Saturday, February 16, 2008

ဖဒိုမန်းရှာ (သို့မဟုတ်) ကြယ်တပွင့် ကြွေလွင့်ခြင်း (သဘောထားအမြင်များ)

မဇ္ဈိမသတင်းဌာန

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)
“ကျနော်တို့ သူ့ရဲ့ အင်တာဗျူးတွေကို နိုင်ငံခြား သတင်းဌာနတွေကနေ မကြာခဏ ကြားရတယ်။ သူပြောနေတဲ့ မှတ်ချက်တွေက တကယ့် နိုင်ငံရေးသမားကောင်း တယောက်၊ တိုင်းပြည်ကို တကယ့် စေတနာထားတဲ့ နိုင်ငံရေးသမား တယောက် အနေနဲ့ ဒီလိုပဲ မြင်တယ်”
ပူးကျင့်ရှင်းထန် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်)
“ကျနော် သိသလောက် သူက တည်ကြည်တယ်၊ ပြတ်သားရဲရင့်တဲ့ ခေါင်းဆောင်တယောက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ်အလုပ် လုပ်နေတဲ့ လူတယောက် ဖြစ်တဲ့အတွက် သူသာ မရှိတော့ဘူးဆိုရင် လူမျိုးအတွက် တကယ့် နစ်နာမှု ဖြစ်မှာပါပဲ”
ရဲဘော် ဖိုးသံချောင်း (ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည်ကွန်မြူနစ်ပါတီ)
“ဖဒိုမန်းရှာက သူ့ဘဝတခုလုံးကို တော်လှန်ရေးထဲ ပုံအပ်ပြီး လုပ်နေတဲ့ တော်လှန်ရေးသမား တယောက်ပါပဲ။ သာမန် တခြား တော်လှန်ရေးသမားနဲ့ မရောထွေးစေချင်ပါဘူး။ သူက ပြည်သူလူထု အပေါ်မှာလည်း တစုံတရာ သြဇာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက်ပါပဲ။ ဒါဟာ နှမြောစရာ၊ ဝမ်းနည်းစရာပါပဲ။ ကျနော်တို့ အတော့်အတော်ကို အံ့လည်း အံသြသွားတယ်။ သိပ်လည်း ခံစားမိပါတယ်။ အထူးသဖြင့် ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာမှ ဖြစ်ရပလေဆိုပြီး ဝမ်းနည်းမိပါတယ်။
ကေအန်ယူဆိုတာ နိုင်ငံရေးပါတီ ပေါက်စလည်း မဟုတ်ပါဘူး။ သဘာလည်း ရင့်လာပါပြီ။ သူတို့ ဆက်ချီတက်နိုင်လိမ့်မယ်လို့ ယုံပါတယ်။ ဘာမှတော့ ခေါင်းဆောင်မှု၊ ဖွဲ့စည်းမှုဖြစ်စေ၊ ဆက်ချီတက်မှုမှာဖြစ်စေ ထူးထူးခြားခြား ဂယက်ရိုက်မယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဖဒိုမန်းရှာမှာက သူ့ရဲ့အားသာချက်၊ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေတော့ အဲဒါတွေအတွက် သူတို့ ဆုံးရှုံးသွားမှာပေါ့။ အဲဒါတွေအတွက် အစားထိုးလို့ မရတာတွေလည်း ရှိနိုင်ပါတယ်”
စိုင်းလောဝ်ဆိုင် (ရှမ်းပြည်တပ်မတော်-တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ်)
“ကေအန်ယူအတွင်းရေးမှူး ဖဒိုမန်းရှာဟာ ကရင်အမျိုးသား တော်လှန်ရေးအတွက် ရဲဘော်ရဲဘက်ကောင်း ဖြစ်ပါတယ်။ သူတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်းမှာလည်း သူ့ကရင်အမျိုးသားရေးအတွက် သာမက မြန်မာပြည်အရေး အတွက်ပါ စေတနာရှိရှိ စိတ်ဝင်တစား ထမ်းဆောင်ခဲ့တဲ့ လူပါ။
ကေအန်ယူ အတွင်းရေးကိစ္စတော့ ကျနော် သိပ်မသိပါဘူး။ ဒါပေမဲ့ ဖဒိုမန်းရှာက ကေအန်ယူ အတွင်းရေးမှူး ဆိုတော့ တော်တော်အရေးပါတဲ့ လူတယောက် ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
သူက ကေအန်ယူအတွက် သာမက နအဖ အတွက်ပါ တကယ့်ကို အရေးပါတဲ့ လူတယောက် ဖြစ်မှာပဲလို့ သူ့လိုပဲ ကျန်တဲ့ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ နအဖမှာ အစီအစဉ် ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီကိစ္စဟာလည်း နအဖ လက်ချက်ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
မဲဆောက်ဒေသတဝိုက်မှာ နအဖ ထောက်လှမ်းရေး စေလွှတ်ထားတာ ၁ဝဝ လောက် ရှိတယ်လို့ ကေအန်ယူ သတင်းပိုင်းအရ သိရတယ်။
ကေအန်ယူ အသိုင်းအဝိုင်း တချို့မှာတော့ ကေအန်ယူက ထွက်သွားတဲ့လူတွေ လက်ချက်ဖြစ်မယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်ကတော့ အခုအချိန်မှာ ကရင်အမျိုးသား အချင်းချင်း သတ်ဖြတ်ရမယ့် အချိန် မဟုတ်ဘူးဆိုတာ တချို့က ပြောတာတွေလည်း ကြားရပါတယ်။ သူတို့ နားလည်မှုတွေ ရယူဖို့အတွက် နှစ်ဖက်လုံးမှာ ကြိုးစားနေတယ်ဆိုတာ ထုတ်ဖော် ပြောဆိုထားတာလည်း ရှိပါတယ်”
ကိုသံဒုတ် ( မြန်မာအလုပ်သမား သွေးစည်း ညီညွတ်ရေး တာဝန်ခံ)
ကျနော် အမှန်အတိုင်းပြောရရင် ကြားကြားခြင်း၊ တော်တော် တုန်လှုပ်ပြီးတော့ အင်မတန်မှ ဝမ်းနည်းပြီး ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာက နိုင်ငံရေး အမြင်အရေရော၊ လူငယ်တွေအပေါ်မှာ အားထားတဲ့ စိတ်တွေရော၊ နအဖပေါ်မှာ ထားရှိတဲ့ သဘောထား ပြတ်သားမှု၊ တိုင်းပြည်ပေါ်မှာ ချစ်စိတ်။ နောက်တခုက ဘက်စုံပေါ့ဗျာ။ ကေအန်ယူမှာ ခေါင်းဆောင်ဖြစ်သလို တပ်ပေါင်းစုမှာလဲ အလွန် မူဝါဒရေးရာတွေမှာ သူက ထိုးဖောက်နိုင်တဲ့ ခေါင်းဆောင်ကောင်း တယောက်ပါ။ အလွန်အစားထိုးလို့မရတဲ့ ခေါင်းဆောင်တယောက်လို့ မြင်ပါတယ်။ နောက်တချက်ရှိတာက သူ့ကို သတိရတာက ကျောင်းသားလူငယ်တွေကိုလည်း အားပေးတတ်တယ်။ ချစ်ခင်စိတ်ရှိတယ်။ သူကိုယ်တိုင်ကလည်း ၆၂ ကျောင်းသား လှုပ်ရှားမှုဘဝကို ဖြတ်သန်းလာခဲ့ရတယ်။ အထူးသဖြင့် နအဖအပေါ်မှာ ရန်သူအပေါ်မှာ ထားရှိတဲ့ သဘောထားနဲ့ တိုင်းပြည်ကို ချစ်တဲ့ စိတ်က အလွန် ကြည်ညိုစရာ ကောင်းပါတယ်။ နောက်ဆုံး ရရင်ရ မရရင် ချဆိုတဲ့ မူဝါဒကို တော်တော်ယိုကြည်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်။ တိုက်ပွဲ ဝင်ရမယ်ဆိုတဲ့ စကားကို အမြဲ ပြောလျက်ရှိတယ်။ အစားထိုးမရတဲ့ ခေါင်းဆောင်တယောက်ပါ။
“တစုံတရာ နအဖလည်း ပါဝင် ပတ်သက်နိုင်မယ်လို့ ကျနော်မြင်တယ်။ နောက်တချက်ရှိတာက နအဖ စစ်အစိုးရက အလွန်အင်မတန်မှ ဘက်ပေါင်းစုံ အခက်အခဲဖြစ်နေတဲ့ အချိန်ကာလမှာ သူတိုမှာလည်း စစ်ခေါင်းဆောင်တွေရဲ့ စီမံကိန်း ရှိကောင်းရှိနိုင်ပါတယ်။ သတ်ဖြတ်ရမယ်ဆိုတဲ့ နအဖရဲ့ စီမံကိန်းထဲမှာပေါ့နော်။”
ပြောခွင့်ရပုဂ္ဂိုလ်တဦး (ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့)
“ကျနော့်အမြင်ကတော့ သူက အခုအချိန်မှာ ကေအန်ယူအတွက် သာမက တမျိုးသားလုံးအတွက် တောင့်ခံထားနိုင်တဲ့၊ အရေးကြီးတဲ့ လူဆိုတော့ လုပ်ကြံလိုက်တယ်လို့ပဲ ယူဆပါတယ်။ အခုလို သူ လုပ်ကြံခံရတဲ့ အတွက်ကြောင့် ကေအန်ယူနဲ့တကွ ကရင် အမျိုးသားတွေ အနေနဲ့ ဒုက္ခ အနည်းနဲ့အများ ရင်ဆိုင် လာရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနီးပါး အပစ်အခတ် ရပ်စဲထားတဲ့ အချိန်မှာ ကေအန်ယူက တဦးထဲအနေနဲ့ ဆက်လက် တော်လှန်ရေး လုပ်နေတာပါ။ အဲဒီမှာ သူက အဓိက တောင့်ခံထားပေးနိုင်တဲ့ ခေါင်းဆောင်ဆိုတော့ တော်တော်ကို ဆုံးရှုံးနစ်နာတဲ့ ဖြစ်ရပ်ပါပဲ။
ဘယ်သူ့ရဲ့ လုပ်ဆောင်ချက်ဆိုတာကတော့ ပြောဘို့ခက်သေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကေအန်ယူမှာ အရေးပါနေတဲ့ အခန်းကဏ္ဍကြောင့် လုပ်ကြံခံရတာ ဖြစ်နိုင်ပါတယ်။ တသီးပုဂ္ဂလ အနေနဲ့ ခံစားရတာကတော့ တော်တော်ကို နှမျောစရာကောင်းတဲ့ ဆုံးရှုံးမှုကြီး တရပ်ပါပဲ”
ဂျိမ်းစ်လွမ်းဒေါင် (နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့)
“သူက အမျိုးသား တော်လှန်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ခေါင်းဆောင်ကောင်း တယောက် ဖြစ်တဲ့အတွက်ကြောင့် အလွန်တရာ နှမျောဘွယ်ရာ ကောင်းတဲ့ ဆုံးရှုံး နစ်နာမှုပါပဲ”
ဗိုလ်ချုပ် ဘီထူး (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ)
“ဒါက နအဖရဲ့ လုပ်ဆောင်ချက်လို့ပဲ ထင်တာပဲလေ။ သူ ဆုံးတယ်ဆိုတာက နစ်နာတာ အများကြီး ရှိတာပေါ့။ သူက ကျနော်နဲ့ အရမ်းခင်တဲ့လူလေ။ သူက ကေအန်ယူ ဥက္ကဋ္ဌ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိတာ။ ကျနော်ကတော့ သူ ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်၊ မှန်းထားတာလေ။ နအဖ နဲ့ ရင်ဆိုင်တဲ့နေရာမှာ ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောလို့ရတယ်။ လူမျိုးစုအားလုံး ကိုယ်စားပေါ့။ ပြည်ပမှာသော် လည်းကောင်း၊ ပြည်တွင်းမှာသော် လည်းကောင်း လူမျိုးစု အားလုံးအတွက်ပေါ့။ ကျနော်ကတော့ ကေအန်ယူက လွယ်လွယ်နဲ့ အလျှော့ပေးမယ်လို့ မထင်ဘူး။ လူငယ်တွေ အများကြီးကိုး”
ဒေါက်တာရွှေခါး (နိုင်ငံခြားရေး တာဝန်ခံ၊ ချင်းအမျိုးသားတပ်မတော်)
“ကျနော် ဒီသတင်းကြားတော့ အရမ်း တုန်လှုပ် ခြောက်ခြားမိတယ်။ ဒီကိစ္စက ကေအန်ယူအတွက် တကယ့်ကို ဆုံးရှုံးမှုကြီး တခုပေါ့နော်။ ဒီကိစ္စမှာ ရန်သူ နအဖ ရဲ့ လက်ချက်ကတော့ မကင်းလွတ်ဘူးလို့ မြင်တယ်။ ကေအန်ယူအတွက်သာ မဟုတ်ဘူး၊ တိုင်းရင်းသား ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် တကယ့်ကို မဟာဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ လုပ်ကြံတဲ့ ရည်ရွယ်ချက်ထဲမှာ ဒီတော်လှန်ရေးကြီးကို အင်အား လျော့နည်းသွားအောင် လုပ်တာလည်း ပါနိုင်တယ်”
ရဲဘော် သံခဲ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)
“ကျနော်မြင်တဲ့ ဖဒိုမန်းရှာက အင်မတန်မှ အရည်အချင်းရှိတဲ့ နိုင်ငံရေး၊ တော်လှန်ရေး သမားကောင်း တယောက် ဖြစ်ပါတယ်။ သူဟာ ကရင့်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သလို ကရင်အမျိုးသားတွေရဲ့ တကယ့်ကို အာဇာနည်တဦးလည်း ဖြစ်ပါတယ်။ ကျနော်သိသမျှ တော်လှန်ရေးသမားတွေထဲမှာ တကယ့်ကို စစ်စစ်မှန်မှန်နဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေးအတွက် အရည်အချင်းရှိရှိ၊ အင်မတန်မှ အလုပ်တွေ ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ ဒီလို အာဇာနည်တယောက် ဆုံးရှူံးသွားတယ်ဆိုတာ ကြားသိရတာဟာ ကျနော်တို့ အားလုံးအတွက် နှလုံးမသက်မသာဖွယ်ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ကြံခံရမှုကြောင့် ကျဆုံးသွားတဲ့ ဖဒိုမန်းရှာ လိုချင်တဲ့ အမျိုးသားရေးတွေ၊ ဒီမိုကရေစီအရေးတွေဟာ ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီလို လုပ်ကြံမှုမျိုးတွေနဲ့လည်း လွတ်မြောက်ရေး တိုက်ပွဲတွေ ရပ်သွားမှာ မဟုတ်ဘူးဆိုတာ မဟုတ်မဟတ်လုပ်ကြံတဲ့ လူတွေကို ဒီနေရာက ပြောချင်ပါတယ်။
ဒီဘက်က တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့ သတင်းတွေက ထွက်နေတာ ကြာပြီဗျ။ သို့သော်လည်း ဒီဒေသမှာ သတင်းပေးတွေ၊ ရန်သူ့ဘက်က လူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေး သတိကတော့ ကျနော်တို့အနေနဲ့ အမြဲမပြတ် ရှိနေဖို့ လိုအပ်တယ်။ ဖဒိုမန်းရှာက အခုလို လုပ်ကြံခံရတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေ အပေါ်မှာ တော်လှန်ရေး သတိတွေ ပိုပြီးရှိကြဖို့ အသက်နဲ့ရင်းပြီး ပညာပေးသွားတယ်ဆိုတာ ကျနော်တို့ အနေနဲ့ပြောရင် ပြောလို့ ရနိုင်ပါတယ်”

No comments: