Wednesday, February 27, 2008

တရုတ်-မြန်မာနယ်စပ်တွင် ရမ်ဘို ဇာတ်ကားသစ် အရောင်းသွက်

မျိုးကြီး

ရွှေလီ။ ။ မြန်မာပြည်တွင်း၌ တင်းကျပ်စွာ တားမြစ်ထားသည့် ရမ်ဘိုအပိုင်း-၄ ရုပ်ရှင်ဇာတ်ကား ဒီဗီဒီခွေများကို တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီနှင့် ကြယ်ခေါင်ရှိ ဒီဗီဒီ အရောင်းဆိုင်များတွင် ရောင်းအားကောင်းနေသည်။
ယခုလ ဒုတိယပတ်မှ စတင်ကာ ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် ရမ်ဘိုအပိုင်း-၄ ဒီဗီဒီခွေများ စတင် ရောင်းချလာခဲ့သ်ာလည်း မြန်မာနှင့် ထိစပ်သည့် နယ်စပ်မြို့များရှိ ဒီဗီဒီ အရောင်းဆိုင်များသို့ ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ပထမအသုတ်အဖြစ် ခွေပေါင်း ၄ဝဝ ခန့် ရောက်ရှိလာရာ ဆိုင်ပေါ်ရောက်သည်နှင့် အကုန်အစင် ဝယ်ယူသွားကြသည်။
“တခွေကို ၁ဝ ယွမ်နဲ့ ရောင်းတာ။ အများကြီးဝယ်ရင်တော့ ဈေးနဲနဲ လျော့ပေးတယ်။ ခွေအရောင်းဆိုင်က ပြောပြတာက ရွှေလီကို ခွေ ၄ဝဝ ပထမအသုတ် ရောက်တယ်ပေါ့။ ရောက်ရောက်ခြင်းပဲ ရောင်းကုန်သွားပြီ။ အခု နဲနဲခြင်းပဲ ပြန်ရောက်လာတယ်။ အခုဆို ခွေက ထောင်ဂဏန်းလောက်တော့ ဝယ်သွားကြပြီ” ဟု တရုတ် ဒီဗီဒီ ဝယ်ယူခဲ့သူ မြန်မာလူငယ် တဦးက အရောင်းဆိုင်ရှင် တဦး၏ ပြောဆိုချက်ကို ကိုးကားကာ ပြန်ပြောပြသည်။
ဟောလိဝုဒ် မင်းသားကြီး စတားလုံး သရုပ်ဆောင်ထားသည့် အမေရိကန် စစ်ပြန် တိုက်ခိုက်ရေးသမား ရမ်ဘိုအပိုင်း-၄ ဇာတ်ကားကို တရုတ်နယ်စပ် နေထိုင်သည့် မြန်မာလူမျိုးများ သာမက တရုတ်များကပါ စိတ်ဝင်တစား ဝယ်ယူ အားပေးနေကြသည်။
“တရုတ်တွေ များများကြည့်တော့ ပိုကောင်းတာပေါ့။ မြန်မာတွေ ဘယ်လောက် ဒုက္ခတွေ ရောက်နေတယ် ဆိုတာ တရုတ်ပြည်သူတွေ သိသွားတာပေါ့။ နောက်ပြီး တရုတ်အစိုးရက ဒီလောက် ရက်စက်တဲ့ အစိုးရကို ထောက်ခံနေတယ် ဆိုတာ တရုတ်ပြည်သူတွေ ခံစားနားလည်နိုင်မယ်” ဟု တရုတ်နယ်စပ်ရှိ မြန်မာ့စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။
သူက “တိုင်းပြည်ထဲမှာ ဗမာစစ်တပ်ရဲ့ ရက်ရက်စက်စက် လုပ်နေတဲ့ဟာတွေ အများကြီးထဲက အကွက်ကလေး တကွက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီကားထဲမှာ စစ်တပ်က သေနတ်နဲ့ ပစ်သတ်တာလောက်ပဲ ရိုက်ပြထားတာပါ။ တိုင်းရင်းသား နယ်စွန်နယ်ဖျားတွေမှာ ရင်ခွဲပြီး နေလှမ်းထားတာတို့၊ ရွာသူကြီးကို ဒုတ်နဲ့ ရိုက်သတ်တာတို့ ဒါတွေ ကိုယ်တွေ့ မြင်ခဲ့ရတာပဲ။ စစ်တပ်က တပ်မတော်သားတွေ သိစေချင်တာကလည်း ဒီဦးထုပ်ဆောင်း၊ ဒီယူနီဖောင်း ဝတ်ပြီး ဒီအုပ်ချုပ်ရေးအောက်မှာ စစ်တပ်ကို ဒီလိုဖြစ်အောင် မွေးထာတာပဲ” ဟု ဆက်ပြောသည်။
ယခုလို ရမ်ဘို ဇာတ်ကားကို လူကြိုက်များပြီး၊ ရောင်းကောင်းနေချိန်တွင် မြန်မာဒေသ အာဏာပိုင်များက မူဆယ်-မန္တလေး ကားလမ်းရှိ ဂိတ်များတွင် ခရီးသည်များကို တင်းကျပ်စွာ ရှာဖွေ စစ်ဆေးနေကြောင်း လားရှိုးမှ ပြန်လာသည့် မြန်မာကုန်သည်တဦးက ပြောပြသည်။
မြန်မာပြည်တွင် ရမ်ဘိုအပိုင်း-၄ ခွေများကို ကြည့်ရှုသူနှင့် လက်ဝယ် တွေ့ရှိသူများကို ထောင်ဒဏ် ၄ နှစ်နှင့် ရောင်းဝယ် ဖောက်ကားသူများကို ထောင်ဒဏ် ၈ နှစ်မှ ၁၂ နှစ်အထိ အရေးယူမည်ဟု သတိပေးချက်များ ရှိနေသော်လည်း မြန်မာပြည် အထက်ပိုင်း မြို့ကြီးများအထိ ရမ်ဘိုဇာတ်ကားကို ကြည့်ရှုအားပေးသူ များပြားလျက်ရှိကြောင်း သိရသည်။
ဇာတ်ကားတွင် ဟောလိဝုဒ် မင်းသား စတားလုံးက အမေရိကန် စစ်တပ်မှ ဗီယက်နမ် စစ်ပြန်ကြီး၊ ဂျွမ်ရမ်ဘိုအဖြစ် ပါဝင် သရုပ်ဆောင်ထားကာ မြန်မာ နယ်စပ်ဒေသတွင် သာသနာပြုသည့် အဖွဲ့အား နအဖ စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ဝင်ရောက် ကယ်တင်သည့် အက်ရှင်ဇာတ်ကြမ်းအဖြစ် ဇာတ်အိမ်ဖွဲ့ထားသည်။

No comments: