Monday, February 4, 2008

ဒီချုပ် လူငယ်တာဝန်ခံ နှစ်ဦးကို ရဲက ခေါ်သွားပြန်ပြီ

မောင်ဒီး

နယူးဒေလီ။ ။ စုံစမ်းစစ်ဆေးရန် ရှိသည်ဟုဆိုကာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဦးကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းက ခေါ်ဆောင်သွားသည်။
ဒဂုံမြို့သစ် တောင်ပိုင်းရှိ ရပ်ကွက်အမှတ် ၁၉ ၏ လူငယ်တာဝန်ခံ (၁) ကိုသီဟန်နှင့် ရပ်ကွက်အမှတ် ၉၄ မှ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ကို ရဲအထူးသတင်းတပ်ဖွဲ့ ဒုရဲအုပ် ဇော်မင်းဦး ဦးဆောင်သည့် အဖွဲ့က ယနေ့နံနက် ၇ နာရီခွဲတွင် နေအိမ်များမှ လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ဒဂုံမြို့သစ်က အဖွဲ့ချုပ်လူငယ် ကိုသီဟန်နဲ့ ကိုထိန်ဝင်းပါ။ အိမ်ကနေ မနက် ၇ နာရီခွဲမှာ ရဲသတင်းအထူးတပ်ဖွဲ့က ဒုရဲအုပ် ဇော်မင်းဦးက ခဏမေးစရာ ရှိတယ်ဆိုပြီး လာခေါ်သွားတယ်လို့ မိသားစုတွေက လာအကြောင်းကြားတယ်” ဟု အန်အယ်ဒီရုံးချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အာဏာပိုင်များက မည်သည့်ကိစ္စအတွက် စုံစမ်း စစ်ဆေးလိုသည်ဟု ပြောဆိုခြင်း မရှိဘဲ သူတို့အား ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မည်သည့်နေရာ၌ ထားရှိမှန်းပင် မသိရှိရသေးသောကြောင့် မိဘများက စိုးရိမ် ပူပန်နေရသည်ဟု မိသားစုများနှင့် နီးစပ်သူ လူငယ်တဦးက ပြောသည်။
သူက “ဘာကြောင့် ခေါ်မေးတယ်ဆိုတာကို မသိရပေမဲ့ ကြည့်ရတာ အဖွဲ့ချုပ်မှာ လတ်တလောက လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပြန်မေးပြီး အရေးယူဖို့လား၊ လွတ်လပ်ရေးနေ့က ထုတ်တဲ့ နံရံကပ် စာစောင်ကြောင့်လားတော့ မသိပါဘူးဗျာ” ဟု အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။
ပြီးခဲ့သည့် ၂၉ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဖြစ်သူ စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အာဏာပိုင်များက ခေါ်ဆောင်သွားသည်ဟု ယူဆသောကြောင့် မိသားစုဝင်များက သက်ဆိုင်ရာ ဌာနများသို့ လိုက်လံ မေးမြန်းသော်လည်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု မိသားစုက ပြောသည်။

No comments: