Wednesday, February 20, 2008

တာချီလိတ်အနီး ဗုံး ၄ လုံး ပေါက်ကွဲ

ဖနိဒါ
ချင်းမိုင်။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း၌ ထိခိုက်ဒဏ်ရာရခြင်း မရှိသော ဗုံး ၄ လုံး ပေါက်ကွဲမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
တာချီလိတ်မြို့ အရှေ့ဘက် ၁ဝ မိုင်ကျော် အကွာတွင် တည်ရှိသော မိုင်းဖုန်းကျေးရွာအုပ်စု (က) ရှိ ပါရာဒိုက်ဟိုတယ်နှင့် အနီးတဝိုက်တွင် ယမန်နေ့ နံနက် ၂ နာရီ ၄ဝ မိနစ်ခန့်က ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး နောက်ထပ် ၅ မိနစ်ခြားစီ ဆိုသလို အဆိုပါ နေရာနှင့် မလှမ်းမကမ်းတွင်လည်း ဗုံး ၃ လုံး ထပ်မံ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာ ဒေသအနီးတွင် နေထိုင်သူတဦးက “မနက်ပိုင်းမှာ ဟိုတယ်ဝင်းထဲမှာ အရင် ပေါက်တယ်။ ၅ မိနစ်စီခြားမှာ နောက်ထပ် ၃ လုံး ပြန်ပေါက်တယ်။ လူသေတာတော့ မရှိဘူး” ဟု သူ ကြားသိရပုံကို မဇ္ဈိမကို ပြောပြသည်။
ယနေ့ထုတ် နအဖ စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင် ပါရဒိုက်ဟိုတယ် အလုပ်သမားအဆောင်တွင် တလုံး၊ အဆိုပါနေရာနှင့် ပေ ၁ဝဝ ခန့်အကွာရှိ ရွှေမြန်မာ လက်ဖက်ရည်ဆိုင် အနီးတွင် တလုံး၊ လက်ဖက်ရည်ဆိုင်၏ မြောက်ဘက် ပေ ၃ဝဝ ခန့်ရှိ သစ်ပင်ခြေရင်းတွင် တလုံးနှင့် သစ်ပင်၏ အနောက်ဘက် ကိုက် ၁၅ဝ ခန့်အကွာ ကိုင်းတောအတွင်း၌ တလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ဆက်လက်၍ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် လိုအပ်သည်များကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ရေးသားထားသည်။
ယခုနှစ်အတွင်း နိုင်ငံတဝှမ်း ဗုံးများ ပေါက်ကွဲခဲ့ရာတွင် ယခုတကြိမ်သည် ၄ ကြိမ်မြောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယခင်လက ပျဉ်းမနား နေပြည်တော်၊ ပဲခူးတိုင်း ဖြူးမြို့နှင့် ရန်ကုန်မြို့ ဘူတာရုံ အစရှိသည့် နေရာများတွင် ဗုံးများ ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးကာ အမျိုးသမီး ၄ ဦးနှင့် ကလေး ၁ ဦး ဒဏ်ရာ ရခဲ့သည်။

No comments: