Thursday, November 1, 2007

ပခုက္ကူ သံဃာတော်များကို ထိန်းရန် ဂေါပကများကို အာဏာပိုင် မေတ္တာရပ်

မဇ္ဈိမသတင်းဌာန
Thursday, 01 November 2007 14:02 - မြန်မာစံတော်ချိန်
မြန်မာပြည် အလယ်ပိုင်း ပခုက္ကူမြို့တွင် ယမန်နေ့က သံဃာတော်များ ဆန္ဒပြမှုအပြီး အာဏာပိုင်များက မြို့နယ် ဂေါပက အဖွဲ့ဝင်များကို ခေါ်ယူကာ သံဃာတော်များကို ထိန်းသိမ်း ပေးပါရန်အတွက် မေတ္တာ ရပ်ခံခဲ့သည်။
မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ သိန်းဆွေက ဘုန်းကြီးကျောင်းများ အုပ်ချုပ်ရေး ကော်မတီ ဖြစ်သည့် ဂေါပက အဖွဲ့ဝင်များကို ယမန်နေ့ နေ့လည်က ဆင့်ခေါ်ကာ ဆန္ဒပြပွဲ ဆက်လက် မဖြစ်ပွားရန် အတွက် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
“ဥက္ကဌက အဓိကအားဖြင့် ဂေါပကကို ပြောတာက သံဃာတွေကို ထိန်းပေးဖို့နဲ့ နောက်တကြိမ် ဆန္ဒပြမှုမျိုး မဖြစ်အောင်လို့ပါ” ဟု အမည်မဖော်လိုသူ ဒေသခံ သံဃာတော် တပါးက ပြောကြားသည်။
ယမန်နေ့က သံဃာတော် ၇၃ ပါးက နောက်တကြိမ် စုဝေး ဆန္ဒပြခြင်းအားဖြင့် မြန်မာ စစ်အစိုးရကို ပွင့်လင်းစွာ ဖီဆန်ခဲ့သည်။ ဤသည်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ များကို နအဖ က အကြမ်းဖက် နှိမ်နင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယမန်နေ့က ဆန္ဒပြပွဲကို သံဃာတော်များ ပိုမို ပူးပေါင်းကာ ထပ်မံ၍ အရှိန်မြှင့်လာနိုင်ခြင်းနှင့် တိုင်းပြည်၏ အခြား နေရာများသို့ပါ ပြန့်နှံ့လာကာ တိုင်းပြည်တဝှမ်း သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများအဖြစ် ကူးစက်သွားမည်ကို အာဏာပိုင်များက စိုးရိမ်ခဲ့သည်။
သို့သော်လည်း ပခုက္ကူတွင် တည်ရှိသည့် ဘုန်းကြီးကျောင်းတိုက်ကြီး ၄ ခုမှ သံဃာတော်များ အနေဖြင့် မိမိတို့၏ အသက်ကို ပဓာန မထားဘဲ ဆက်လက်၍ တိုက်ပွဲဝင်သွားမည့် အနေအထားရှိကြောင်း အဆိုပါ သံဃာက ဆက်လက် မိန့်ကြားခဲ့သည်။

No comments: