Tuesday, November 27, 2007

အနက်ရောင်အင်္ကျီဝတ် ကျောင်းသားများ၏ ခုံနံပါတ် မှတ်သားခံရ

မောင်ဒီး
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် စာမေးပွဲ ဖြေဆိုနေသည့် အဝေးသင် တက္ကသိုလ်တွင် အနက်ရောင်အင်္ကျီ ဝတ်ဆင်သူများ၏ ခုံနံပါတ်များကို အခန်းစောင့် ဆရာ၊ ဆရာမများက ရယူမှတ်သားနေကြောင်း သိရသည်။
စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သံဃာတော်များနှင့် ပြည်သူများအပေါ် နအဖ စစ်အစိုးရမှ အကြမ်းဖက်သည်ကို ဆန့်ကျင်သည့် အနေဖြင့် အနက်ရောင်အင်္ကျီ ဝတ်ဆင်လာမည်ဟု သတင်းကြားသဖြင့် စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမများက အနက်ရောင်ဝတ် ကျောင်းသားများ၏ ခုံနံပါတ်များကို တိတ်တဆိတ် မှတ်တမ်း တင်နေသည်ဟု အဝေးသင် ကျောင်းသားများက ပြောဆိုကြသည်။
“ဘယ်ခုံနံပါတ်နဲ့ ဘယ်ကျောင်းသား၊ ဘယ်နာမည်က ဘယ်နေ့မှာ အနက်ရောင် ဝတ်လာတယ်။ ဥပမာ တနင်္လာနေ့ ဝတ်လာတယ် ဆိုရင် နောက်နေ့မှာလည်း ထပ်ဝတ်လာသလား ကြည့်တယ်။ အဲလို စာမေးပွဲဖြေတဲ့ ရက် ၆ ရက်ရှိရင် ၆ ရက်လုံး ဝတ်လာတဲ့ ကျောင်းသားကို စာမေးပွဲ ပေးမအောင်ဘူး၊ ကျောင်းထုတ်ပစ်မယ် ဆိုတဲ့ အမိန့် ထုတ်ထားတယ်လို့ ကြားတယ်” ဟု အဝေးသင် ကျောင်းသားတဦးက မဇ္ဈိမကို ပြောသည်။
စာမေးပွဲကို ယခုလ ၂၁ ရက်နေ့မှ စတင်ဖြေဆိုခြင်း ဖြစ်ပြီး ယခုလို လုပ်ရန်အတွက် အထူးသတင်း ရဲတပ်ဖွဲ့က ဆရာ၊ ဆရာမများကို အမိန့်ပေးထားခြင်း ဖြစ်သည်ဟု ကျောင်းသားများက ယူဆနေကြသည်။
“ခေါ်ယူ လက်မှတ်ထိုးခိုင်းရုံလောက်နဲ့တော့ ပြဿနာမရှိဘူး။ အခုဟာက လျှို့ဝှက်စောင့်ဆိုင်း၊ စောင့်ကြည့်ပြီးတော့ စာမေးပွဲ ချတာတို့၊ ကျောင်းထုတ်တာတို့ အဲလိုအပြစ်တွေ တိုက်ရိုက်ပေးမှာ။ ကျနော်ကတော့ အဲလိုကြားတယ်”ဟု အခြား ကျောင်းသားတဦး ကလည်း ပြောသည်။
အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသည် ပြီးခဲ့သည့် ၂၄ ရက်နေ့ကလည်း ရန်ကုန်တဖက်ကမ်း သန်လျင်မြို့နေ ကျောင်းသားများ၏ ဦးဆောင်မှုအောက်တွင် သန်လျင်ရှိ ကျိုက်ခေါက်ဘုရား၌ အစဉ်အလာ ရှိသည့်အတိုင်း တန်ဆောင်တိုင် လပြည့်နေ့တွင် စတုဒီတာကျွေးရန် စီစဉ်ခဲ့သော်လည်း သန်လျင်ရေတပ် တပ်ဆွယ်မှူးက ဘုရားဂေါပကကို ကြိုတင် ဖိအားပေးထားသောကြောင့် ဂေါပကများက ခွင့်မပြုသဖြင့် အလှူကို ဖျက်သိမ်းလိုက်ရပြီး တက္ကသိုလ် ကျောင်းသားများသည် မကျေမနပ် ဖြစ်ခဲ့ရသည်ဟု ပြည်တွင်းမှ အဝေးသင် ကျောင်းသားများမှ ပေးပို့လာသော စာတစောင်အရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းတပုဒ်အရ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် Botany (ရုက္ခဗေဒ) ဌာနတွင် စာမေးပွဲဖြေနေသည့် ကျောင်းသားများ၏ လှုပ်ရှားမှုကို စောင့်ကြည့် သတင်းယူရန်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ ထောက်ခံစာပြကာ ဝင်ရောက်လာသူ တဦးကို အဆိုပါ ဌာနတွင် ကျူတာအဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။
သံဃာနှင့် လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက တက္ကသိုလ်ကျောင်း စာမေးပွဲများကို နောက်ဆုတ်ခဲ့ပြီး တက္ကသိုလ် ကျောင်းဖွင့်ချိန်ကိုလည်း ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလဆန်းသို့ ရွှေ့ပြောင်းလိုက်သည်ဟုလည်း ကျောင်းသား သတင်းရပ်ကွက်အရ သိရသည်။
“စက်တင်ဘာလ ဘုန်းကြီးတွေ လှုပ်ရှားမှုကြောင့် ကျောင်းတွေကို နောက်ဆုတ်လိုက်တယ်။ စာမေးပွဲတွေလည်း နောက်ဆုတ်လိုက်တဲ့အတွက် ပုံမှန် ကျောင်းတက်ချိန်တွေလည်း နောက်ဆုတ်သွားမယ်လို့ ထင်တယ်လေ။ ဒီဇင်ဘာ ၁ဝ ရက်နေ့ (နိုင်ငံတကာ လူ့အခွင့်အရေးနေ့) ဆိုတာကလည်း ကျောင်းသား လှုပ်ရှားမှု ရှိနေကျဆိုတော့ အဲဒါကိုလည်း ရှောင်မယ်ထင်တယ်။ တရားဝင် ထုတ်ပြောတာတော့ မရှိဘူး။ ကြားထားတာကို ပြောပြတာပါ” ဟု တက္ကသိုလ် ကျောင်းသားတဦးက ဆက်ပြောသည်။

No comments: