Wednesday, February 27, 2008

မန္တလေး ရတနာပုံဈေး မီးလောင်




မဇ္ဈိမသတင်းဌာန

ချင်းမိုင်။ ။ မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေး ပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်းနှစ်ကြိမ် မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။
မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီ လောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာ နေရာ တွင် ရောက်ရှိနေသူ တဦးက ပြောသည်။
ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။
ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။
မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။
“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT parkကွန်ပြူတာ ဈေး၊ Skywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်း များစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေး ပို့သည်။
စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။
ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။
မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
မန္တလေးမြို့ ရတနာပုံဈေးတွင် တင်္နလာနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်က မီးလောင်ရာ မီးခိုးလုံးများ ထိုးတက်နေစဉ်။ ဓာတ်ပုံ- နေးတစ်မြန်မာဖိုရမ်။

No comments: