Friday, February 1, 2008

တိုက်ပွဲ ဆက်လက်နွှဲမည်ဟု ကရင်ခေါင်းဆောင်များ ပြောကြား

နေသွင်

ချင်းမိုင်။ ။ တိုင်းရင်းသားအားလုံး၏ တန်းတူ အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များက သံဓိဌာန်ပြု ပြောကြားလိုက်သည်။
ထိုင်း-မြန်မာ နယ်စပ်အနီး သောင်းရင်းမြစ်ဘေးရှိ ကေအင်ယူ၏ စစ်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (ကေအန်အယ်အေ) ဌာနချုပ်၌ ကျင်းပသည့် ၅၉ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့တွင် ပြောဆိုကြခြင်း ဖြစ်သည်။
ကေအန်ယူ ဥက္ကဋ္ဌ ပဒိုစောဘသင်စိန်က “ပြည်သူလူထု၏ အပြည့်အဝ ထောက်ခံမှုကြောင့် တရားသော ကရင့်တော်လှန်ရေးသည် ယခုတိုင် လက်နက် စွဲကိုင်နိုင်ခြင်း ဖြစ်တယ်။ အခြား တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်မှန်သော ပြည်ထောင်စုကြီးကို တည်ဆောက်သွားမယ်” ဟု အခမ်းအနားတွင် ပြောဆိုသည်။
နံနက် ၇ နာရီတွင် စစ်ရေးပြ အခမ်းအနားနှင့် ကရင်အမျိုးသားရေး သီချင်း သီဆိုခြင်းတို့ဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ စစ်ဦးစီးချုပ် မူးတူးစေးဖိုးနှင့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာတို့နှင့်အတူ မဟာမိတ်ခေါင်းဆောင်များကလည်း တက်ရောက်ခဲ့ကြသည်။
ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုအာတိုးက “အခုဆိုရင် တော်လှန်ရေးနေ့ ၅၉ နှစ်ရှိပြီ။ ကရင်တွေရဲ့ ရပိုင်ခွင့် လုပ်နေပါတယ်။ ဒါ တခုတည်း မဟုတ်ပါဘူး၊ တိုင်းရင်းသား အခွင့်အရေးတွေလည်း ပါပါတယ်။ ကျနော်တို့က ဆက်လက်ပြီး တိုက်ပွဲဝင်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုယ်စား ဦးအောင်စောဦးကလည်း မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးသူမှာ စစ်အုပ်စုသာ ဖြစ်ကြောင်းနှင့် လက်ရှိစစ်အုပ်စုသည် စစ်အာဏာရှင်စနစ် ဆက်လက် တည်မြဲရေးအတွက် ကြိုးပမ်းနေကြောင်း အခမ်းအနားတွင် ပြောဆိုသွားသည်။
“တိုင်းရင်းသား အင်အားစုတွေရော၊ ဒီမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဘာမှ ပြဿနာမရှိပါဘူး။ ပြဿနာ ဖြစ်နေတာက ဒီကနေ့ နအဖ လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း။ တိုင်းရင်းသား အားလုံးက လက်မခံနိုင်ဘူး။ အဲဒီ နအဖ အမျိုးသားညီလာခံက အတည်ပြုလိုက်မယ်ဆိုတဲ့ အခြေခံမူကြမ်း ၁ဝ၄ ချက်ဟာ အာဏာရှင် ထာဝရတည်မြဲရေး ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက် ဒီမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေရော၊ တိုင်းရင်းသား အင်အားစုတွေရော လုံးဝ လက်မခံနိုင်ဘူး” ဟု သူက ဆိုသည်။
မဟာမိတ် အဖွဲ့အစည်းများမှ ဧည့်ပရိသတ် ၁၅ဝဝ ခန့် တက်ရောက်လာသော ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကေအန်အယ်အေ တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်ချုပ်ဂျော်နီကို သူရဲကောင်း ဘွဲ့တံဆိပ် အပ်နှင်းခဲ့သလို၊ နံနက် ၉ နာရီခွဲတွင် သေနတ်ပစ်ဖောက်ခြင်း၊ ကရင်ရိုးရာ ဒုံးယိမ်းအက တို့ဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

No comments: