Tuesday, November 27, 2007

ကလေးမြို့မှ ဆန္ဒပြခေါင်းဆောင် ကိုဝင်းကျော် ၆ ကြိမ်မြောက် အမှုရက်ချိန်း

ထိန်လင်း
စစ်ကိုင်းတိုင်း ကလေးမြို့မှ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ ကိုဝင်းကျော် ခေါ် မိုက်ကယ်ဝင်းကျော်ကို ဖမ်းဆီးထားရာမှ သူ၏အမှုကို ယခုလ ၂၃ ရက်နေ့တွင် မြို့နယ်တရားရုံးက ၆ ကြိမ်မြောက် ချိန်းဆိုလိုက်သည်။
စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့သည့် ကလေးမြို့ သံဃာလူထု ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် ၂၅ ရက်နေ့တွင် ဒေသ အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည့် ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သူ ကိုဝင်းကျော်ကို ပုဒ်မ ၅ဝ၅ (ခ) - တိုင်းပြည်ကို ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ဖန်တီးမှုဖြင့် တရားစွဲဆိုထားပြီး ယခုလ ၂၃ ရက်နေ့တွင် မြို့နယ်တရားရုံးမှ အမှုရက်ချိန်းကို ယခုလ ၂၈ ရက်နေ့သို့ ၆ ကြိမ်မြောက်အဖြစ် ထပ်မံ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
“အက်ပီ အထူးသတင်း ရဲတပ်ဖွဲ့မှူး ဦးမြဒင် က ရုံးလာပြီး အစစ်အဆေးမခံဘူး။ သူနဲ့ ရုံးချိန်းတာ ၄ ခါရှိပြီပေါ့နော်။ သူနဲ့ အဆင်မပြေတာ။ ရုံးချိန်းရက်က အားလုံးပေါင်းဆိုရင် အခု ၆ ကြိမ်ရှိပြီ။ ၂၃ ရက် ရုံးချိန်းတုန်းက မစစ်ဆေးဘဲနဲ့ ပြန်ပို့တယ်။ အဲဒီနေ့က ဘုန်းကြီးတွေကလည်း တရားရုံးမှာလာပြီး မေတ္တာသုတ်တွေ ရွတ်ပြီး အားပေးကြတော့ ကိုဝင်းကျော်တို့ကို မစစ်ဆေးတော့ဘဲ နေ့လည် ၂ နာရီလောက်မှာ ထောင်ကြီးချုပ်ကို ပြန်ပို့လိုက်တယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “အက်ပီက မြဒင်နဲ့လည်း လာတဲ့ ပရိတ်သတ်နဲ့ မကျေမလည် ဖြစ်သွားတယ်။ သူက ပိုက်ဆံမပေးလို့ သက်သေ မခံတာလား မသိပါဘူးဗျာ။ မြို့နယ် ရဲတပ်ဖွဲ့မှူးကတောင် သက်သေ ထွက်ပေးတာ။ သူက ဘာမို့လို့ သက်သေ ထွက်မပေးရတာလည်း ဆိုပြီးတော့ ဒေါသဖြစ်ကြတာပေါ့” ဟု ပြောသည်။
ထောင်ဝင်စာတွေ့ရာတွင် ကိုဝင်းကျော်ကို တွေ့ခွင့်မပေးသော်လည်း ယူဆောင်သွားသည့် ပစ္စည်းများကိုမူ ပေးသွင်းခွင့် ပြုကြောင်းနှင့် စက်တင်ဘာ ဆန္ဒပြပွဲအတွင်း သူနှင့်အတူ တနေ့ထဲ ဖမ်းဆီးခံခဲ့ရသူ ဦးဘမင်း၊ ဦးမြင့်သိန်း၊ ဦးညိုမြတို့ကိုလည်း သူ့အမှုတွဲတွင် ထည့်သွင်းထားကြောင်း သိရသည်။
ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုး ပြန်သွားပြီးနောက် ယခုလ ဒုတိယပတ်အတွင်း နိုင်ငံတဝှမ်းမှ အကျဉ်းသား အချို့ကို စစ်အစိုးရက လွှတ်ပေးခဲ့ရာတွင် ကလေးအကျဉ်းထောင်မှ ၅၆ ဦး ပြန်လွှတ်ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
“အကျဉ်းသား ၅၆ ယောက် လွှတ်တယ်။ အမျိုးသမီး ၁၈ ယောက် လွတ်တယ်။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား တယောက်မှ မပါပါဘူး။ ခိုးဆိုးနှိုက်တွေပဲ လွှတ်တာပါ။ ကျနော် သိရသလောက်တော့ ကလေးထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ လောလောဆယ် ရောက်နေတာကိုက ညောင်တုန်းက ၂ ယောက်၊ မတ္တရာက ၂ ယောက်နဲ့ ပျော်ဘွယ်က ဦးအေးချိုဆိုသူ ရှိတယ်” ဟု ဒေသခံတဦးက ပြောပြသည်။

No comments: