Wednesday, February 13, 2008

စစ်တပ်ကြီးစိုးရေး အစဉ်ထူထောင်နေဟု ၀ါရင့် ချင်းအမတ် ဝေဖန်

မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ နိုင်ငံတော် အာဏာကို စစ်တပ်မှ ထိန်းချုပ်ရေးကိုသာ စစ်အစိုးရ အနေဖြင့် “တစိုက်မတ်မတ် လုပ်ဆောင်နေ” ကြောင်းနှင့် ပြည်ထောင်စုစနစ်ကို အကောင်အထည် မဖော်ကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တဦးက ယနေ့တွင် ဗြောင်ဝေဖန် ပြောကြားလိုက်သည်။
မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်းဖေလိန်းက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်သော မေလအတွင်း အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည်ဆိုသော ကြေညာချက်ကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“စစ်အာဏာပိုင်များသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး တန်းတူညီမျှရေးကို အသိအမှတ် ပြုသည့် စစ်မှန်သော ပြည်ထောင်စု စနစ်ကို အကောင်အထည် မဖော်ရုံမျှမက ပြည်ထောင်စု၏ အနှစ်သာရဖြစ်သော ပင်လုံမူ၊ ပင်လုံ စိတ်ဓါတ်တို့မှ လုံးဝ ကင်းကွာလျှက် ရှိနေပါသည်။” ဟု ဦးရှိန်းဖေလိန်းက သူ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ယနေ့သည် ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားများ အတူတကွ ပူးပေါင်းနေထိုင်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအရေး အာမခံချက်ပေးသည့် စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ကြရာ ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။
“အခုသူတို့က ဇွတ်လုပ်နေတဲ့ဥစ္စာ။ မဆလခေတ်ကလည်း ကျနော်တို့ ကြုံခဲ့တာပဲ။ စစ်ကောင်စီပဲ လုပ်တာပဲ။ သူတို့ဟာနဲ့ သူတို့ လုပ်ချင်တဲ့ဟာ လူထုဆန္ဒကို မမေးဘူး။ အရင်ကတည်းက ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မင်းတပ်မြို့နယ် ကိုယ်စားလှယ်အနေနဲ့ အရင်ကတည်းက တင်ပြခဲ့တာ ရှိတယ်။ အဲဒီတွေကို လျစ်လျူရှုတယ်။ အမျိုးသားညီလာခံ လုပ်တဲ့အချိန်မှာ ကျနော်လိပ်စာတွေ ဘာတွေတောင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကျနော်ကိုယ်တိုင် လိပ်စာသွားပေးတာ။ နောက်တော့ ပါတီကိုလည်း ဖျက်၊ လူထု ကိုယ်စားလှယ်ကို ဖျက်၊ သူတို့ ကြိုက်တဲ့လူတွေကို ရွေးပြီး လူထု ကိုယ်စားလှယ်လိုလို လုပ်တာပဲ။” ဟု ရန်ကုန်မြို့တွင် ရောက်ရှိနေသော အသက် ၇၁ နှစ်အရွယ် ဦးရှိန်ဖေလိန်းက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောပြသည်။
ထို့အပြင် သန့်ရှင်းမှန်ကန်သော ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲများ ဖြစ်မည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေးပါတီက အနိုင်ရလျှင်လည်း အာဏာ လွဲပြောင်းမည်ဟု “လုံးဝ (လုံးဝ)” မယုံကြည်ဟု ပြောသည်။
ဦးရှိန်ဖေလိန်း ကိုယ်ရေးအကျဉ်းဥက္ကဌ - ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် မင်းတပ်မြိုနယ်မှ ၀င်အရွေးခံရာ ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဝေဖန်မှုဖြင့် ၁၉၇၂ ခုနှစ် အောက်တိုဘာ ၃၀ တွင် အဖမ်းခံရပြီး ၁၉၇၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လွှတ်ခဲ့သည်။

No comments: