Wednesday, February 27, 2008

အငြင်းပွါးနေသော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံခွင့် အဆင့်အတန်း (သတင်းဝေဖန်ချက်)

ဒဲရက်တုံကင်
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင် ပြုခဲ့သောကြောင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက စင်္ကာပူတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားလိုက်သည်ဟု သတင်းများက ဆိုသည်။ မိုက်ကယ်အဲရစ်သည် ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ဤပြောကြားချက်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အချက်ကို ထင်ဟပ်ချက် တရပ်သာ ဖြစ်သည်။
အသေးစိတ် အခြေခံရမည့် မူများတွင် ပါဝင်သော ပြည်သူ့လွှတ်တော် (အမျိုးသားလွှတ်တော်) အတွက် ကိုယ်စားလှယ်လောင်း ဖြစ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို နိုင်ငံတော် သမတ ရွေးကောက်ခံခွင့် အခန်းမှာကဲ့သို့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ နောက်ဆုံးမူကြမ်းတွင် တင်းတင်းကြပ်ကြပ် ပြဌာန်းချက်များ ထည့်သွင်း ပြဌာန်းထားခြင်း မရှိပါက ဦးဥာဏ်ဝင်း၏ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသို့ ပြောကြားချက်သည် ထိုနိုင်ငံခြားရေး ဝန်ကြီးများနှင့် တကမ္ဘာလုံးသို့ ရှုပ်ထွေးမှုများ ဖြစ်စေလိမ့်မည်။
အဆိုပါ ရှိသည်ဟု ဆိုနေသော ကန့်သတ်ချက်သည် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မပါရှိပါ။ ဦးဥာဏ်ဝင်း သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရည်ညွှန်း ပြောကြားနေခြင်း ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ အဆိုပါ ဥပဒေ ပုဒ်မ။ ၇၄(၁)(က) တွင် ဤသို့ ဆိုထားသည်။ “နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ သို့တည်းမဟုတ်”။ ဤကန့်သတ်ချက်သည် ထိုအချိန်က မြန်မာနိုင်ငံတွင် အမြောက်အမြား ရှိနေကြသော ဗမာတိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားသားများ အထူးသဖြင့် လွတ်လပ်ရေး ရရှိချိန်တွင် ရှိနေကြသော အိန္ဒိယနိုင်ငံသားများကို ရည်ညွှန်းသည်ဟု ကျနော်ထင်ပါသည်။ သူတို့သည် အိန္ဒိယ လွတ်လပ်ရေးနှင့် ဆက်စပ်နေသော မူလအိန္ဒိယ တိုင်းရင်းသားများ ဖြစ်ပါသည်။
ဤအပိုဒ်ကို ၁၉၈၉ မေလ ၃၁ ရွေးကောက်ပွဲ ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။ ဤဥပဒေသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် သက်ဆိုင်ပြီး ပုဒ်မ ၁ဝ (င) အဖြစ် ပါရှိသည်။ အလားတူပင် အဆိုပါ ကန့်သတ်ချက် အပိုဒ်သည် ၃ စက်တင်ဘာ ၂ဝဝ၇ ခုနှစ်က ပြီးဆုံးသွားသည့် အမျိုးသားညီလာခံက ချမှတ်ခဲ့သည့် အသေးစိတ် အခြေခံရမည့် မူများတွင်လည်း အခန်း ၄ အပိုဒ် ၃၃ တွင် ပါရှိသည်။ ဖြစ်နိုင်သည်မှာ ထိုအပိုဒ်ခွဲ ၂ ခုကို နိုင်ငံတော် သမတရွေးအဖြစ် ရွေးကောက်ခံခြင်း အခန်းတွင် ပါရှိသည့်အတိုင်း ထပ်မံ တင်းကြပ်မှုများ ပြုလုပ်ထားလိုက်ဘွယ် ရှိပါသည်။ ထိုသမတ အခန်း၌ အခန်း ၃ ပုဒ်မ ၄ တွင် ဤသို့ ဆိုထားသည်။ “နိုင်ငံတော်သမတ ကိုယ်တိုင်နှင့် သူ၏မိဘများ၊ သားသမီးများ နှင့် အိမ်ထောင်ဘက်များသည် နိုင်ငံခြားအစိုးရ တရပ်၏ ကျေးဇူးသစ္စာကို ခံသူ၊ နိုင်ငံခြား တိုင်းပြည်တခု၏ နိုင်ငံသားသော်လည်းကောင်း နိုင်ငံခြားအစိုးရတရပ်၏ လက်အောက်ခံသော်လည်းကောင်း မဖြစ်စေရ။ ထို့ပြင် ထိုသူတို့သည် နိုင်ငံခြားတိုင်းပြည်၏ နိုင်ငံသားသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစား ခွင့်များကို ခံစားခွင့်ရှိသူ မဖြစ်စေရ”။ ဤသို့ဆိုလျှင် ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းသည် အသေးစိတ် အခြေခံရမည့် မူများကို အခြေခံ ရေးဆွဲသည် ဆိုခြင်းမှာ အလွန်ပင် ဖြစ်နိုင်ဘွယ်မရှိဟု ယူဆပါသည်။
၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပချိန်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ဝင်ခွင့်ကို အကြောင်း ၃ ခုပြ၍ ပယ်ချခဲ့သည်ဟု သိရသည်။ တခုမှာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားခြင်းကို အကြောင်းပြ၍ ပယ်ချခဲ့သည်ဟု သိရသည်။ သူမသည် “ယူနိုက်တက် ကင်းဒမ်း နိုင်ငံတွင် အကန့်အသတ်မရှိ နေခွင့် ရရှိထားသည်။ မဲပေးခွင့်မှအပ ဗြိတိသျှနိုင်ငံသားတဦး ခံစားခွင့်ရှိသော အခြား ကျေးဇူးခံစားခွင့် အားလုံးကို ခံစားခွင့်ရှိသူ ဖြစ်သည်။” (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အခန်းကဏ္ဍ - ဗိုလ်မှူးကြီး လှမင်း စာ ၅၃၊ ၂၈ ကြိမ်မြောက် တည်းဖြတ်ခြင်း၊ ၁၉၉၄ ခုနှစ် ဧပြီလ)။ အကယ်၍သာ ထိုအချိန်က သူတို့အနေနှင့် ယူနိုက်တက်ကင်းဒမ်း အာဏာပိုင်များနှင့် ဆက်သွယ်မေးမြန်းခဲ့မည် ဆိုပါက ဗြိတိသျှနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့် မြန်မာနိုင်ငံသားတဦး ဖြစ်သော ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် မဲပေးခွင့်အပြင် အခြားနိုင်ငံသားတဦး ခံစားခွင့်ရှိသော အခွင့်အရေးများ မရရှိနိုင်ပုံ စာရင်းရှည်ကြီး တခုကို ရရှိပါလိမ့်မည်။ သူမသည် ဒေသန္တရဆိုင်ရာ၊ နိုင်ငံလုံးဆိုင်ရာနှင့် ဥရောပသမဂ္ဂ ရွေးကောက်ပွဲများတွင် မဲပေးခွင့် မရှိ၊ အဆိုပါ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းတဦး အနေဖြင့်လည်း ဝင်ရောက် ရွေးကောက်ခံပိုင်ခွင့် မရှိ၊ ဒေသန္တရနှင့် ဗဟိုအစိုးရ ရုံးဌာနများတွင် အမြဲတမ်း ဝန်ထမ်းအဖြစ်လည်း ခန့်ထား ခံပိုင်ခွင့်မရှိ၊ လက်နက်ကိုင် တပ်ဖွဲ့များသို့ ဝင်ရောက်ခွင့်မရှိ၊ ထောက်လှမ်းရေးနှင့် အခြားလုံခြုံရေး အေဂျင်စီများတွင် လုပ်ကိုင်ခွင့် မရှိ၊ နိုင်ငံရပ်ခြားတွင် ဗြိတိသျှ ကောင်စစ်ဝန် ရုံးများ၏ အကာအကွယ်နှင့် ကူညီမှုကို ရယူခံစားပိုင်ခွင့် မရှိ။ ထို့ပြင် သူမ၏ မြန်မာနိုင်ငံကူး လက်မှတ်တွင် ဗီဇာမပါဘဲနှင့် အခြား ဥရောပနိုင်ငံများသို့ သွားရောက်ခွင့်လည်း မရှိပါ။ လူမှုဖူလုံရေး ခံစားခွင့်၊ ဆေးဝါး ကုသခွင့်၊ ပင်စင် အခွင့်အရေး ခံစားခွင့်တို့အပြင် အခြား ဆက်နွယ်နေသော နိုင်ငံတော်က ပေးအပ်သည့် အခွင့်အရေးများကို ယူကေတွင် နေထိုင်သည့် “နိုင်ငံခြားသား” တဦး မခံစား မရယူနိုင်သည့် အခွင့်အရေး တပုံတခေါင်းကြီး ရှိပါသည်။ ကန့်သတ်ချက် များစွာ ရှိပါသည်။ ထို့ပြင် ဘဏ်စာရင်း ဖွင့်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း၊ အထူးသဖြင့် နိုင်ငံတော်၏ “အမျိုးသားစုငွေ” ဆိုသည့် အမျိုးအစားများအတွက် “နိုင်ငံခြားသား” များအပေါ် နောက်ထပ် လိုအပ်ချက်များ ကန့်သတ် ဖေါ်ပြထားသည်တို့လည်း ကျန်ပါသေးသည်။
အမှန်စင်စစ် ဤကိစ္စနှင့် စပ်လျဉ်း၍ ယူကေ အာဏာပိုင်များက သာလျှင် တိတိကျကျ ပြောဆိုနိုင်ပါလိမ့်မည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ယူကေနိုင်ငံသို့ ပြန်သွားခဲ့ပါက မည်သည့် အခွင့်အရေး၊ ကျေးဇူး ခံစားခွင့်တို့ကို ရယူခံစားခွင့်မရှိ ဆိုသည်ကို သံသယဖြစ်ပါက မြန်မာ အာဏာပိုင်များ အနေဖြင့် ယူကေ အာဏာပိုင်များသို့ ထိုကဲ့သို့သော အချက်များကို ရှင်းလင်း ဖေါ်ပြပေးပါရန်မေးမြန်းသင့်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အချိန်ကမျှ ဗြိတိန်နိုင်ငံသား ဖြစ်ခွင့်အတွက်လည်း လျှောက်ထားခဲ့ခြင်း မရှိ၊ သူမ၏ မြန်မာနိုင်ငံသား အဖြစ်ကိုလည်း စွန့်လွှတ်ခဲ့ခြင်း မရှိ၊ သူမ၏ မြန်မာနိုင်ငံကူး လက်မှတ်ကိုသာ ကိုင်ဆောင်ခဲ့သူ ဖြစ်သည်ဟု ကျနော် နားလည်ထားပါသည်။ ယခု ၂ဝဝ၈ ခုနှစ်တွင် သူမ၏ ယူကေနိုင်ငံတွင် နေထိုင်ခွင့်နှင့် ပတ်သက်၍လည်း ယူကေ အာဏာပိုင်များကသာ အဓိပ္ပါယ် သတ်မှတ် ဖေါ်ပြပေးနိုင်ပါသည်။ သူမသည် ၁၉၈၈ ခုနှစ်မတ်လမှ စ၍ မြန်မာနိုင်ငံတွင်သာ နေထိုင်ခဲ့သည်။ သူမ၏ ယူကေနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် အခွင့်အရေးသည် ယခုရှိသေးသလား မရှိတော့ဘူးလား ဆိုသည်ကို ကျနော် မပြောတတ်ပါ။ သူမသာ ပြန်လာမည် ဆိုပါက သူမကို အချိန်မရွေး လက်ခံကြိုဆို နေမည်သာ ဖြစ်သည်ဟုတော့ ကျနော် မျှော်လင့်ပါသည်။ သို့သော် သူမအနေဖြင့် ထုံးတမ်းစဉ်လာ လုပ်ဆောင်စရာလေးတွေကိုတော့ လုပ်ဆောင်ရန် လိုပါသေးသည်။ ထိုအရာများ အားလုံးသည်လည်း သူမအတွက်တော့ စက္ကန့် ၆ဝ လောက်ပင် မကြာနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် မုဆိုးမဖြစ်သည်မှာ ၁၉၉၉ ခုနှစ် ကတည်းက ဖြစ်သည်။ ယူကေနိုင်ငံသို့ ပြန်သွားရန် စိတ်ဝင်စားကြောင်းလည်း မပြခဲ့။ ဤသို့ဖြင့်ပင် သူမကို သူမတခါမှ ရရှိခံစားခွင့် မရှိခဲ့သော ဗြိတိသျှ နိုင်ငံသားတဦး၏ အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များ ရှိသည်ဟု စွပ်စွဲ ပြောဆိုနေခြင်းမှာ ရီစရာပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့်မရှိဟု ပယ်ချခဲ့သည့် နောက် အကြောင်းပြချက် ၂ ခုမှာ သူမ၏ ရန်ကုန်မြို့ အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း အိမ်ခြံဝင်းအတွင်း အကြမ်းဘက် သမားတဦးကို ခိုလှုံခွင့်ပေးခဲ့ခြင်းနှင့် ထိုအကြမ်းဘက်သမားနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ခဲ့သည် ဟူသော စွပ်စွဲချက်နှင့် သူမ၏ အမြဲတမ်း နေရပ်လိပ်စာကို အောက်စဖို့ဒ်မြို့ အမှတ် ၁၅ ပတ်ခ်လမ်းဟု ပေးထားခဲ့ခြင်းတို့ ဖြစ်သည်။ ထိုအချက်များသည် ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုသည်။ ပထမအချက်သည် ထိုဥပဒေ ပုဒ်မ ၁ဝ(ဇ) နှင့် ငြိစွန်းပြီး၊ ဒုတိယ အချက်သည် ထိုဥပဒေ ပုဒ်မ ၈(ခ) နှင့် ငြိစွန်းသည်ဟု ဆိုသည်။ အနိမ့်ဆုံးအားဖြင့် ယနေ့ကာလတွင် သူမ၏ အမြဲတမ်း နေရပ်လိပ်စာ၊ သူမကို အတင်းအကြပ် ပိတ်လှောင် နေခိုင်းထားရာ နေရာသည် အမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း ဆိုသည်ကို သံသယ ဖြစ်စရာ မလိုတော့ပါ။ ထို့ပြင် ထိုနေရာ၌ “အကြမ်းဘက်သမားများ” ကို နောက်ထပ် တွေ့မြင်ရရန်လည်း အလွန်ပင် ဖြစ်နိုင်ခြေ နည်းလှပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခြင်းကို တားမြစ်ပိတ်ပင်ခြင်း မခံခဲ့ရပါ။ ယခု ၂ဝဝ၈ ခုနှစ် ဆန္ဒခံယူပွဲနှင့် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတို့တွင်လည်း ဆန္ဒမဲပေးခွင့်ကို တားမြစ် ပိတ်ပင်ခြင်းခံရရန် အကြောင်း တစုံတရာ မရှိဟု ယူဆရပါသည်။
ပြည်သူ့လွှတ်တော်တွင် ရွေးချယ်တင်မြှောက် ခံပိုင်ခွင့်အတွက် အရည်အချင်း သတ်မှတ်ချက်များကို ရွေးကောက်ပွဲ ဥပဒေသစ်တွင် တိတိကျကျ သတ်မှတ် ဖေါ်ပြထားရန် လိုလိမ့်မည် ဖြစ်သည်။ အကြောင်းမူ လာမည့် ဆန္ဒခံယူပွဲတွင် အများစု မဲရပါက အတည်ဖြစ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ပြဌာန်း အတည်ပြုပေးနိုင်မည့် နေရာသည် ပြည်သူ့လွှတ်တော် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းတွင် တွေ့ရှိရသည့် အရည်အချင်း သတ်မှတ် ဖေါ်ပြချက်များ အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေတွင်လည်း သတ်မှတ် ဖေါ်ပြထားလိမ့်မည်ဟု ယူဆရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်၌ကမူ ရွေးကောက်ပွဲများ ကျင်းပချိန်တွင် အာဏာ တည်ဦးမည် မဟုတ်ပါ။
ကျနော့် နိဂုံးချုပ်ချက်မှာ ဤသို့ ဖြစ်သည်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးသည် သူ၏ လုပ်ဖော်ကိုင်ဘက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အမှုမဲ့အမှတ်မဲ့ လှည့်စားမိခဲ့ခြင်း ဖြစ်ဟန်တူသည်။ သို့တည်းမဟုတ် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ စကားသည် မည်သို့ အဓိပ္ပါယ် သက်ရောက်သည် ဆိုသည်ကို ထို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတို့ နားမလည် သဘောမပေါက်တာလည်း ဖြစ်နိုင်သည်။ မည်သို့ ဖြစ်ပျက်ခဲ့သည် ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းကို အမှန်တကယ် ပုံနှိပ် ထုတ်ဝေသော အခါမှသာလျှင် ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ပါသည်။
(ဤစာကို ရေးသားသူ ဒဲရက်တုံကင်သည် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဖြစ်ပြီး ယခုအခါ မြန်မာကွန်ရက်အဖွဲ့ Network Myanmar တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိသည်) (www.networkmyanmar.org)

No comments: