Wednesday, February 27, 2008

နေပြည်တော်အနီး မြို့ငယ်တခု တည်ဆောက်နေပြန်

မဇ္ဈိမသတင်းဌာန
ရန်ကုန်။ ။ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်အနီးရှိ ချင်းရွာလမ်းဆုံ ပတ်လည်တွင် မြေကွက် ၄ ထောင် ပါဝင်သော မြို့သစ်တခုကို ဖော်ထုတ်လျက် ရှိနေသည်ဟု နေပြည်တော်ရှိ မြို့တော် စည်ပင်သာယာရေးက ဆိုသည်။
မြို့တော်သစ် နေပြည်တော်၏ အနောက်မြောက်ဘက် မိုင် ၂ဝ ကျော်တွင်ရှိသော မြေကွက်များကို မည်သူမဆို ဝယ်ယူနိုင်မည် ဖြစ်ပြီး မြေကွက်ဈေးနှုန်းမှာ ပေ ၈ဝ ပတ်လည် မြေကွက်တကွက်လျှင် ကျပ်သိန်း ၂ဝ၊ ပေ ၁ဝဝ ပတ်လည်ကို သိန်း ၃ဝ၊ ပေ ၁၂ဝ ပတ်လည်ကို သိန်း ၄ဝ သတ်မှတ်ကာ ရောင်းချပေးနေသည်ဟု စည်ပင်သာယာရေး ဌာနက ပြောသည်။
“ရေမီးတွေကိုတော့ ကျနော်တို့ သတင်းစာမှာ ကြေညာထားတဲ့ အတိုင်းပဲ လုပ်ပေးသွားမှာပါ။ အခု ကျနော်တို့ မြေကွက်တွေကို စပြီး ရောင်းနေကြပါပြီ” ဟု စည်ပင်သာယာရေး လက်အောက်မှ မြေယာဌာန တာဝန်ရှိတဦးက ပြောသည်။
ရွာတော်မြို့နှင့်လည်း နီးသော ထိုမြေကွက်များကို ဝယ်ယူ နေထိုင်မည့် သူများအတွက် ရေ၊ လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်းနှင့် တီဗီလိုင်းများကို အဆင်သင့် တပ်ဆင်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ မြို့သစ် တည်ဆောက်ရာ နေရာအနီးတွင် အစိုးရ ဝန်ထမ်းများအတွက်လည်း မြေကွက်များကို ရောင်းချပေးနေပြီဟု နေပြည်တော်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
“နေရာကတော့ အဲဒီနားမှာပါပဲ။ သိပ်မဝေးဘူး။ ဝန်ထမ်းတွေကို သပ်သပ်ပေးတာပေါ့နော်။ ဝန်ထမ်းတွေက လုပ်သက် ၁ဝ နှစ် ရှိရမယ်။ နေပြည်တော်မှာ ၂ နှစ် လုပ်ရမယ်။ အဲဒီလူတွေကိုပဲ ရောင်းပေးမှာ” ဟု အဆိုပါ အရာရှိက ပြောသည်။
ဝန်ထမ်းများအတွက် ရောင်းချပေးနေသည့် မြေကွက်များမှာ ပေ ၄ဝ-၆ဝ ပတ်လည်အတွက် ကျပ်ငွေ ၃ သိန်း ပေးရမည်ဖြစ်ပြီး ပေ ၆ဝ ပတ်လည် မြေကွက်အတွက် ကျပ် ၈ သိန်း သတ်မှတ်ထားသည်။
ယခုဖော်ထုတ်နေသည့် မြို့သစ်မှာ လူစည်ကားခြင်း မရှိသေးသော်လည်း လာမည့် နှစ်အနည်းငယ်အတွင်း လူစည်ကားလာနိုင်မည်ဟု မျှော်လင့်ရသည်ဟူ၍ သူက ဆက်ပြောသည်။
ဆင်းရဲသော တိုင်းပြည်တွင် နအဖ စစ်အစိုးရသည် ကြိုတင် ကြေညာခြင်းမရှိဘဲ မြို့တော်သစ်တခု တည်ဆောက်ကာ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်၍ အစိုးရ ရုံးစိုက်ခဲ့ရာ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဝေဖန်မှု အကြီးအကျယ် ခံခဲ့ရသည်။

No comments: