Thursday, February 7, 2008

မြေလည်းသိမ်း ခြံဝန်းလည်း ခတ်ခိုင်းသေး

မောင်ဒီး

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ငွေဆောင်ရွာနှင့် ၆ မိုက်အကွာရှိ ၂၃ မိုင်စခန်းအနားတဝိုက်ရှိ မြေယာဧက ၅ဝဝ ကျော်အား အာဏာပိုင်တဦး၏ သမီးဖြစ်သူက ယမန်နှစ်က သိမ်းပိုက်ခဲ့ပြီးနောက် ယခု ရက်ပိုင်းအတွင်း ခြံဝန်းများ ခတ်ရာတွင် ဒေသခံများအား အဓမ္မ ခိုင်းစေနေသည်။

စစ်အရာရှိကြီး တဦးဖြစ်သူ ဗိုလ်ချုပ် ခင်မောင်သန်း၏ သမီးက ဖခင်၏ ရာထူး အရှိန်အဝါဖြင့် ၂၃ မိုင်စခန်း အနီးတဝိုက်ရှိ ဒေသခံများ၏ မြေယာဧက ၅ဝဝ ကျော်အား နစ်နာကြေး မပေးဘဲ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလက သိမ်းပိုက်ခဲ့ပြီး ရော်ဘာစိုက်ပျိုးခဲ့ရာ ခြံဝန်းများ ကာရံရန်အတွက် လိုအပ်သော သစ်များအတွက် ဒေသခံများကို အတင်းအကျပ် လိုက်လံ ရှာဖွေခိုင်းခြင်း ဖြစ်သည်။

“ကျနော်တို့ ရပ်ရွာလူတွေကို လက်ရှိသွားနေတဲ့ အခင်းတွေကို ဖြတ်တဲ့ လူသွားလမ်းတွေကို ပိတ်တယ်။ ပိတ်ပြီးလို့ရှိရင် ကျွဲနွားရှိတဲ့လူ ဆိုရင် ကျွဲတရှဉ်းမှာ သစ်တတန်ခွဲ၊ နွားတရှဉ်းမှာ သစ်တတန်ခွဲ ရှာခိုင်းပြီး ကျွဲနွားမရှိတဲ့ လူဆိုရင် မျှောတရာ၊ အလကားခိုင်းတာ။ မလုပ်ရင် ဒီလမ်းက မသွားရဘူးဆိုပြီး ပြောတာ” ဟု အခိုင်းစေခံခဲ့ရသူ လယ်သမားတဦးက ပြောသည်။

ခြံဝန်းကာရံရန်အတွက် ကျွဲနွားရှိသူများက အခမဲ့ ရှာဖွေပေးရသည့် သစ်တတန်သည် ကာလတန်ဖိုးအရ ၄ သောင်းခန့် ရှိနေပြီး သစ်မပေးနိုင်ပါက နွားပိုင်ရှင်မှာ ငွေကျပ် ၄ သောင်း၊ ကျွဲပိုင်ရှင်မှာ ငွေကျပ် ၆ သောင်း ပေးနေရကြောင်း သူက ပြောသည်။

အဆိုပါ သိမ်းပိုက်ခံရသည့် မြေနေရာများတွင် ယခင်က ယာထွက်သီးနှံများဖြစ်သော ငှက်ပျောပင်၊ ပိန္နဲပင်၊ သရက်၊ ရှောက်ပင်၊ မကျည်းပင်၊ မာလကာ၊ အုန်းပင် စသည့် သီးပင်များကို ဒေသခံများက စိုက်ပျိုးခဲ့ကြသည်။

မြေပိုင်ရှင်များအနေနှင့် တနှစ်လျှင် အနည်းဆုံး ကျပ်ငွေ သိန်း ၃ဝ အထက် ဝင်ငွေရခဲ့သည့် သူတို့ ပိုင်ဆိုင်ခဲ့သော မြေနေရာများအား ရာထူး အရှိန်အဝါဖြင့် အဓမ္မ သိမ်းပိုက်ပြီး နစ်နာကြေး မပေးသည့်အတွက် မကျေမနပ် ဖြစ်နေကြပြီး အထက်သို့ တိုင်ကြားရန်လည်း ပြင်ဆင်နေကြသည်။

No comments: