်းချမ်းနှင့် ဘုရားသွား ကျောင်းတက်၍ နေထိုင်လိုကြခြင်း ဖြစ်သည်။ မင်းကလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကလည်း ပြည်သူ့ဝတ္တရား ကျေပွန်စေ။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။
သို့သော် ဤမျှ ရိုးစင်း၍၊ ဤမျှ ရောင့်ရဲလွန်းလှသည့် သန်း (၅၀) မျှသော ပြည်သူလူထု၏ ဆန္ဒသည် ကံဆိုးစွာပင် ယနေ့ အထိ မပြည့်ဝနိုင် ရှာရုံမျှမက ကျိုးရကြေရသည့် ဘ၀များသည်လည်း မနည်းလှတော့။ ရင်းရနှီးရသည့် အသက်သွေးချွေး များသည်လည်း မနည်းလှတော့။ စွန့်ရစတေးရသည့် မျိုးဆက်များသည်လည်း မနည်းလှတော့။ အနာဂတ်သည်ကား…။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် အစိုးရကိုလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကိုလည်း တာဝန်သိစေ ဟူသည့် ပဋိဉာဉ်တရပ်ဟု ဆိုက မမှားတန်ရာ။ ယခုမူ စစ်အစိုးရသည် ဤပဋိဉာဉ်ကို ၎င်းတို့ အလိုကျ ရေးဆွဲ၍ ပြည်သူကို အကျပ်ကိုင်ကာ ပြဌာန်းခိုင်းနေသည်။ စစ်အစိုးရ ချပြသည့် ဖွဲ့စည်းပုံက အစိုးရနှင့် ပြည်သူအကြား နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးကြသည့် ပဋိဉာဉ်မျိုးမဟုတ်။ သခင်နှင့် ကျွန်အကြားချုပ်ဆိုသည့် စာချုပ်မျိုးဖြစ်နေသည်။ လူထုက မိမိတို့ ကျွန်ဇာတ်အသွင်းခံရခြင်းကို သဘောတူကြောင်း လက်မှတ် ရေးထိုးပေးရမည့် စာချုပ် ဖြစ်နေသည်။ အထူးသဖြင့် စစ်တပ်က ဗိုလ်ကျလွှမ်းမိုးမှုကို ကျိုးနွံ ၀ပ်ပြားပေးရမည့် စာချုပ် ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန် ဖြစ်သည့် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းကရပ်စေ" မည့် ပဋိဉာဉ်မျိုး မဟုတ်။ ပြည်သူများ သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍ နေထိုင်နိုင်ကြမည့် ပဋိဉာဉ်မျိုးမဟုတ်။ ဓားမိုးအုပ်ချုပ်၍ ပိပြားနေကြရမည့် ဥပဒေမျိုး ဖြစ်နေသည်။
ကျနော့် အနေဖြင့် တိုက်တွန်းလိုသည်မှာ ပြည်သူလူထု အနေဖြင့် ဤ အတည်ပြုလာတော့မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကန့်ကွက်ကြောင်း မိမိတို့ဆန္ဒကို ထုတ်ဖော်ပြသ (ဆန္ဒပြ) ရတော့မည့် အချိန်ဖြစ်သည်။ လမ်းပေါ်ထွက် ဆန္ဒပြသည့် နည်းလမ်းအပြင် အသည်းကြားမှ မဲတပြားဖြင့် ကန့်ကွက်ခြင်းသည်လည်း ဆန္ဒပြခြင်း တမျိုးပင် ဖြစ်သည်။ မြန်မာ ပြည်သူများသည် ဤသို့ ဆန့်ကျင် ကန့်ကွက်မှုမျိုးကို ကျွမ်းကျင်ကြပါသည်။ စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် (passive resistance) ရသရွေ့ ဆန့်ကျင်ခဲ့ကြသည်မှာ မရေမတွက်နိုင်တော့။ သို့သော်လည်း ဤတပွဲတွင်တော့ ပို၍ စည်းလုံးမှု ရှိစွာ၊ ပို၍ အချိတ်အဆက်မိစွာ ဆန့်ကျင်ရတော့မည့် အချိန်ဖြစ်ပေသည်။
အနုပညာရှင်များလည်း ပါရမည်။ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ သံချပ်ထိုးသူများ၊ ဟစ်ဟော့ပ် အဆိုတော်၊ လူရွှင်တော် အလွှာမျိုးစုံ ပါဝင်၍ ဆန့်ကျင်ရမည့် ပွဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့က အစွမ်းပြရုံမျှ မဟုတ်ပါ။ လူထုအားလုံး တက်ညီလက်ညီ အစွမ်းပြရမည့် ပွဲဖြစ်သည်။ အပစ်ရပ် အဖွဲ့များသည်လည်း တနည်းတဖုံ ပါဝင်ကြရပါတော့မည်။ အပစ်ရပ် အဖွဲ့များသည်လည်း မိမိတို့၏ ရပ်တည်ချက်၊ အခန်းကဏ္ဍကို ဖော်ပြရပေတော့မည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက ဗိုလ်ချုပ်အောင်ဆန်းသည် မည်သူမျှ ကိုယ်နှင့် မဆိုင်သလို မနေရ၊ မည်သူမျှ ကိုယ့်အရေး မဟုတ်သလို သဘောမထားရ။ မည်သူမျှ ရေသာခို လှေကြုံ လိုက်ခွင့်မရ ဟူသည့်မူဖြင့် လူထုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်စေခဲ့ပါသည်။ လူထုအားကို ဖော်ထုတ်ခဲ့သည်။ လူထုအားကို ကိုးစားခဲ့သည်။
ဤ တိုက်ပွဲသည် လက်စားချေရန်မဟုတ်၊ အများသူငါ သွေးထွက်သံယို ဖြစ်စေရန်မဟုတ်၊ အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြစေရန်မဟုတ်။ ဤတိုက်ပွဲဖြင့် အများပြည်သူအပေါ် အတိုင်းထက်အလွန် ယုတ်မာ ရိုင်းစိုင်းနေသူများ၊ အာဏာပြ ဗိုလ်ကျမင်းမူ၍ အနိုင်ကျင့် စော်ကားနေသူများ၊ တရားလက်လွတ် ရက်စက် ရမ်းကားနေသူများ၊ ကမ်းကုန်အောင် အကြမ်းဖက် ဖိနှိပ်နေကြသူများအား "ရပ်တန်းက ရပ်စေရန်"အတွက် ထိထိရောက်ရောက် ဖိအားပေးသည့် နည်းလမ်းတခု အဖြစ် အသုံးပြုရန် ဖြစ်ပါသည်။ တနည်းအားဖြင့် "အဓမ္မ" ဂိုဏ်းသားများ "ဓမ္မ" ဘက်သို့ ကူးပြောင်း လာကြစေရေးအတွက် တိုက်ရိုက် ဖိအားပေးသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန်သာလျှင် ဖြစ်ပါသည်။
သေချာသည်မှာ "ကျနော်တို့ တိုင်းပြည်ကြီး နှစ်ပေါင်း (၆၀) ကျော် အကြမ်းဖက် ခံနေရသည်" ဟူသည့်အချက် ဖြစ်သည်။ ဤ ဒဏ်ရာဒဏ်ချက်များကြောင့် မြန်မာနိုင်ငံကြီးလည်း ကိုယ်တခြမ်း သေနေခဲ့ပြီ။ "ပြည်သူ့အားနှင့် ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော" ဟု မေးခွန်းထုတ်ရတော့မည့် အချိန် ဖြစ်ပါသည်။ ကြုံလာတော့မည့် စစ်ကျွန် ဖွဲ့စည်းပုံ ဆန့်ကျင်ရေး တိုက်ပွဲအတွက် အသင့်ပြင်ကြပါစို့။ မြန်မာပြည်သူများ မှန်မှန်ကန်ကန် သိမြင်၍ စုပေါင်း တိုက်ပွဲဆင်ခြင်းဖြင့်သာ ထွန်းသစ်သည့် မြန်မာနိုင်ငံ ဖြစ်လာစေရမည်ဟု ယုံကြည်လျှက် ….။

No comments: