Wednesday, February 27, 2008

စစ်အုပ်စုအား `ဟင့်အင်း´ ဖြင့် ရင်ဆိုင်ခြင်း

ဆောင်းပါး
ကျော်လင်းဦး

မြန်မာ စစ်ကောင်စီ၏ အတွင်းရေးမှူး (၁) လက်မှတ်နှင့် ထုတ်ပြန်လာသော ကြေငြာချက် ၁/၂၀၀၈ နှင့် ၂/၂၀၀၈ အရ ဖွဲစည်းပုံ အခြေခံ ဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို လာမယ့် မေလမှာ ကျင်းပ မှာ ဖြစ်ပြီး ၂၀၁၀ မှာတော့ ရွေးကောက်ပွဲတွေကို ကျင်းပလာတော့မှာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်တွေ အရဆိုယင် စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ စစ်တပ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ် တရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒမပါပဲနဲ့ မြန်မာနိုင်ငံမှာ ထွန်းကားလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ အချိန်ဟာ ပြည်သူလူထုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အချိန် ဖြစ်နေပါတယ်။ ပြည်တွင်းပြည်ပက ပြည်သူတွေကလည်း မေလ ပြည်သူ့ဆန္ဒ ခံယူပွဲမှာ ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာကို အားလုံးက အာရုံစိုက်နေရတဲ့ အချိန် ဖြစ်နေပါတယ်။
အကယ်၍ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုရင်တော့ ပြည်သူ့ဆန္ဒ ခံယူပွဲတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မှာ ဖြစ်လို့ နအဖလို စစ်အုပ်စုမျိုးရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုမှ အသက်ဝင်လာစရာ မရှိပေမယ့် မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ပြည်သူ့ဆန္ဒ ခံယူပွဲဆိုတာ လူ ကြားကောင်းအောင် လုပ်ထားတဲ့ လုပ်ရပ်သာ ဖြစ်ပြီး သူတို့ လိုချင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မရရတဲ့နည်းနဲ့ အတည်ပြုမှာ ဖြစ်ပါတယ်။ စစ်အုပ်စုအတွက်တော့ ဒီဆန္ဒ ခံယူပွဲမှာ `ရှုံးသော်လည်း နိုင်ရမည်၊ နိုင်သော်လည်း နိုင်ရမည်´ ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ သမားတွေကတော့ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အတွက် ကန့်ကွတ်တဲ့ မဲတွေကိုသာ ပြည်သူလူထုဆီက များနိုင်သလောက် များအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ဒီနေရမှာ အယူအဆရေးရာအရ ဆန့်ကျင်ဘက် အမြင်တွေ ပေါ်ပေါက် လာနိုင်စရာ ရှိနေပါတယ်။ တခုကတော့ အခု အခြေခံ ဥပဒေကို ငြင်းဆန်လိုက်ယင် လက်ရှိ စစ်အစိုးရကပဲ ဆက်လက်အုပ်စိုးမှာ ဖြစ်တဲ့အတွက် ဒုံယင်း၊ ဒုံယင်းပဲ၊ ဒါကြောင့် ဘာမှမရတာထက် စာယင် အနည်းအကျည်း ရတာမှ ကောင်းသေးတယ် ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီလို အယူအဆ ပေါ်ပေါက် လာရတဲ့ အဓိက အကြောင်းရင်းကတော့ စစ်အုပ်စုသက်တမ်း အနှစ် နှစ်ဆယ်အတွင်း ခါးသီးလှတဲ့ အတွေ့အကြုံတွေ အောက်ကနေ လွတ်မြောက်ချင်တဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့် အမြင်ကတော့ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုက ငြင်းဆန်လိုက်လို့ နအဖက အရင်အတိုင်း ဆက်အုပ်ချုပ်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ အခုလို ပြည်သူ့ဆန္ဒ ခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတာဟာ စစ်အုပ်စုအနေနဲ့ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေမှာ မရပ်တည်နိုင်တော့လို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ဖိအားနဲ့ ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားမှုတွေရဲ့ အကျိုးဆက်ပါပဲ။ ဒါကြောင့် အခု နအဖ က ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကို လူထုအားနဲ့ ငြင်းဆန်ပြီး နှစ်ဦးနှစ်ဘက် လက်ခံ နိုင်လောက်တဲ့ အခြေခံ ဥပဒေနဲ့ အစားထိုးရေးဟာသာ ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက် ဖြစ်သင့်ပါတယ်။
နအဖအတွက်လည်း သူတို့ ၁၄ နှစ်လုံးလုံး ကြိုးစား အကောင်အထည် ဖေါ်ခဲ့တဲ့ အခြေခံ ဥပဒေကြီး ပျက်စီးသွားလို့ နောက်ထပ် အစကနေ ပြန်လည် အကောင်အထည်ဖေါ်ဖို့ သူတို့မှာ အင်အားတွေ ကုန်ခမ်းနေပါပြီ။ နိုင်ငံတကာ အခြေအနေနဲ့ ပြည်တွင်း နိုင်ငံရေး နိုးကြား တက်ကြွမှုဟာလည်း လွန်ခဲ့တဲ့ ၁၄ နှစ်နဲ့ နှိုင်းစာယင် အများကြီး တိုးတက် ပြောင်းလဲခဲ့ပါပြီ။ စစ်အုပ်စု ဟာ လက်ရှိပုံစံနဲ့ ဆက်လက် မရပ်တည်နိုင်တော့လို့ မပြောင်းမဖြစ် ပြောင်းလဲရတော့မဲ့ အခြေအနေမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် ၀ိုင်းဝန်း ကန့်ကွက်ရင် အခုလာမယ့် အပြောင်းအလဲဟာ စစ် အုပ်စု ဖြစ်စေချင်တဲ့ အပြောင်းအလဲမျိုး မဟုတ်ပဲ ပြည်သူလူထု တရပ်လုံး တောင်းတနေတဲ့ အပြောင်းအလဲတခု ဖြစ်လာမှာ သေချာသလောက် ရှိနေပါတယ်။
နောက်ထပ် ဆန့်ကျင်ဘက် အယူအဆကတော့ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပမယ့် မဲရုံတွေကို မသွားဘဲ သပိတ်မှောက်ရေး လှုံ့ဆော်ချက် ဖြစ်ပါတယ်။ ဒီလို လှုံ့ဆော်ချက်မျိုးဟာ စစ်အုပ်စုအတွက် အင်မတန် သဘောကျစရာ လှုံဆော်ချက် ဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားသူတွေက ပြည်သူ့ဆန္ဒ ခံယူပွဲမှာ သွားရောက်ပြီး မဲမပေးဘူးဆိုယင် စစ်အုပ်စုက သူတို့ လူတွေကိုချည်း လွှတ်ပြီး ထောက်ခံမဲ ပေးခိုင်း လိုက်ယုံပါပဲ။
ဒီနေရာမှာ စောဒက တက်နိုင်တာက ပြည်သူလူထုက မဲရုံမှာ ကန့်ကွက်မဲ ပေးခဲ့ပေမယ့် မဲရုံဝန်ထမ်း တွေက လိမ်ညာလှည့်စားပြီး ထောက်ခံမဲ ရအောင် လုပ်ခဲ့ရင်ကော ဆိုတဲ့ အချက်ပါပဲ။ နိုင်ငံတကာ က ပြည်သူ့ဆန္ဒ ခံယူပွဲ ထုံးတမ်းစဉ်လာအရ ဆန္ဒခံယူပွဲရဲ့ ရလဒ်ကို သံသယရှိယင် တခြားအရေးယူ ဆောင်ရွက်စရာတွေ ရှိပါသေးတယ်။ ဒါ့အပြင် အားလုံးက လက်မခံတဲ့ ရလဒ်ကို နအဖက ဇွတ် အတင်း အကောင်အထည် ဖေါ်နေယင် နိုင်ငံတကာနဲ့ ပြည်သူလူထုဘက်က တန်ပြန်စရာ နည်းလမ်းတွေ ရှိပါသေးတယ်။ အဲဒီ နည်းလမ်းတွေဟာ ဆန္ဒခံယူပွဲကို သပိတ်မှောက်တဲ့ လုပ်ရပ်ထက် ပိုမိုထိ ရောက်ပြီး စစ်အုပ်စုကို ပိုမို အကြပ်အတည်း တွေ့စေမှာ ဖြစ်ပါတယ်။
နှစ်လဆိုတဲ့ အချိန်ဟာ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်း အကောင်အထည် ဖေါ်ယင် နိုင်ငံရေး အပြောင်းအလဲရဲ့ လမ်းစကို ကျနော်တို့ဘက်က ချုပ်ကိုင်နိုင်ပြီး ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ညီညီညွတ်ညွတ်နဲ့ ဆက်လက် အကောင်အထည် ဖေါ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ မူပိုင် အခြေခံဥပဒေကို ပြည်သူ့ဆန္ဒ ခံယူပွဲနဲ့ ဖျက်ဆီးပြီး အပြောင်းအလဲကို ဦးဆောင်ဖို့ရာ နိုင်ငံသား အားလုံးမှာ တာဝန် ရှိပါတယ်။ ဒါကြောင့် ဒီတကြိမ်မှာ ပြည်သူလူထု အနေနဲ့ နအဖရဲ့ အခြေခံဥပဒေကို `ကန့်ကွက်မဲ´ တွေ ၀ိုင်းဝန်း ပေးကြဖို့ လိုအပ်လှပါတယ်။

No comments: