Monday, February 11, 2008

ကရင်နီတပ်ဖွဲ့ဝင် ၁၁ ဦး ကို ထိုင်းက ဖမ်းဆီး

သန်းထိုက်ဦး
ချင်းမိုင်။ ။ ထိုင်းနယ်မြေ အတွင်းသို့ နယ်မြေကျူးကျော် ဝင်ရောက်လာသည့် ကရင်နီတပ်ဖွဲ့ဝင် ၁၁ ဦးအား ဗုဒ္ဓဟူးနေ့က ထိုင်းနယ်ခြားစောင့် တပ်သားများက ဖမ်းဆီးလိုက်သည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဟွေ့ခီကျေးရွာအနီး ဒုတပ်ခွဲမှူး ညင်းရယ် အပါအဝင် တပ်ဖွဲ့ဝင် ၁၁ ဦးအား ၉ မမ ပစ္စတိုတလက်၊ စကားပြောစက် ၃ လုံးနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဖမ်းဆီးကာ အချုပ်ထောင်ကြီးတွင် ထိန်းသိမ်းထားသည်။
“သူတို့ ထင်တာက မူးယစ်ဆေးဝါးသယ်တဲ့ အဖွဲ့လို့ ထင်တယ်လို့ သူတို့ ပြောတယ်လေ။ အဲဒါ သူတို့သွားတော့ ကျဉ်ဆံတွေ သေနတ်တွေပါတော့ ဖမ်းတယ်လေ။ အဲဒါပါပဲ” ဟု ကရင်နီ တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “စခန်းက နှစ်ခုရှိတယ်လေ။ ဒီ တောင်ပိုင်းမှာ တခု၊ သူတို့က မြောက်ပိုင်းမှာ ရှိတယ်။ မြောက်ပိုင်းကနေပြီးတော့မှ တောင်ပိုင်းမှာ တာဝန် လာထမ်းဆောင်တယ်လေ။ တာဝန် ထမ်းဆောင်ရင်းနဲ့ အချိန်ပေးတာနဲ့ မြောက်ဘက်ကို ပြန်တက်ဖြစ်တယ်။ ပြန်တက်တော့ လမ်းမှာ အဲဒီလို အဖမ်းခံရတယ်” ဟု ပြောတယ်။
မဲဟောင်ဆောင် ရဲစခန်း တာဝန်ကျ ရဲတဦးက ကရင်နီ တပ်သားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက် ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ပြောပြသည်။
“အဖမ်းခံရတဲ့လူတွေကို ဒီနေ့ ၁၁ နာရီလောက်မှာ တရားရုံးကို ခေါ်သွားတယ်။ တရားစီရင်ချက် ဘယ်လိုချမလဲ မသိသေးဘူး။ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ပြစ်ဒဏ် ဘယ်လောက်ကျမလဲ ဆိုတာ မသိနိုင်သေးပါဘူး” သူက ပြောသည်။
ကရင်နီ တပ်သားများကို နယ်မြေကျူးကျော် ဝင်ရောက်မှုဖြင့် တဦးစနှစ်ဦးစ ဆိုသလို ယခင်ကလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးလေ့ ရှိခဲ့သည်။
ကရင်နီ တပ်မတော်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ ကယားပြည်နယ် အတွင်း၌ အခြေစိုက်ကာ စစ်အစိုးရကို တော်လှန်နေသည်။

No comments: