Friday, February 1, 2008

တတိယမြောက် သတင်းစကား (ဆောင်းပါး)

နေသွင်
အထူးသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ စစ်အစိုးရမှ နောက်ထပ် အာရုံလွှဲစရာ နည်းလမ်းအားလုံးကို ဒေါ်အောင်ဆန်းစုကြည်၏ မနေ့က စကားတခွန်းဖြင့် ခြေဖျက်လိုက်သည်။
မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်စကားကို နှစ်ပေါင်း ၆၁ အကြာတွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်ကြားရပြန်သည်။ မြန်မာ့သမိုင်းတွင် ထပ်မံ၍ အရေးကြီးသော အချိုးအကွေ့တခုကို မကြာမီ မြင်တွေ့ရမည့် တပ်လှန့်မှု ဖြစ်သည်။ ထက်မြက်သော လူထုခေါင်းဆောင်၏ သတင်းစကားသည် စစ်အစိုးရ၏ လှည့်ကွက်အတိုင်း လက်ရှိ တွေ့ဆုံ ဆွေးနွေးပွဲများအပေါ် စိတ်ကူးယဉ်နေသူများကိုလည်း ထိတ်လန့်သွားစေမည် ဖြစ်သည်။
အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ယမန်နေ့က တွေ့ဆုံစဉ် နေအိမ် အကျယ်ချုပ်ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်က ‘အကောင်းဆုံးကို မျှော်လင့်ပါ၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ’ ဟု သမိုင်းဝင် သတင်းစကား ပါးလိုက်သည်။ လွတ်လပ်ရေးအတွက် လူထုတိုက်ပွဲ အရှိန်မြှင့်ချိန်၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလအတွင်းက အင်္ဂလိပ် နန်းရင်းဝန်နှင့် မြန်မာပြည် လွတ်လပ်ရေးအတွက် လန်ဒန် ဆွေးနွေးပွဲသို့ သွားရောက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော ‘အကောင်းဆုံး အတွက် ပြင်ဆင်ထားပါတယ်။ အဆိုးဆုံးအတွက်လည်း ရင်ဆိုင်ဖို့ အသင့်ပါ’ ဟူသော ပြောကြားချက်ကို ပြန်ပြောင်း အမှတ်စေသည်။
ငြိမ်ချမ်းရေး နိုဘယ်ဆုရှင်၏ ယခု သတင်းစကားသည် စက်တင်ဘာ အရေးတော်ပုံနောက်ပိုင်း တတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ်သည် စက်တင်ဘာ အရေးတော်ပုံကို ထောက်ခံကြောင်း ပြသသည့် အနေဖြင့် မိုးထဲလေထဲတွင် သံဃာတော်များအား ခြံတံခါးဝမှ ဖူးမျှော် ကန်တော့ခဲ့ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်မှာ မစ္စတာ ဂမ်ဘာရီမှတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းကြည်၏ သံတမန်ဆန်ဆန် ဒုတိယမြောက် သတင်းစကားအပေါ် အမျိုးမျိုးသော အဓိပ္ပာယ် ကောက်ခဲ့မှုများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အနစ်နာခံမှုနှင့် နိုင်ငံရေး အရှိန်အဝါကြောင့် တရားဝင် ထုတ်မပြောကြသော်လည်း စိုးရိမ်မကင်း စောင့်ကြည့်မှုများ ရှိခဲ့သည်။ ပြောစရာရှိလျှင် ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ့အနေနှင့် နိုင်ငံရေး ပရိယာယ်ဆိုသည့် စကားလုံးကို မယုံကြည်ကြောင်း မိန့်ခွန်းတခုတွင် ပြောကြားဖူးသည်။ သူ၏ ကဗျာဆန်ဆန် စာသားတခုတွင်လည်း - “တကယ်လို့ငါက သူတို့ထက်တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးနိုင်လျှင် ငါလုပ်တဲ့အလုပ် အောင်မြင်ပါစေ၊ တကယ်လို့သူတို့က ငါ့ထက်တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးနိုင်လျှင် သူတို့လုပ်တဲ့အလုပ် ပိုပြီးအောင်မြင်ပါစေ” ဟု ရေးသားထားသည်။
လူထုခေါင်းဆောင်သည် တဦးတယောက်၊ အဖွဲ့အစည်းတခုထဲကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရည်ရွယ်ကြောင်း၊ အရေးကြီးသော အချိန်တွင် နည်းမှန်လမ်းမှန်နှင့် မယိမ်းမယိုင် ဦးဆောင်နိုင်ကြောင်း မနေ့က ပြောလိုက်သော စကားက နောက်ထပ် သက်သေတခု ဖြစ်သည်။
မြန်မာပြည်၏ လက်ရှိအနေအထားသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် လုံးဝ လွတ်လပ်ရေးအတွက် တတိုင်းပြည်လုံးတွင် စည်းလုံးညီညွတ်နေခဲ့သော ၁၉၄၇ ခုနှစ်က အခြေအနေနှင့် မနှိုင်းယှဉ်သာသော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေး နိုးကြားမှု အရှိဆုံး ကာလတခုအဖြစ် သတ်မှတ်နိုင်သည်။ ပထမ လွတ်လပ်ရေး တိုက်ပွဲကာလတွင် ကိုလိုနီအစိုးရ အဆက်ဆက် လက်အောက်၌ နာကျည်းခံစားခဲ့ရသော လူထုနည်းတူ စစ်အစိုးရအဆက်ဆက် အောက်မှ လူထုလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ငတ်မွတ်နေကြသည်။ ကွာခြားချက်မှာ အင်္ဂလိပ်ကိုလိုနီ လက်အောက်တွင် နိုင်ငံရေး စုရုံးခွင့်နှင့် ဆန္ဒဖော်ထုတ်ခွင့် ရရှိခဲ့သော်လည်း လက်ရှိ စစ်အစိုးရ လက်ထက်တွင် အခြေခံ အခွင့်အရေး တောင်းဆိုသူများ အနေနှင့် အသက်စွန့်ကြရမည့် အခြေအနေ ဖြစ်သည်။
အန်အယ်ဒီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အား ဒုတိယအကြိမ် တွေ့ဆုံခွင့် ပေးလိုက်ခြင်းသည် စစ်အစိုးရဘက်က ပြည်တွင်းပြည်ပ ဖိအားအပေါ် ထွက်ပေါက်ရှာခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့ကိုယ်တိုင် လစ်ဟာသွားချက်မှာ ထက်မြတ်သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအမြင် ကြည်လင်မှုအပေါ် လျှော့တွက်လိုက်ခြင်း ဖြစ်သဖြင့် နောင်တရ၍ ဆုံးမည် မဟုတ်ပါ။ သင့်တော်သောအချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောဆိုလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ စကားသည် စစ်အစိုးရ၏ လှည့်စားမှု အားလုံးကို ဖွင့်ချပြလိုက်ခြင်းလည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တွေ့ဆုံ ဆွေးနွေးရေးသည် အလုပ်ဖြစ်မည့်ပုံ မရကြောင်း၊ စစ်အစိုးရ၏ နောက်ထပ် ထောင်ချောက်များကို မြင်နေကြောင်း ဖွင့်ဟမှုအပေါ် စစ်အစိုးရဘက်က ဒေါသတကြီး တုံ့ပြန်နိုင်ဖွယ် ရှိသည်။ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်သော ယခင်က ဝေဖန်ချက်များအပေါ် လျစ်လျူရှုနိုင်သော်လည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် စစ်အစိုးရအနေဖြင့် အရှိုက်ထိုးခံရခြင်းပင် ဖြစ်သည်။ ရလဒ်အဖြစ် စစ်အစိုးရ အနေဖြင့် ယခု အခြေအနေကို အပြောင်းအလဲ လုပ်မည်လား၊ သို့တည်းမဟုတ် တွေ့ဆုံဆွေးနွေးမှုကို လုံးဝ ရပ်တန့်ပစ်လိုက်မည်လား ဟူသော လမ်းနှစ်လမ်းအနက် တလမ်းကို မကြာမီ ရွေးတော့မည် ဖြစ်သည်။ သေချာသော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ စကားအပေါ် စစ်အစိုးရဘက်က ထိပ်တိုက်တွေ့ရေး၊ အလုံးစုံ ပျက်သုဉ်းရေး စသည်ဖြင့် စွပ်စွဲချက်များကို ပြန်လည်ချေပဖွယ်ရှိပြီး မူလစရိုက် သဘာဝအရ ဖိနှိပ်မှုများဖြင့် ပြတ်ပြတ်သားသား တုံပြန့်လာဖွယ်လည်း ရှိသည်။
စစ်အစိုးရအတွက် နောက်ထပ် အရှိုက် ထိုးခံလိုက်ရသော ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား အင်အားစု ကိုယ်စားလှယ်ကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းဆီ ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းဖိတ်ခေါ်မှုသည် မြန်မာပြည်၏ ရှည်တောင့်ရှည်ကြာ ပြဿနာ ဖြေရှင်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြောလေ့ရှိသော သက်ဆိုင်သူများ အားလုံး ပါဝင်သော အဖြေရှာရေး နည်းလမ်းလည်း ဖြစ်သည်။
နောက်ထပ် တိုက်ဆိုင်လွန်းသည့် အချက်မှာ စက်တင်ဘာ အရေးတော်ပုံ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့တပ်တွင်းမှ ထိပ်တန်း ခေါင်းဆောင်များအား ‘အကောင်းဆုံးအတွက် ပြင်ထားပါ။ အဆိုးဆုံးအတွက် ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြပါ’ ဟု ပြောဆိုထားခြင်းပင် ဖြစ်သည်။

No comments: