Thursday, February 28, 2008

မြန်မာနေးရှင်း အယ်ဒီတာချုပ်ကို ပုဒ်မတပ် အရေးယူပြီ

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ မြန်မာအာဏာပိုင်များ သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းတွင် ထိမ်းသိမ်းထားသော မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ်နှင့် ရုံးအုပ်ချုပ်ရေးမှူးတို့အား ယခုလ ၂၅ ရက်နေ့က တရားမဝင် ပုံနှိပ်မှုဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။
သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းတွင် ၁၅ ရက်ကြာ ထိမ်းသိမ်းထားသော သူတို့နှစ်ဦးအား စစ်ဆေး မေးမြန်းပြီး နောက် ပုံနှိပ် အက်ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၇၊၂ဝ တပ်၍ တရားစွဲဆိုကာ ၂၅ ရက်နေ့ ညနေပိုင်းတွင် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
“သင်္ကန်းကျွန်းမှာတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ကစစ်ဆေးတယ်၊ နောက်တော့ ပုံနှိပ် အက်ဥပဒေနဲ့ တရားစွဲထားတာဘဲ သိတယ်၊ သူတို့ တွေ့ထားတာက မစ္စတာ ပီညဲရိုး အစီရင်ခံစာ၊ ဦးရွှေအုံးရေးတဲ့ မပြိုကွဲနိုင်သော ပြည်ထောင်စု ဆိုတဲ့ စာအုပ်ရယ်၊ သံဃာတော်များ ဆန္ဒပြ စီဒီအချပ် တွေကြောင့်လို့ ပြောတယ်” ဟု ဦးသက်ဇင် ၏ ဇနီး ဒေါ်ခင်ဆွေမြင့်က မဇ္ဈိမကို ယမန်နေ့က ပြောသည်။
သူက ဆက်ပြီး “သင်္ကန်းကျွန်း ရဲစခန်းမှာ ရမန်တပတ် ယူလိုက်တာ ၁၄ ရက်ပေါ့လေ။ ရမန်ရက်တော့ မပြည့်သေးဘူး။ လာမယ့် ၂၉ ရက်နေ့မှာ ပြည့်မယ်။ မနေ့ (တနင်္လာနေ့) ကတော့ လူကို အင်းစိန်ထောင် ရွှေ့ထားလိုက်တယ်။ ထောင်ရွှေ့တဲ့နေ့က အဝတ်တထည် ကိုယ်တခု ဆိုတော့ ဒီနေ့ (အင်္ဂါနေ့) ကျမ ပါဆယ် သွားပို့တယ်။ ကိုသက်ဇင်က ကျန်းမာရေးလည်း ကောင်းတယ်၊ စိတ်ဓာတ်ရေးရာလည်း ကောင်းပါတယ်လို့ ကျမကို ပြောပါတယ်” ဟု ပြောသည်။
ထို့အပြင် မြန်မာနေးရှင်း ဂျာနယ် ထုတ်လုပ်ခြင်းကိုပါ ရပ်ဆိုင်းခိုင်းသည့်အတွက် ဂျာနယ်တိုက်မှ ဝန်ထမ်းပေါင်း ၃ဝ ကျော်မှာ အလုပ်လက်မဲ့ ဖြစ်သွားသည့်အပြင် မိသားစုများ၏ စားဝတ်နေရေး ပြဿနာများ ရင်ဆိုင်လာရသည်။
ဒေါ်ခင်ဆွေမြင့်က “သတင်းထောက်တွေကိုတော့ သတင်း ဆက်လိုက်ခိုင်းတယ်။ တခြားဂျာနယ်တွေမှာ ထည့်နိုင်အောင်၊ ကြိုးစား လုပ်ပေးမယ်ပေါ့။ ဒါလည်း မလွယ်ပါဘူး။ ကျမ စိတ်မကောင်းတာက ဝန်ထမ်းတွေ အလုပ်မရှိတော့ သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေ ဒုက္ခ ရောက်ရတာပဲ။ ဒီမှာက စားဝတ်နေရေးက တော်တော်ကျပ်တဲ့ အချိန်ဖြစ်တယ်” ဟု ပြောသည်။

No comments: