Tuesday, November 27, 2007

HRDP အဖွဲ့ဝင်တဦး အဖမ်းခံရ

မောင်ဒီး
ရန်ကုန်မြို့ရှိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) မှ အဖွဲ့ဝင်တဦး ဖြစ်သူ ကိုအောင်ဇော်ဦးကို ယနေ့နေ့လည်က မြို့တွင်းရှိ လ္ဘက်ရည်ဆိုင် တခုတွင် အာဏာပိုင်ဟု ယူဆရသူ အရပ်ဝတ် ၂ ဦးက ဖမ်းဆီးသွားခဲ့သည်။
မြန်မာပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းများကို မှတ်တမ်းရယူပြီး လူ့အခွင့်အရေး အခြေခံ သဘောတရားများကို လူထုထံ လိုက်လံရှင်းလင်း သင်ကြားပေးနေသည့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (HRDP) အဖွဲ့ဝင် အများအပြားကို နအဖ အာဏာပိုင်များက အငြိုးအတေးထား ဖိနှိပ်နေခဲ့ပြီး ယခုတဖန် အဖွဲ့ဝင်တဦးကို အကြောင်းပြချက် မရှိဘဲ လူမြင်ကွင်းတွင် ပုခုံးဖက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ဒီကနေ့ ၁ နာရီလောက်က ဖမ်းသွားတယ်။ သူ့ကို မြို့ထဲက ၃၉ လမ်းထိပ်က ပန်းမြို့တော် လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်းကို သူ့ကို လူ ၂ ယောက် လာဖမ်းတယ်။ သူ့မျက်စောင်းထိုး စားပွဲက ထလာပြီး သူ့ကို ဖမ်းသွားတယ်။ ပုခုံးဖက်ပြီး ဖမ်းသွားတယ်။ အဲဒီ ၂ ယောက်ထဲက တယောက်က ဘောင်းဘီတို ဝတ်ထားတယ်၊ စပို့ရှပ် ဝတ်ထားတယ်။ နောက်တယောက်က ပုဆိုးနဲ့ ရှပ်အင်္ကျီနဲ့လို့ ကြားရတယ်” ဟု HRDP ခေါင်းဆောင် ဦးမြင့်အေးက မဇ္ဈိမကို ပြောသည်။
ဘိုကလေးဇာတိဖြစ်သူ ကိုအောင်ဇော်ဦးသည် ယခု ရန်ကုန်တွင် နေထိုင်သူဖြစ်ပြီး ယခုလာမည့် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို HRDP က ဦးဆောင်ကျင်းပမည် ဖြစ်သဖြင့် လှုပ်ရှား ဆောင်ရွက်မည့် အဖွဲ့ဝင်အင်အား လျော့သွားစေလိုသောကြောင့် ယခုလို ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဦးမြင့်အေးက ဆက်ပြောသည်။
လူ့အခွင့်အရေး အခြေခံပညာကို လိုက်လံ ဝေဌခဲ့သည့် HRDP ဦးမြင့်အေး အပါအဝင် အဖွဲ့ဝင်များကို ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က ဟင်္သာတမြို့နယ် အုတ်ဖိုကျေးရွာတွင် ရပ်ရွာ အာဏာပိုင်များ ပါဝင်သည့် လူအင်အား ၁ဝဝ ခန့်က ဒေသအာဏာပိုင်များ ရှေ့မှောက်တွင် အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေးတို့သည် အပြင်းအထန်စွာ ဒဏ်ရာရရှိကာ၊ အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ဖြေရှင်းပေးခြင်း မရှိဘဲ ကိုမြင့်နိုင်နှင့် ရွာခံ HRDP အဖွဲ့ဝင် ၆ ဦးကို ရပ်ရွာဆူပူရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
သည့်အပြင် ပြည်မြို့ရှိ ကျူရှင်ဆရာ မင်းမင်းကိုလည်း လူ့အခွင့်အရေး ဆွေးနွေးပွဲအတွက် သူ၏ အခန်းကို အသုံးပြုခွင့် ပေးခဲ့သောကြောင့် ကျူရှင် အက်ဥပဒေဖြင့် ဒဏ်ငွေ ၃ သောင်း၊ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ပြီး၊ ပြည်ပ မီဒီယာများနှင့် ဆက်သွယ် ပြောဆိုသည်ဟုဆိုကာ အခြားမြို့နယ်များမှ HRDP အဖွဲ့ဝင်များကိုလည်း ဖမ်းဆီး ထောင်ချခဲ့သဖြင့် အဖွဲ့ဝင် ၁ဝ ဦးထက်မနည်း ဖမ်းဆီးထောင်ချ ခံနေရသည်ဟု သိရသည်။
ဦးမြင့်အေးက “ကျနော်တို့ကို အမှည့်ခြွေခြွေနေတာ။ ကျနော်တို့ HRDP အဖွဲ့ဝင်တွေကို အကြောင်း အမျိုးမျိုးပြပြီး စွဲချက်အမျိုးမျိုးနဲ့ လုပ်နေတာကို တွေ့နေရတယ်ဗျ။ လူ့အခွင့်အရေး လုပ်နေတဲ့လူတွေကို ဒီလို လုပ်နေတယ်ဆိုရင် ကျနော်တို့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အနာဂတ်အတွက် တော်တော် ရင်လေးပါတယ်။ တော်တော်လည်း စိတ်ပူပါတယ်” ဟု ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုဝံ့ပြီး အာဏာပိုင်များ၏ ရက်ပေါင်း ၇ဝ ဖမ်းဆီးထားခြင်းမှ မကြာသေးခင်က ပြန်လွတ်လာသူ ဦးမြင့်အေး၏ နေအိမ်အနီးတွင်လည်း သူ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသူများ ရှိနေသည်ဟု သိရသည်။
“ကျနော်က အပြင်မှာ နေရတာ တနှစ်ပြည့်အောင် နေရတာ ခပ်ရှားရှားပါ။ လာခေါ်လိုက်၊ သွားလိုက် ဝင်လိုက် ထွက်လိုက်နဲ့။ တခါခေါ်ရင် တနှစ်လောက်ကြာတယ်။ ၉၈ တုန်းကလည်း တနှစ်လောက်ကြာတယ်။ ကျနော် ပြန်လာတုန်းက မီဒီယာကို ပြောပြီးသားပါ။ ကျနော် အဖမ်းခံရတာ ၇ ကြိမ်ရှိသွားပါပြီလို့။ ကျနော်တို့ဟာ ခြင်းထဲက ကြက်တွေပါ။ ခြံထဲပြန်လွှတ်တာပါ။ အချိန်မရွေး ပြန်ဖမ်းခံရမှာပါ” ဟု ဦးမြင့်အေးက ပြောဆိုလိုက်သည်။

No comments: