Wednesday, February 20, 2008

ရလလဖ ခေါင်းဆောင်များ အဖမ်းခံရ

နေသွင်
ချင်းမိုင်။ ။ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့က ဆီဆိုင်မြို့ကို ဝင်ရောက် စီးနင်းပြီးနောက် ငြိမ်းချမ်းရေး ရယူထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားလိုက်သည်။
တောပြန်လည်ခိုသွားသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး (ရလလဖ) အဖွဲ့ကွဲ တခုဖြစ်သော ဗိုလ်မှူးသူရိန် ဦးဆောင်သော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇း၃ဝ တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ရုံးနှင့် ခြေမြန်တပ်ရင်း ၄၂၃ တပ်စခန်း တခုကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ စစ်ဘက် လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သည်။
ထို့နောက် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးက ရလလဖ ခေါင်းဆောင် (၃) ဦးဖြစ်သော ဥက္ကဌ-တာကလယ်၊ ဒု-ဥက္ကဌ ခွန်စိန်ရွှေနှင့် နိုင်ငံရေးမှူး ဦးစိုးအောင်လွင်တို့ကို နောက်တနေ့တွင် တောင်ကြီးရှိ အရှေ့တောင်တိုင်း ဌာနချုပ်တွင် ခေါ်ယူ ထိန်းသိမ်းလိုက်သည်ဟု ငြိမ်းချမ်းရေးအဖွဲ့ သတင်းရပ်ကွက်အရ သိရသည်။
ထို့နောက် တောင်ကြီးမြို့ပေါ်ရှိ ရလလဖ ရုံးကိုလည်း စစ်ဘက်ရေးရာ လုံခြုံရေးက စောင့်ကြပ်နေပြီး တယ်လီဖုန်းလိုင်းများ ဖြတ်တောက်လိုက်သည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ နောက်သို့ ခမရ ၄၂၃ တပ်က စစ်ကြောင်း (၂) ကြောင်းနှင့် လွိုင်ကော် အခြေစိုက် ဒေသ ကွပ်ကဲရေး စခန်းမှ စစ်ကြောင်း (၂) ကြောင်းတို့ လိုက်လံ တိုက်ခိုက်လျှက် ရှိသည်ဟု စစ်ရေးသတင်း ရပ်ကွက်က ပြောသည်။

No comments: