Friday, February 1, 2008

မတရားမှု ဖော်ထုတ်သူတဦး ကွယ်လွန်

ထိန်လင်း၊ မောင်ဒီး
နယူးဒေလီ။ ။ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်က ကာကွယ် ဖြေရှင်းပေးသူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်သန်းထွန်းသည် ယခုလ ၂၉ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့သည်။
ရခိုင်ပြည်နယ် ဒေသခံများအပေါ် အာဏာပိုင်များ၏ အဓမ္မ လုပ်အားစေခိုင်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေသခံများဘက်မှ ရပ်တည်ကာ အကာအကွယ်ပေး ဖြေရှင်းလေ့ရှိသော တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်သန်းထွန်းသည် ၅၁ နှစ်အရွယ်တွင် လူကြီးရောဂါနှင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
သူသည် တောင်ကုတ်မြို့နယ်အတွင်း၌ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဒေသခံများကို အာဏာပိုင်များမှ အခမဲ့ လုပ်အားစေခိုင်းခြင်း၊ ဒေသအခြေစိုက် နအဖ တပ်များက အတင်းအကျပ် အုတ်ဖုတ်ခိုင်းခြင်း စသည့် အဓမ္မ လုပ်အားပေးခိုင်းမှုများကို ဒေသခံများကိုယ်စား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုသို့ ဆက်သွယ် တိုင်ကြားခဲ့သဖြင့် လုပ်အားပေးစေခိုင်းသူ အာဏာပိုင်များ ရာထူးမှ ဖယ်ရှားခံရသည်အထိ ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဦးအောင်သန်းထွန်းသည် အောင်လံမြို့နယ် ငပျင်းရွာတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းရာတွင် ဦးဝင်းလွင် သေဆုံးခဲ့သည့် အမှုကို အိုင်အယ်အိုသို့ စာတင် တိုင်ကြားခဲ့သေးသဖြင့် မျက်မုန်းကျိုးနေသည့် အာဏာပိုင်တချို့က ဖမ်းဝရမ်းထုတ်ကာ လိုက်လံ ဖမ်းဆီးမှုကြောင့် ရမ်းဗြဲကျွန်းသို့ ရှောင်တိမ်း ပုန်းခိုခဲ့ရသေးသည်။
ယခုလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်တွင် အခိုင်အမာ ရပ်တည်လေ့ရှိသူ ကွယ်လွန်သွားသည့်အပေါ် ဒေသခံများက စိတ်မကောင်း ဖြစ်နေကြပြီး သူ၏ ကူညီ ဆောင်ရွက်ပေးမှုများကို ပြန်လည် ပြောဆိုနေကြသည်ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။
မြို့နယ် အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်သိန်းအောင်ကလည်း “သူ့လို လူတယောက် ဆုံးသွားတာ ဝမ်းနည်းစရာပဲဗျာ။ သူ့အသက် ဆုံးသွားသည်အထိ သူ့လုပ်ရပ်တွေက ဂုဏ်ယူစရာတွေပါပဲ။ လူ့အခွင့်အရေးအတွက် ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ တယောက် အခုလို ဆုံးသွားတော့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်” ဟု ပြောသည်။
ဦးအောင်သန်းထွန်းသည် ၁၉၈၈ ခုနှစ်မတိုင်မီက ကျောက်တော်မြို့နယ်တွင် သစ်တော ဦးစီးအရာရှိ ရာထူးဖြင့် အစိုးရအလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်လာသောအခါ တောင်ကုတ် ပြည်သူများကို ဦးဆောင်ကာ အာဏာရှင် အစိုးရကို တိုက်ပွဲဝင်ခဲ့သဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်လာခဲ့သည်။
ကွန်လွန်ချိန်တွင် ဇနီးသည်နှင့် သား ၂ ဦး၊ သမီး တဦး ကျန်ရစ်ခဲ့သည်။

No comments: